CNI International News

ကိယက်ဗ်၊ မတ်လ ၂၉

အပစ်အခတ်ရပ်စဲရေး ရည်ရွယ်၍ နှစ်ဖက် စေ့စပ်ညှိနှိုင်းရေးမှူးများသည် မတ်လ ၂၉ ရက် (ယနေ့)တွင် ဆွေးနွေးပွဲများ ထပ်မံကျင်းပရန် တာစူနေချိန်၌ ယူကရိန်းတပ်ဖွဲ့များက ကိယက်ဗ်မြို့ ဆင်ခြေဖုံးနှင့် အရှေ့ဘက်ရှိ မြို့တစ်မြို့တို့ကို ရုရှားလက်မှ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး စစ်မြေပြင်အခြေအနေမှာ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေကြောင်း အေပီ သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ကျင်းပမည့် ဆွေးနွေးပွဲများမတိုင်မီ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက မော်စကို တောင်းဆိုချက်အတိုင်း ၎င်းနိုင်ငံကို နေတိုးနှင့်မပတ်သက်တော့ဘဲ ကြားနေရပ်တည်မှု ကြေညာရန် အသင့်ရှိ ကြောင်း၊ ယူကရိန်းအရှေ့ပိုင်း၌ အားပြိုင်နေသည့် ဒွန်ဘတ်စ်ဒေသ၏ ကံကြမ္မာအပေါ် အလျော့အတင်း ဖွင့်ပေးထားကြောင်း ပြောကြားခဲ့သည်။

မြို့တော်အနီး တိုက်ပွဲများ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည့် ကိယက်ဗ် အနောက်မြောက်ပိုင်း ဆင်ခြေဖုံးရှိ အီရာပင် မြို့တော်ဝန် က မိမိတို့မြို့သည် ရုရှားတပ်များ၏ လက်မှ လွတ်မြောက်သွားပြီဖြစ်ကြောင်း မတ်လ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

နယ်မြေလက်လွှတ်လိုက်ရသော ရုရှားတပ်ဖွဲ့များ ပြန်လည်စုစည်းရန် ကြိုးစားနေကြကြောင်း ဇာလန်းစကီးက သတိပေးခဲ့ သည်။

ယူကရိန်းနဲ့ ရုရှား ကိုယ်စားလှယ်များ တူရကီမှာ မတ်လ ၂၉ ရက် ဆွေးနွေးနေစဉ်

“ကျနော်တို့ တိုက်ပွဲတွေမှာ ဆက်ပြီး ခံနိုင်ရည်ရှိဖို့ လိုပါတယ်” ဟု ၎င်းက မတ်လ ၂၈ ရက်နှောင်းပိုင်း ညစဉ် ဗွီဒီယိုမိန့်ခွန်း၌ ပြောကြားခဲ့သည်။
“ကျနော်တို့ ခံစားချက်တွေကို အခု မဖော်ပြကြပါနဲ့ဦး။ မျှော်လင့်ချက်တွေ သိပ်မြှင့်လို့ မရသေးပါဘူး။ အပူတပြင်း ဖြစ်မနေ ကြပါနဲ့” ဟု ယူကရိန်းပြည်သူများကို ဇာလန်းစကီးက တိုက်တွန်းခဲ့သည်။

အီရာပင်မြို့ငယ်မှ ထွက်ပြေးရန် ကြိုးစားစဉ် ရုရှားတို့၏ ပစ်သတ်ခြင်းခံခဲ့ရသော မိခင်တစ်ဦးနှင့် ကလေးနှစ်ဦး ဓာတ်ပုံများ၊ ၎င်းတို့၏ အလောင်းများသည် ခရီးဆောင်အိတ်များ၊ အနီးနားရှိ အိမ်မွေးတိရစ္ဆာန်များ ခေါ်ဆောင်လာသူနှင့်အတူ လူသွား လမ်းပေါ် လဲကျနေခဲ့ပုံများ ပျံ့နှံ့သွားခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် ကိယက်ဗ်မြို့တော်အနီး ခံစစ်စခန်းများတွင် အများအပြား ကျန်ရှိနေသေးကြောင်း၊ နိုင်ငံအတွင်း အခြား နေရာများတွင် ရုရှားစစ်ဆင်ရေးမှာ တိုးတက်မှု အနည်းငယ်သာရှိကြောင်း အမေရိကန် ထောက်လှမ်းရေး အကဲဖြတ်မှုကို ဆွေးနွေးခဲ့သူ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

ယူကရိန်းစစ်ပွဲအတွင်းက အပျက်အစီးများ(AP)

ရုရှားသည် ကိယက်ဗ်မြို့အနီး မြေပြင်စစ်ဆင်ရေးကို အလေးပေး လုပ်ဆောင်နေပြီး ဒွန်ဘတ်စ်ဒေသကို ပိုမိုအာရုံစိုက်နေ ကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

ဒွန်ဘတ်စ်ဒေသသည် မော်စကို ကျောထောက်နောက်ခံပြု သူပုန်များ လွန်ခဲ့သည့် ၈ နှစ်ကတည်းက တိုက်ပွဲများ ဆင်နွှဲနေခဲ့ ပြီး ဒေသခံအများစုမှာ ရုရှားဘာသာစကား ပြောဆိုသုံးစွဲကြသည်။

ပြီးခဲ့သည့် သီတင်းပတ် နှောင်းပိုင်းတွင် ယူကရိန်းပြည်တွင်းရောက် ၎င်းတပ်ဖွဲ့ဝင်များ ဝါးအစည်းပြေသလို ဖြစ်ခဲ့ရ၍ ရုရှား သည် ၎င်း၏ ယခင်နံပါတ်တစ် ဦးစားပေး ပစ်မှတ်ဖြစ်သည့် ဒွန်ဘတ်စ်ဒေသကိုသာ ထိန်းချုပ်ရန် ရည်ရွယ်လျက် လတ်တ လော စစ်ရေး အလားအလာ နောက်ပြန်ဆုတ်သွားပုံရကြောင်း အေပီသတင်းအရ သိရသည်။


Source: AP