CNI International News

အစ္စလာမ်မာဘက်၊ ဧပြီ ၁၁

ပါကစ္စတန်နိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေး အကျပ်အတည်းနှင့် ရင်းနှီးမြှုပ်နှံမှုများ လျော့ကျ လာသည့် အခြေအနေကို ရင်ဆိုင်နေရသည်ဟု India Blooms  သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ် (Punjab) ပြည်နယ်၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ် မာရမ်နာဝက်ဇ် (Maryam Nawaz) က လူသိရှင်ကြား ကြိုတင်သတိပေးခဲ့သည်။

၎င်း၏ သတိပေးချက်သည် မှန်ကန်နိုင်ခြေရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတွင် အစိုးရ၏ တည်ငြိမ်မှုမရှိသည့် မူဝါဒများ၊ အစိုးရ၏ အသုံးစရိတ်၊ အခွန်စနစ်၊ ဘဏ္ဍာရေးဟန်ချက်ညီမှု၊ ငွေကြေးမူဝါဒ၊ ကြွေးမြီအခြေအနေ၊ ငွေကြေးဖောင်းပွမှုနှင့် ပြည်ပငွေလဲလှယ်မှုနှုန်း ထားများတွင် သေချာရေရာမှုမရှိသဖြင့် ပါကစ္စတန်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆိုးရွားစွာ သက်ရောက် ခဲ့သည်။

ပါကစ္စတန် နိုင်ငံရေးမတည်ငြိမ်မှုကို တွေ့ရစဉ်

နိုင်ငံရေး မတည်ငြိမ်မှုနှင့် ထိုအခြေအနေများက ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်စေခဲ့သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

နိုင်ငံရေးမတည်ငြိမ်မှုများက

၁၉၈၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဒီမိုကရေစီ အစိုးရများနှင့် ဒီမိုကရေစီ မဟုတ်သည့် အစိုးရများ၏ လက်အောက် တွင် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရသည့် ပါကစ္စတန်နိုင်ငံကို ရင်းနှီးမြှုပ်နှံမှုများ လျော့ကျမှု၊ စီးပွားရေး ကျဆင်းမှုတို့ကို ဖြစ်စေသည့် အခြေအနေသို့ ဆွဲခေါ်သွားခဲ့ကြောင်း ကရာချီမြို့အခြေစိုက် စီးပွားရေးအုပ်ချုပ်မှု အင်စတီကျူ (IBA) ၏ စီးပွားရေး သုံးသပ်ချက် စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး တည်ငြိမ်မှုအညွှန်းကိန်းတွင် ပါကစ္စတန်သည် အောက်ဆုံးမှ စတင် ရေတွက်လျှင် အဆင့် ၁၄ နေရာ၌ ရှိခဲ့သည်။ 

မကြာသေးမီ နှစ်များအတွင်း ပါကစ္စတန်၏ နိုင်ငံရေး အခြေအနေသည် အနည်းငယ် တိုးတက်ခဲ့သော်လည်း ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည်အထိ လုံလောက်မှုမရှိခဲ့ပေ။

ပါကစ္စတန်နိုင်ငံသားတွေကိုတွေ့ရစဉ်

ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ် ရှရစ်ဖ် (Nawaz Sharif) ၏ သမီးဖြစ်သည့် ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ် နာဝက်ဇ် ကလည်း နိုင်ငံရေး မတည်ငြိမ်မှုသည် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများကို ဟန့်တားနေကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။

"နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေဟာ ပါကစ္စတန်မှာ ရင်းနှီးမြှုပ်နှံဖို့ စိုးရိမ်နေ ကြပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ 

ကမ္ဘာ့ဘဏ်၏ သတင်းတစ်ရပ်တွင် ပါကစ္စတန်သည် ရင်းနှီးမြှုပ်နှံမှု၌ လုံလောက်မှုမရှိဘဲ ဂျီဒီပီနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏနှိုင်းယှဉ်ပါက ကမ္ဘာ့အနိမ့်ဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေသည်ဟု ဖော်ပြခဲ့သည်။

Source: India Blooms