CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာသည့် အခြေခံစားသောက်ကုန်များအား ပြည်သူလူထုထံ သင့်တင့်သည့် နှုန်းထားဖြင့် စနစ်တကျ ဖြန့်ဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

ဇန်နဝါရီ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ဓါတ်ဆီ၊ စားအုန်းဆီ၊ ငရုတ်၊ ကြက်သွန်၊ အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်း စသည့်ကုန်မျိုးစုံ တင်ဆောင်လာသည့် တန်(၄၀၀၀)ဝင်ဆံ့သော MV Moon Light သင်္ဘောသည် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော် ထိန်းချုပ်နယ်မြေ၊ ရက္ခိုင့်တပ်တော် ULA/AA ထိန်းချုပ်နယ်မြေဟူ၍ ကွဲပြားနေ သည့်အတွက် ထိုအခြေခံစားသောက်ကုန်များသည် စစ်တွေမြို့မှအပ ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များမှ ပြည်သူ လူထုထံသို့ ရောက်ရှိရန် ဖြစ်နိုင်ခြေနည်းကြောင်း မြောက်ဦးမြို့ဒေသခံ ကိုဇော်ထွန်းက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ဒါပေမယ့် စစ်တွေမြို့ကနေ မြို့ရဲ့ အတွင်းမှာရှိတဲ့ ပြည်သူတွေဆီကိုတော့ တစ်နည်းတစ်ဖုံ ရောက်လာနိုင် တယ်။ ကုန်သည်တွေဆီကနေ ဖြစ်ဖြစ်ပေါ့လေ။ ဒါပေမယ့် စစ်တွေမြို့ မဟုတ်တဲ့ အခြားမြို့တွေမှာရှိတဲ့ လူတွေကို ရော စစ်တွေမြို့  downtown ဧရိယာ အပြင်ဘက်ကို ရောက်ဖို့အတွက်ကြတော့ ဖြစ်နိုင်ခြေမရှိဘူး။ မြို့ပေါ် ဧရိယာလောက်ပဲ ရောက်မယ်။  တကယ်တမ်းကြတော့ ပြည်သူတွေ အဆင်ပြေစေချင်တယ်ဆိုရင် လမ်းကြောင်း တွေ ပြန်ဖွင့်ပေးလိုက်ရင် အကုန်လုံး အဆင်ပြေသွားမှာ။ အဲဒီပစ္စည်းတွေက သူတို့သင်္ဘောမှာပါလာတဲ့ ပစ္စည်း အရေအတွက်နဲ့ဆိုရင် စစ်တွေမြို့တွင်းထဲမှာရှိတဲ့ customer အတွက်က အဆင်ပြေလိမ့်မယ်၊ မြို့ပြင် ဧရိယာကို ထွက်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ သူတို့ ထိန်းချုပ် ဧရိယာမှာနေတဲ့သူတွေက အဆင်ပြေတယ်ဆိုတဲ့ ပုံစံ မျိုးကို ပြချင်ပုံရတယ်။ ဘာလို့ဆိုရင် စစ်ကောင်စီ စဉ်းစားပုံက သူတို့က ထိန်းချုပ်ဧရိယာမှာ နေတဲ့သူမှအပ အခြား နေရာတွေကို ပေးချင်ပုံမရဘူး။ ဘာလို့လဲဆိုရင် ULA/AA ထိန်းချုပ်ဧရိယာက ပိုပြီးကျယ်ဝန်းတော့ သူတို့ဆီကို ရောက်သွားနိုင်တယ်ဆိုတဲ့ စဉ်းစားပုံမျိုး စစ်ကောင်စီမှာရှိနိုင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို တွေ့ရစဉ်

ဇန်နဝါရီ ၉ ရက်နေ့က ရောက်ရှိလာသည့် အခြေခံစားသောက်ကုန် ပစ္စည်းများနှင့်ပတ်သက်၍ ဖြန့်ဝေရောင်းချ ပေးမည့် အစီအစဉ်အား ပြည်နယ်အစိုးရအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား CNI သတင်း ဌာနမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

သို့သော် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ဇန်နဝါရီ ၈ ရက်နေ့ အစည်းအဝေး၌ ထိုကုန်ပစ္စည်းများကို စားသုံးသူများထံ တိုက်ရိုက်ရောက်ရှိအောင် ရောင်းချနိုင်ရန်နှင့် တစ်ဆင့်ခံ အမြတ်တင် ရောင်းချမည့်သူများ၊ ကုန်ပစ္စည်းများကို သိုလှောင်၍ ဈေးကစားမည့်သူများ လက်ထဲသို့ မရောက်ရှိအောင် အဓိကထား ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မလိုလားအပ်သော နေရာများနှင့် အမှန်တကယ်လိုအပ်မှု မရှိသောသူများ လက်ထဲမရောက်ရှိအောင် တာဝန်ရှိသူများမှ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်းနှင့် စက်သုံးဆီများကိုလည်း ကာလ အတိုင်းအတာတစ်ခုအထိ သုံးစွဲနိုင်ရေးအတွက် စနစ်တကျရောင်းချသွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် စစ်တွေမြို့၌ စက်သုံးဆီနှင့်ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)၌ တိုကင်များရယူကာ ကိုယ်တာစနစ်ဖြင့် ထုတ်ပေးနေကြောင်း စစ်တွေမြို့ဒေသခံ ဒေါ်ခင်မျိုးက CNI သတင်းဌာန သို့ ပြောသည်။

ရခိုင်ပြည်နယ်ရောက် စက်သုံးဆီနဲ့ စားသောက်ကုန်တွေကိုတွေ့ရစဉ်

၎င်းက “92/ 95 တို့ ဆိုတဲ့ဟာကတော့ ကြားရတဲ့သတင်းပေါ့ အစိုးရကပဲ ပြောတာလား၊ ကုန်သည်ကြီးများကပဲ လုပ်တာလားတော့မသိဘူး။ လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေကို ကညနရုံးမှာ တိုကင်ပေးမယ်။ တိုကင်ယူပြီးတော့ တစ်ပတ်ကို ၂ လီတာပေါ့ ကိုယ်ပိုင် ဆိုင်ကယ်တစ်စီးကို။ ဘေးတွဲတို့ မောင်းတဲ့ဆိုင်ကယ်တွေကြတော့ တစ်ပတ်ကို ၅ လီတာလို့တော့ ပြောသံကြားတယ်။ လက်ရှိကတော့ အဲဒီ ကညနမှာ လူတွေအများကြီး တန်းစီနေရတာတော့ ကြားရတယ်။ ကုန်သည်တွေလက်ထဲကို အများကြီး မရောက်သွားပဲနဲ့ တကယ့်စားသုံးတဲ့ ပြည်သူတွေလက်ထဲကို သင့်လျော်တဲ့ဈေးနဲ့ နည်းနည်းပါးပါးပဲ ဝယ်ထားမယ်ဆိုရင် ပုံမှန်အနေအထား ရောက်သွားမယ်လို့ ထင်တယ်” ဟု ‌ပြောသည်။

လက်ရှိ စစ်တွေမြို့သို့ ရောက်ရှိလာသည့် ကုန်ပစ္စည်းများအား ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ရခိုင်ပြည်နယ် ဆီစက်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ရခိုင်ပြည်နယ် စက်သုံးဆီ လုပ်ငန်းရှင်များအသင်းနှင့် စစ်တွေမြို့မဈေးကော်မတီများမှ တာဝန်ရှိသူများက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးနိုင်ရေး၊ စနစ်တကျ ဖြန့်ဝေနိုင်ရေးနှင့် ကုန်ပစ္စည်းများ ဆက်လက် ရောက်ရှိလာနိုင်ရေးတို့ကို ဆွေးနွေးထား ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ မြန်မာ့တပ်မတော်နှင့် AA ကြား နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့်အတွက် ကုန်းလမ်း၊ ရေလမ်းများအားလုံးကို နစကဘက်မှ ပိတ်ထား သည်မှာ ၂ လခန့် ရှိပြီဖြစ်သည်။