CNI International News

အစ္စလာမ်မာဘက်၊ ဧပြီ ၉

ပါကစ္စတန်နိုင်ငံတွင် စီးပွားရေး အကျပ်အတည်းနှင့် စားဝတ်နေရေး အခြေအနေ ပိုမိုဆိုးရွားလာချိန်တွင် ပြည်သူများအကြား အဆိုးမြင်ဝါဒီများ မြင့်တက်နေကြောင်း Greek City Times မှ ဖော်ပြခဲ့သည်။

မျှော်လင့်ချက် ကင်းမဲ့နေသည့် အချိန်မျိုးတွင် ပါကစ္စတန်ပြည်သူ ၁၀ ဦးတွင် ၁ ဦးသာ နိုင်ငံသည် မှန်ကန်သည့် လမ်းကြောင်းပေါ် ဆက်လက်ရွေ့လျားနေသည်ဟု ယုံကြည်နေကြသည်။

မကြာသေးမီက ပြင်သစ်နိုင်ငံ၊ ပါရီ (Paris) မြို့တော်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ သုတေသနနှင့် ပြည်သူ့ အတွေးအမြင်အဖွဲ့ဖြစ်သည့် Ipsos က ပြုလုပ်ခဲ့သည့် စစ်တမ်းတွင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

ထိုစစ်တမ်းအရ ပါကစ္စတန်၌ လူ ၁၀ ဦးတွင် ၆ ဦးသည် နိုင်ငံ့ စီးပွားရေးအခြေအနေ အားနည်းနေသည်ဆိုသည့် အချက်ကို ဟုတ်မှန်ကြောင်း ဖြေကြားခဲ့ကြသည်ဟုဆိုသည်။

စနစ်တကျ ဖွဲ့စည်းထားသည့် ဖွံ့ဖြိုးတိုးတက်မှု ကာလအဖြစ် သတ်မှတ် လုပ်ဆောင်ခဲ့သော ၅ နှစ်တာကာလ အတွင်း နိုင်ငံ့အခြေအနေ တိုးတက်နေသည်ဟု ယူဆရမည့်အစား ခေတ်နောက်ပြန် ဆွဲနေသည်ဟု စစ်တမ်းတွင် ပါဝင်ဖြေဆိုသူများက ပြောကြားခဲ့သည်။

 ပါကစ္စတန်နိုင်ငံသူကို တွေ့ရစဉ်

စီးပွားရေးစိန်ခေါ်မှုများ ဆက်လက် တည်ရှိနေခြင်းက နေ့စဉ်ကုန်ပစ္စည်း ဝယ်ယူမှုများနှင့်အနာဂတ် ရင်းနှီးမြှုပ်နှံမှု များနှင့်ပတ်သက်ပြီး လူထုအကြား စိတ်ပျက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိလာစေခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြခဲ့ သည်။

ထို့ပြင် မကြာသေးမီက ပါကစ္စတန်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်ခိုင်မာမှု တို့နှင့် ပတ်သက်ပြီး လူထု၏ ယုံကြည်ချက်သည် အလွန်နိမ့်ကျနေသည်ဟု ပြောသည်။

နောက်ထပ် ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းကောက်ယူမှု သုတေသန ကုမ္ပဏီဖြစ်သည့် Gallup ကလည်း ပါကစ္စတန် နိုင်ငံသား ၃ ပုံ ၂ ပုံကျော်သည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်နှင့် ဖက်ဒရယ်အစိုးရ၏ တည်ကြည်ခိုင်မာမှု အပေါ် ယုံကြည်ခြင်း မရှိကြောင်း ဖော်ပြခဲ့သည်။

ထို့အတူ ပြည်ပ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတား ဖြစ်စေသည့် နိုင်ငံတည်ငြိမ်မှု ပျက်ယွင်းနေမှုအပေါ် လူထုအကြား ဒေါသထွက်နေပြီး ထိုအခြေအနေက လက်ရှိကြုံတွေ့နေရသည့် ဘဏ္ဍာရေး အကျပ်အတည်းကို ပိုမို ဆိုးရွားစေခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြခဲ့သည်။

Source: Greek City Times