CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့သွားသည့် အမ်း - ပဒါန်း ကားလမ်းကို AA က သွားလာခွင့် ပိတ်ထားသည့်အတွက် အမ်းမြို့နယ်၌ ဆန် အပါအဝင် စားသောက်ကုန် ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် အမ်းမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ တခြားသော မြို့နယ်များ သို့ ဖြတ်သန်းသွားလာခွင့်ကို မြန်မာ့တပ်မတော်ဘက်က ပိတ်ထားခဲ့သည်။

ထို့နောက် ဧပြီလဆန်းပိုင်းတွင် မင်းဘူးမြို့နယ်နှင့် အမ်းမြို့နယ်ကို ဆက်သွယ်ထားသည့် အမ်း - ပဒါန်း ကားလမ်း ကို AA က ထပ်မံ ပိတ်လိုက်ခြင်းကြောင့် အမ်းမြို့နယ်သို့ ဆန်ဝင်ရောက်မှုမရှိ ဖြစ်သွားသည်။

အမ်းမြို့နယ်သည် တခြားသော မြို့နယ်များမှ ဆန်နှင့် စားသောက်ကုန်ကို အဓိက အားထားနေရခြင်းဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့်လည်း ဆန်ကို ကြိုတင်သိုလှောင်ထားနိုင်သည့် အနေအထား မရှိသည့်အတွက် လက်ရှိတွင် ဆန်ပြတ်လပ်မှု ဖြစ်ပေါ်နေသည်ဟု အမ်းမြို့နယ်မှ ဆန်ကုန်သည် ဦးမောင်သိန်းက CNI သတင်းဌာနသို့ ပြော သည်။

 အမ်းမြို့ဒေသခံများကို ဆန်ခွဲတမ်းဖြင့် ရောင်းပေးနေစဉ်

၎င်းက “ဆန်က အဝင်မရှိဘူး။ မင်းဘူးဘက်ကလည်း မဝင်ရဲဘူးတဲ့။ ဟိုဘက်လမ်းတွေကလည်း ဖြတ်ထားတယ် ဆိုတော့ အမ်းမှာ ငတ်ကုန်ပြီ။ ဒီဘက်လမ်းမှာလည်း ကားတွေအသွားအလာ ဘာမှ မရှိတော့ဘူး။ သူတို့ကနေပြီး တော့ ကားတစ်စီးမှာ ကုန်သည်ဘယ်နှယောက် ပေါင်းပြီးတော့ တစ်ခေါက်တင်ပြီဆိုရင် ကားတစ်စီးမှာ ကုန်သည် ၅ ယောက်ဆို ၅ ယောက်၊ တစ်ခါတလေ ၆ ယောက်ပါတယ်။ လူတစ်ယောက်ကို အိတ် ၅၀ ရတယ်။ ဆန်အိတ် ၅၀ ကို မျှရောင်း၊ ကုန်ရင် တစ်ခါတင်။ အခု လမ်းတွေ ပိတ်ထားတော့ ဆန်တွေ မရှိတော့ဘူးလေ။ ပြောမယ်ဆိုရင် အခံရှိတဲ့သူကတော့ ၁ အိတ်စ၊ ၂ အိတ်စ ဝယ်ပြီးစားနိုင်တဲ့သူကတော့ ၁ လစာလောက်တော့ ရှိမှာပါ။ ကျန်တဲ့ ၁ ရက်ကို ၁ ပြည်စ၊ ၂ ပြည်စ ဝယ်စားတဲ့သူကတော့ ဘာရှိမှာလဲ။ များသောအားဖြင့် တပြေးညီပဲ ဖြစ်သွားမှာပါ။ ဟိုလို စုဆောင်းထားတဲ့သူမှ မရှိဘဲ” ဟု ပြောသည်။

လက်ရှိတွင် အမ်းမြို့နယ်သို့ ကုန်စည်စီးဆင်းမှု ရပ်သွားပြီဖြစ်သည့်အတွက် တချို့သော ဒေသခံများသည် ဆန် ပြတ်လပ်နေခြင်းကြောင့် နေလှမ်းထားသည့် ထမင်းခြောက်များ၊ ဝက်စာအဖြစ် ထားရှိထားသော ဆန်ကွဲများကို ထမင်းအဖြစ် စားသောက်နေရသည်။

တချို့ကတော့ ထမင်းအစား တခြားသော သီးနှံများကိုလည်း အစားထိုး စားသောက်နေကြရသည်။

ထို့နောက် ဒေသအတွင်း ဆန်ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လျက်ရှိနေပြီး ယခင် ၇၀,၀၀၀ ကျပ်သာရှိ သည့် ဆန်ကြမ်းတစ်အိတ်သည် လက်ရှိတွင် ၂ သိန်းကျပ်ရှိနေသည်။ 

မင်းဘူးမြို့မှတဆင့် ဆန်ကို အမ်းမြို့နယ်သို့ တင်ဆောင်ရန်အတွက် လုပ်ဆောင်သော်လည်း တင်ဆောင်ပေးနိုင် မည့် ကုန်တင်ကားသမားများ မရှိကြောင်း အမည်မဖော်လိုသူ ဆန်ကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

အမ်းမြို့က ဆန်ဆိုင်ကို တွေ့ရစဉ်

၎င်းက “လမ်းကြောကို ဖွင့်ပေးဖို့ ပြောပါတယ်။ ကားသမားတွေကလည်း မသွားရဲကြဘူး ရှိတဲ့ကားတွေကလည်း။ ဆန်တင်ပြီးရင် ကားသမားတွေက မသွားရဲပါ။ တစ်စုံတစ်ခု ဖြစ်လို့ရှိရင် ကားလည်းဆုံး၊ ကားပေါ်ရှိတဲ့ ကုန်လည်း ဆုံးဆိုတော့ ကြောက်ကြတယ်လေ။ အဲဒါကို ဘယ်လိုလုပ်ပြီး သွားကြမလဲ။ သွားရဲတဲ့ကားလည်း မရှိကြဘူး။ အခုလည်း လမ်းကြောက ဖွင့်ပေးမယ်လို့ ပြောတယ်။ ဆန်တွေ၊ စားကုန်တွေကို တင်ပြီးတော့ သွားပြီးတော့ တင်ပေးပါဆိုတာ တင်ပေးမယ့်ကားကို ရှာလို့မရဘူး။ ကုန်သည်တွေမှာ ကားက မရှိ။ ကားက ရှာလို့မရတော့ ကုန်က တင်လို့မရ။ သွားရဲတဲ့ ကားသမားတွေ မနေ့က သွားမယ်ဆိုပြီး လုပ်ပြန်တော့လည်း လမ်းကြောင်းက ခွင့်မပြုလို့ မသွားရသေးဘူး” ဟု ပြောသည်။

လက်ရှိ အမ်းမြို့နယ်တွင် ဆန်ကြမ်း ၁ အိတ်လျှင် ငွေကျပ် ၂ သိန်းကျော်၊ စားသုံးဆီ ၁ ပိဿာလျှင် ၃ သောင်း ကျပ်နှင့် စက်သုံးဆီ ၁ လီတာလျှင် ငွေကျပ် ၂ သောင်းခန့် ဖြစ်ပေါ်နေသည်ဟု သိရသည်။

အမ်းမြို့ပေါ်တွင် လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မြို့ပြင်ဧရိယာ ဒေသများ၌ တိုက်ပွဲများ ဖြစ်ပေါ်လျက် ရှိနေပြီး လက်နက်ကြီးကျည် ကျရောက်မှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။