CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂

မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားမှ လူထွက်ခွင့်အား ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း မြဝတီ နယ်စပ်ဂိတ်ရှိ လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ပိတ်ထားရာတွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များသာမက နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများပါ ပါဝင်ကြောင်းနှင့် ပြန်လည်ဖွင့်လှစ်မည့်ရက်အား အတိအကျ မသိကြောင်း ၎င်းက ပြောသည်။

မြဝတီ နယ်စပ်ဂိတ်ရှိ လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူတစ်ဦးက “မသိသေးပါဘူးခင်ဗျာ။ တံတားက လောလော ဆယ် ယာယီရပ်ဆိုင်းထားပါတယ်။ အဲဒီမှာက အကုန်လုံးပါပဲ။ ၇ ရက်ကဒ်ရော ၁၄ ရက်ကဒ်ရော။ ပတ်စပို့လည်း ခဏရပ်ထားပါတယ်။ ဒီဘက်ကရပ်ဆိုင်းထားတာပါ ယာယီ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြဝတီ-မဲဆောက်နယ်စပ် ချစ်ကြည်ရေးတံတားအား ဧပြီ ၂၁ ရက်နေ့မှစတင်ကာ မြန်မာဘက်အခြမ်းမှ ပိတ်ထား ခြင်းဖြစ်ပြီး ထိုင်းသတင်းဌာနများ၏ ဖော်ပြထားချက်အရ ထိုင်းဘက်အခြမ်းမှ ပုံမှန်ဖွင့်ထားပေးကြောင်း သိရ သည်။

သို့သော် ထိုင်းဘက်အခြမ်းမှ ထွက်ခွင့်ပြုရာတွင် နိုင်ငံကူးလက်မှတ်ရှိသူများကိုသာ ပေးဖြတ်ခွင့်ပြုခြင်း ဖြစ် ကြောင်းလည်း သိရသည်။

တံတားပိတ်သွားရသည့် အကြောင်းအရင်းမှာ စာရွက်များကုန်သွားသောကြောင့် ယာယီပိတ်ခြင်းဖြစ်သည်ဟု ပြောဆိုမှုများရှိသော်လည်း အတိအကျ မသိရှိရသော်လည်း နယ်စပ်ဂိတ်တွင် လုပ်ကိုင်နေသည့် အစိုးရဝန်ထမ်း များ၏ လုံခြုံရေးအရကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်အခြမ်းရှိ ထိုင်း - မြန်မာ အမှတ် (၂) တံတား အနီးတစ်ဝိုက်တွင် မြန်မာ့ တပ်မတော်နှင့် KNLA/PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေမှုများကြောင့် ရာနှင့်ချီသော ဒေသခံ အများအပြားမှာ ထိုင်းဘက်အခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ကြရန် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားရှေ့ မြင်ကွင်း

သို့သော် ယခုကဲ့သို့ တရားဝင်သွားရောက်နိုင်သည့် လမ်း‌ကြောင်းအား ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက် ခြင်းသည် တရားမဝင် ခိုးဝင်မှု အဆမတန် ပိုမိုများပြားလာနိုင်သကဲ့သို့ ၎င်းအခွင့်အရေးအပေါ် အသုံးချပြီး ပွဲစား များမှလည်း ကုန်ကျစရိတ် အဆမတန် တိုးကောက်လာနိုင်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“လောလောဆယ်ဖြစ်တဲ့ စစ်ရေးတင်းမာမှုကြောင့် ထွက်ပြေးလာတဲ့လူက အများဆုံးဖြစ်မှာပါ။ ဒါပေမယ့် ဒီကြားထဲမှာမှ ဒီဘက်ကိုလာပြီး အလုပ်လုပ်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေက ရောပါနိုင်တာပဲ။ ဒါပေမယ့် လည်း နယ်စပ်တစ်လျှောက်မှာတော့ ထိုင်းဘက်ခြမ်းက စစ်တပ်ရော၊ နယ်မြေခံအဖွဲ့အစည်း အကုန်လုံးက သေချာတင်းတင်းကြပ်ကြပ် စောင့်ကြည့်နေတာတော့တွေ့ရတယ်။ ဒုက္ခသည်အဖြစ်နဲ့ ရောက်လာတဲ့လူကိုတော့ သူတို့လက်ခံမှာ။ ပြီးတော့ ရောက်လာတဲ့လူတွေအကုန်လုံးကိုလည်း သူတို့ စာရင်းဇယားတော့ ယူနေတာပဲ။ ပွဲစားတွေကတော့ သူတို့ ဘယ်လိုအခြေအနေပေါ်မှာပဲ ဖြစ်ဖြစ်၊ ဘယ်လိုအခွင့်အရေးပဲ ရရ ဒီဟာက သူတို့စီးပွားရေးတစ်ခုပဲဖြစ်တဲ့အတွက် ဒီလိုအခြေအနေကို အခွင့်ကောင်းယူပြီး လူတင်သွင်းတာတို့၊ လူမှောင်ခိုကူးတဲ့ဟာတို့ သူတို့ကတော့ လုပ်မှာပဲလို့ ကျနော်ထင်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာ့တပ်မတော်နှင့် KNLA/PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေမှုများကြောင့် မြဝတီမြို့မှ မဲဆောက်ဘက်အခြမ်းသို့ သောင်ရင်းမြစ်အား ဖြတ်ကူးလာသူများနှင့် တံတားပေါ်မှ ကူးလာသူများကို ခန့်မှန်း ကြည့်ပါက ၃၀၀၀ ကျော်ခန့်ရှိနိုင်ကြောင်း သိရသည်။

ထို့အပြင် မြဝတီမြို့၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်သို့ မြန်မာ တိုက်ပွဲရှောင် ထောင်နှင့်ချီ ရောက်ရှိလာမှုများအပါအဝင် အခြေအနေများအား သိရှိနိုင်ရန် ထိုင်းဝန်ကြီးချုပ်သည် မဲဆောက် သို့သွားရောက်ရန် ရှိကြောင်းလည်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။