CNI International News

လန်ဒန်၊ ဩဂုတ် ၂၃

Covid-19 ကပ်ရောဂါဆိုးနှင့် ရင်ဆိုင်ခဲ့ရသော ဗြိတိန်နိုင်ငံအတွက် ၂၀၂၀ ပြည့်နှစ်အရောက်၌ နှစ်ပေါင်း ၃၀၀ ကျော်အတွင်း ကုန်စည်အထွက်နှုန်း အဆိုးဆုံး ထိုးကျသွားခဲ့ကြောင်း၊ ထို့ပြင် အခြားကြီးမားသော စီးပွားရေး လုပ်ငန်းများလည်း အလွန်အမင်း ကျဆင်းသွားခဲ့ကြောင်း နောက်ဆုံး တွက်ချက်ထားသည့် တရားဝင် စာရင်း ဇယားများက ပြသနေသည်ဟု ရိုက်တာသတင်းအရ သိရသည်။

ဗြိတိန်၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု (GDP) သည် ၂၀၂၀ ပြည့်နှစ်တွင် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံးက ထုတ်ပြန်ခဲ့သည်။ ထိုပမာဏသည် စာရင်းအင်းရုံး၏ ယခင်ခန့်မှန်းချက် ပိုမိုကြီးမားစွာ ကျဆင်းသွားမှုဖြစ်ပြီး ၁၇၀၉ ခုနှစ်နောက်ပိုင်း အင်္ဂလန်ဘဏ်၏ သမိုင်းကြောင်း အချက်အလက်များနှင့် နှိုင်းယှဉ်ပြ ထားသည်။

အချက်အလက် (data) ရရှိမှုအပေါ် မူတည်၍ ဗြိတိန်စာရင်းအင်းပညာရှင်များသည် GDP ခန့်မှန်းချက်များကို ပုံမှန်အားဖြင့် နောက်ဆုံး အခြေအနေ တွက်ချက်ခဲ့ကြသည်။

 ဗြိတိန်နိုင်ငံကိုတွေ့ရစဉ် (Reuters) 

အမျိုးသားစာရင်းအင်းရုံး၏ ကနဦး ခန့်မှန်းချက်အရ ၁၇၀၉ ခုနှစ်၌ Great Frost (နှင်းခဲကြီး) ဟု အစွဲပြုခေါ်ဆိုခဲ့ ကြသည့် (နှစ်ပေါင်း ၅၀၀)အတွင်း အအေးဒဏ် အပြင်းထန်ဆုံးဖြစ်ခဲ့ရာ ထိုနှစ် စီးပွားရေး ကျဆင်းမှုနှင့် ၂၀၂၀ ပြည့်နှစ် စီးပွားရေး ကျဆင်းမှုကို နှိုင်းယှဉ်သုံးသပ်ကြရန် အကြံပြုထားသည်။

သို့သော် အဆိုပါ စာရင်းအင်းရုံးကပင် စီးပွားရေး ယိုင်လဲလာမှုနှုန်းကို တစ်နည်းတစ်ဖုံ တွက်ချက်ကြည့်ပြန်ရာ ဒုတိယကမ္ဘာစစ်အပြီး အဆိုးဆုံး ကျဆင်းမှုအဖြစ် ၉ ဒသမ ၃ ရာခိုင်နှုန်းသို့ ပြောင်းလဲပြင်ဆင်ခဲ့သည်။

ယင်းသို့ မပြင်ဆင်မီ ဗြိတိန်၏ စီးပွားရေးကျနှုန်းသည် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) စာရင်းတွင် အနိမ့်ဆုံး ကျသွား ခဲ့ပြီး နောက်ဆုံး ပြင်ဆင်တွက်ချက်မှုအရတော့ GDP မှာ စပိန်ထက် ပိုဆိုးနေလျက် ၁၀ ဒသမ ၈ ရာခိုင်နှုန်း ဖြစ် သွား ခဲ့သည်။

သို့ရာတွင် အမေရိကန်မှအပ အခြားနိုင်ငံများနှင့် တိုက်ရိုက်နှိုင်းယှဉ်၍ ထွက်လာသော ရလဒ်များကို စာရင်းအင်းရုံး က သတိပေးထားသော်လည်း ဗြိတိန်ပြည်တွင်း၌ နက်နက်ရှိုင်းရှိုင်း ပြန်လည် ပြင်ဆင်မှု အချိုးအစားဖြစ်အောင် မလုပ်ဆောင်နိုင်သေးပေ။

GDP တွက်ချက်မှုတွင် ပြန်လည်ပြင်ဆင်ရခြင်းသည် ယခင်က ထင်ထားသည်ထက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လက်လီရောင်းချသူများထံမှ ပံ့ပိုးကူညီမှု နည်းပါးနေပုံကို ထင်ဟပ်စေသည်။

ဗြိတိန်နိုင်ငံကိုတွေ့ရစဉ် (GETTY IMAGES)

“ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းမှာ ကျနော်တို့ ကနဦး ခန့်မှန်းထားတာထက် ပိုမြင့်မားနေတဲ့ ကုန်ကျစရိတ် တွေကို တွေ့ခဲ့ရပါတယ်။ ဆိုလိုတာကတော့ အခု စီးပွားရေး အခြေအနေကို ဘက်စုံကနေ ဝိုင်းကူခဲ့တာ အင်မတန် နည်းနေတယ်ဆိုတာပဲ” ဟု စာရင်းအင်းရုံးမှ ကျွမ်းကျင်ပညာရှင် ခရက်မက်လာရန်က ပြောကြားခဲ့သည်။

အဆိုပါ ရုံးသည် Covid-19 လူနာများ ကုသရေးနှင့်ဆေးရုံများတွင် ရောဂါပျံ့နှံ့မှု ကန့်သတ်ခြင်းအပေါ် အာရုံစိုက် တွက်ချက်ခဲ့သဖြင့် ဗြိတိန်နိုင်ငံတွင် အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု အနေဖြင့် ပံ့ပိုးပေးသည့် ပုံမှန် စောင့် ရှောက်မှုမှာ ကျဆင်းသွားပြီဟု ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။

လက်လီရောင်းချသူများ ကြုံတွေ့နေရသော ကုန်ကျစရိတ် ကြီးမြင့်လာခြင်းကို အနီးကပ်ကြည့်ရှု၍ ပြန်လည် ပြင်ဆင် တွက်ချက်ခဲ့ရသလို စက်ရုံများမှ ထွက်ကုန်စွမ်းအားကို ကုန်ကြမ်းစရိတ်နှင့် ကာမိစေရန်လည်း ပြင်ဆင် တွက်ချက်ခဲ့ရသည်။

ဗြိတိန်စီးပွားရေးသည် ယမန်နှစ်တွင် သိသိသာသာ ပြန်လည်ဦးမော့လာခဲ့ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ကပ်ရောဂါ မဖြစ်ပွားမီက စီးပွားရေးပမာဏအတိုင်း တဖန်ကောင်းမွန်လာခဲ့သည်။

သို့သော် ငွေကြေးဖောင်းပွမှု မြန်ဆန်နေခြင်းကြောင့် တိုင်းပြည်စီးပွားရေးသည် ယခုနှစ်နှောင်းပိုင်း ပြန်ကျနိုင်သည် ဟု အင်္ဂလန်ဘဏ်က မျှော်မှန်းထားသည်။

Source: Reuters