CNI News

၂၀၂၂ ခုနှစ်၊ မတ် ၁၇

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် စီးပွားဖြစ် စည်းကမ်းမဲ့ ကျောက်ထုတ်လုပ်မှု လုပ်ငန်းများကြောင့် အများပြည်သူ သွားလာနေသည့် ကားလမ်းများ ပျက်စီးမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း မင်းပြားဒေသခံများက ပြောသည်။

မင်းပြား - မြေပုံ ကားလမ်းရှိ ကျေးရွာများအနီးတွင် စီးပွားဖြစ် ကျောက်ထုတ်လုပ်မှု များစွာရှိနေပြီး ကားလမ်းများနှင့် ကပ်၍ ထုတ်လုပ်နေကြခြင်းကြောင့် ကားလမ်းများ ပျက်စီး ပြိုကျခြင်း၊ မြေများ ကျွံကျခြင်းများ ဖြစ်လာနိုင်သည်ဟု မင်းပြားလူမှု အဖွဲ့အစည်းတစ်ခုမှ ကိုကြည်လင်းက CNI သတင်းဌာနသို့ ပြောသည်။

ကိုကြည်လင်းက “မင်းပြားနဲ့ မြေပုံ လမ်းပိုင်းမှာ ကျောက်ထုတ်ကြတယ်။ ကျောက်ထုတ်ကြတဲ့ အခြေအနေမှာ ဘာလဲဆို တော့ လမ်းနဲ့နီးတဲ့ အဓိကနေရာတွေကို ကျောက်တွင်းတွေ တူးနေတာကို တွေ့ရှိရပြီးတော့ လမ်းတွေ ပျက်လာနိုင်တဲ့ အခြေအနေ ရှိလာနိုင်တာပေါ့။ လမ်းနဲ့ တော်တော် နီးတာပေါ့။ လမ်းနဲ့ ဘယ်လောက်တောင် မကွာဘူး။ ၆ ပေတောင် မကွာ ဘူး။ ၄ ပေ၊ ၅ ပေ လောက် အောက်ကို နှိုက်လိုက်တော့ မြေက နည်းနည်း ပျက်လာမယ့် လမ်းအခြေအနေ ရှိပါတယ်ဗျ။ ပြိုကျ နိုင်တဲ့ အခြေအနေ ရှိပါတယ်ဗျ။ ပြိုကျနိုင်တဲ့ အခြေအနေ ရှိတာကတော့ ကျနော်တို့ဒေသမှာက ရခိုင်ဒေသမှာက မိုးကြီးပါ တယ်ဗျ။ မိုးကြီးရင် အဲဒီမိုးက ရေတွေအုံလာရင် အောက်ကလမ်းနဲ့ ကပ်ရပ်လုပ်ထားတဲ့ မြေတွေကိုသွားပြီး တိုက်စားလိုက်ရင် ဘာမှ မရှိတော့ဘူး။ ကားတွေ ဘာတွေသွားရင် မြေကျွံကျနိုင်တဲ့ အခြေအနေ ရှိပါတယ်ဗျ” ဟု ပြောသည်။

လက်ရှိ ကျောက်ထုတ်လုပ်မှုများသည် ပြီးခဲ့သည့် NLD အစိုးရ လက်ထက်ကတည်းက စတင် ထုတ်လုပ် နေကြခြင်းဖြစ် ကြောင်း၊ ကျောက်ထုတ်လုပ်သူများမှာ ဒေသခံ ကျေးရွာသားများ အပါအဝင် မြို့ပေါ်မှ ကျောက်လုပ်ငန်းကုမ္ပဏီများ၊ ယခု လက်ရှိ တာဝန်ယူထားသည့် သက်ဆိုင်ရာ အာဏာပိုင်များ၊ ဖက်စပ်လုပ်ကိုင်သူများ စသဖြင့် ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလို လမ်းများကို ပျက်စီးစေနိုင်သည့် ကျောက်ထုတ်လုပ်နေမှုများအပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒေသအာဏာ ပိုင်များမှ ထိန်းသိမ်းစောင့်ရှောက်ပေးသင့်ကြောင်း ကိုကြည်လင်းက ဆက်ပြောသည်။

၎င်းက “တားမြစ်တာကတော့ ကျနော်တို့ ဒီဘက် ဌာနဆိုင်ရာ အုပ်ချုပ်ရေးဘက်ကတော့ စာတွေ ဘာတွေ ထုတ်တာတော့ မတွေ့ရသေးဘူးဗျ။ ဒေသအာဏာပိုင်တစ်ခုခုက ဘာပဲဖြစ်ဖြစ် စာထုတ်လိုက်ရင်တော့ အဲဒီ ပိုင်ရှင်ခေါ်ပြီးတော့ ဘယ်လို အခြေအနေရှိလဲ ဒါကတော့ ဒီလို မလုပ်သင့်ဘူး ဆွေးနွေးညှိနှိုင်းပြီးပေးရင်တော့ အဆင်ပြေသွားမှာဗျ”ဟု ပြောသည်။

လက်ရှိ မင်းပြားမြို့နယ်အတွင်း ကျောက်ထုတ်လုပ်ရေး လုပ်ငန်းများကို ရခိုင်ပြည်နယ်အစိုးရက တိုက်ရိုက်မကိုင်ကြောင်း၊ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများကသာ ခွင့်ပြုပေးနိုင်ကြောင်း၊ ဒေသခံများ ကန့်ကွက်ပါက ကုမ္ပဏီကိုခေါ်ယူ ကြီးကြပ်ရ မည်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက “ဒီကျောက်ထုတ်လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ခွင့်ပြုချက် ပေးနိုင်တာက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးပေါ့နော်။ နောက် အတည်ပြုပေးဖို့ကတော့ ခရိုင်အုပ်ချုပ်ရေးပဲ။ ကျနော်တို့ အစိုးရက တိုက်ရိုက်မကိုင် ဘူး။ သူတို့ပေးထားတဲ့ကိစ္စက ရွာသူရွာသားတွေ မြို့က တခြားလူတွေ မကျေနပ်ဘူးလို့ သူတို့ တင်လို့ရှိရင် အဲ့ထုတ်ခွင့်ရတဲ့ ကုမ္ပဏီကို သူတို့ ခေါ်ပြီးတော့ ကြီးကြပ်မှာပေါ့။ မင်းတို့ ငါတို့ရဲ့ စည်းကမ်းနဲ့ မညီဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ် အဲလိုရှိမှာ ပေါ့နော်။ အဲဒါက သူတို့လုပ်ရမယ့် အလုပ်လေ။ ဒီလိုပဲ လုပ်ရမယ်။ တကယ်လို့ သူတို့မပေးထားဘဲနဲ့ တချို့နေရာတွေမှာ EAO ကို ပေးထားတယ်ဆိုပြီးတော့ လုပ်တာတွေလည်း ရှိတယ်။ အဲဒါကြောင့် မရိုးရှင်းဘူးလို့ အားလုံးက” ဟု ပြောသည်။

မင်းပြားမြို့နယ်အတွင်း ထုတ်လုပ်လိုက်သည့် ကျောက်များကို လမ်းတံတား လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် ရောင်းချကြကြောင်း ဒေသခံများက ပြောသည်။

မင်းပြားမြို့နယ်အတွင်း စီးပွားဖြစ် ကျောက်ထုတ်လုပ်မှုများနှင့် ပတ်သက်ပြီး ဒေသခံများအကြား ကားလမ်းပိုင်း ပြိုကျပျက်စီး မည်ကို စိုးရိမ်လျှက်ရှိနေသည်။