တရုတ်၏ ဒေသန္တရအစိုးရကြွေးမြီက ပုဂ္ဂလိကကုမ္ပဏီများကို အထိနာစေ

CNI International News

ဘေကျင်း၊ ဧပြီ ၉

တရုတ်၏ ဆယ်စုနှစ် ၂ စုကြာ ထောင်လွှားသည့် စီမံကိန်းများက ဒေသန္တရအာဏာပိုင်အများစုကို အကြွေးနွံ နစ်စေခဲ့ကာ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများကို သက်ရောက်စေခဲ့ရုံသာမက အောက်ခြေလူတန်းစား အုပ်ချုပ်မှု အကျပ်အတည်းကိုလည်း ဆိုးရွားစေခဲ့ကြောင်း South China Morning Post(SCMP) မှ ဖော်ပြခဲ့သည်။

ဝူဟန် (Wuhan) တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံနှင့် ပြည်သူ့အုပ်ချုပ်ရေးကျောင်းမှ တွဲဖက်ပါမောက္ခ တစ်ဦးဖြစ်သည့် ဖန်ချွမ် (Feng Chuan) က အရာရှိများ၊ ဒေသခံများ၊ ဒေသန္တရအစိုးရ ဘဏ္ဍာရေး ယန္တရားများ၊ ကန်ထရိုက်တာ များနှင့် ဘဏ်များသည် အကြွေးပိနေသည်ကို တွေ့ရှိခဲ့ပြီးနောက် လူထု၏ ယုံကြည်မှုနှင့် စီးပွားရေးယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် တိုက်တွန်းခဲ့သည်။

"အကြွေးပေးချေဖို့ ဆိုင်းငံ့ခွင့်ဟာ လိုတာထက်ပိုပြီး ဖြစ်ပွားနေတာဟာ လူမှုအုပ်ချုပ်ရေး အနေအထားကို ထိန်းပေးထားတဲ့ အခြေခံယုံကြည်မှုစနစ်ကို ပျက်စီးစေပါတယ်" ဟု ချွမ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း NetEase သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည့် ဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။

ချွမ်သည် တရုတ်၏ အကြွေးဒဏ်ပိနေသည့် ပြည်နယ်များကို သွားရောက်ပြီး ကွင်းဆင်းလေ့လာခဲ့သည့် ခရီးစဉ်အပြီးတွင် ထိုကဲ့သို့ ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည်သူတွေကို တွေ့ရစဉ်

ချွမ်၏ ကောက်ချက်ထဲတွင် ကွီကျိုး (Guizhou) ပြည်နယ်၌ ဒေသခံ အာဏာပိုင်အဖွဲ့ထံမှ ချေးငွေ ဒေါ်လာ ၃၀ ဒသမ ၄ သန်းကို ပြန်လည်ရယူရန် ကြိုးပမ်းမှုအဖြစ် ရန်လိုသည့် ပြဿနာဖန်တီးမှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦး၏ ဖြစ်စဉ်လည်း ပါဝင်ခဲ့သည်။ 

ဒေသန္တရအစိုးရအဖွဲ့၏ ကြွေးမြီသည် တစ်နှစ်ထက်တစ်နှစ် ၁၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလ ကုန်ပိုင်းတွင် ဒေါ်လာ ၅ ဒသမ ၇ ထရီလျံအထိ ရှိလာခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကားပြီး တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ကြွေးမြီများ မြင့်တက်မှုသည် ဒေသန္တရအာဏာပိုင်များ၏ ထိန်းညှိဆောင်ရွက်မှုများကို ဟန်ချက်ပျက်စေခဲ့ပြီး ကြွေးမြီပြန်လည်ပေးဆပ်မှု၏ အစိုးရအာမခံချက်အပေါ် သက်ရောက်မှုရှိခဲ့သည်။ 

တရုတ်အစိုးရသည် ထိုအခြေအနေကို လျော့ပါးသက်သာစေရန် ကြွေးမြီအများဆုံး ပြည်နယ်များတွင် အခြေခံ အဆောက်အအုံ စီမံကိန်းများကို ဆိုင်းငံ့ခြင်း၊ အထူးငွေ တိုက်စာချုပ်များ ရောင်းချခြင်းတို့ပြုလုပ်ပြီး အစိုးရအဖွဲ့၏ အားထုတ်ကြိုးပမ်းမှုများကို မြှင့်တင်ခဲ့သည်။

Source: SCMP