CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀

တောင်ကိုရီးယားနိုင်ငံမှ ယခု ၂၀၂၄ ခုနှစ်အတွက် ရာသီချိန်လုပ်သားခေါ်ယူရာ၌ မြန်မာနိုင်ငံသို့ ဆက်သွယ် အကြောင်းကြားလာခြင်း မရှိသေးကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံမှ ရာသီချိန်လုပ်သားများခေါ်ယူ တောင်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးထားခြင်း ဖြစ်သော်လည်း လက်ရှိ အချိန်အထိ အကြောင်းပြန်လာခြင်း မရှိသေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက “အဲဒါတွေ ဆွေးနွေးထားတယ် မှန်တယ်။ အဲဒါ တွေ ကမ်းလှမ်းထားတယ်။ သူတို့ဆီက အကြောင်းပြန် မလာသေးတဲ့အတွက် ကျနော်တို့က ဒီအပေါ်မှာ ဘာမှ ပြောစရာမရှိဘူး။ သူတို့ဘက်ကနေ ဆက်သွယ်လာရင် ကျနော်တို့ လုပ်ရမယ့် လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းအတိုင်း ဆက်လုပ်မယ်။ သူတို့ဘက်က အကြောင်းမပြန်လာရင်တော့ သူတို့က အလုပ်သမားလက်ခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကျနော်တို့ ပို့ချင်တဲ့နိုင်ငံက ဘယ်လောက်ပဲ ပို့ပို့ လက်ခံတဲ့နိုင်ငံက ဘာမှအကြောင်းမပြန်ရင် ကျနော်တို့ အလုပ်သမားလွှတ်လို့ မရပါဘူး။ ကျနော်တို့ဆီတော့ တရားဝင် ဆက်သွယ်လာမှု အကြောင်းကြားလာ မှု မရှိသေးဘူး ဒီလိုပဲ ပြောနိုင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တောင်ကိုရီးယားရှိ စိုက်ပျိုးလုပ်ငန်းမှာ မြန်မာအလုပ်သမားများကို တွေ့ရစဉ်

ရာသီချိန် လုပ်သားစေလွှတ်ရန် မြန်မာနှင့်ကိုရီးယား ဒေသန္တရအစိုးရ အချင်းချင်း MoU လက်မှတ်ရေးထိုးထား ကြောင်း၊  ရာသီချိန် လုပ်သားစေလွှတ်ရေးနှင့် ပတ်သက်၍ မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မီဒီယာများအား ဖြေကြားထားသည်။ 

ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာနဘက်သို့ တရားဝင် အကြောင်းကြားလာခြင်း မရှိသည့်အတွက် ရာသီချိန် လုပ်သားခေါ်ယူမည့် နိုင်ငံများ၌ မြန်မာ မပါဝင်ခြင်းအား ဟုတ်/မဟုတ် မပြောလိုကြောင်း အလုပ်သမားဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

တောင်ကိုရီးယား သတင်းများတွင် ဖော်ပြထားချက်အရ ယခု ၂၀၂၄ ခုနှစ်အတွက် ရာသီချိန် လုပ်သားများအား အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့်  ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ခေါ်ယူရန် သဘောတူညီထားပြီး မြန်မာနိုင်ငံ မပါဝင်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ၌ ရာသီချိန် လုပ်သားအဖြစ် လာရောက် လုပ်ကိုင်ကြ သည့် ရွှေ့ပြောင်းလုပ်သားများမှာ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ပြဿနာ များပြားလာကြောင်း ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။

တောင်ကိုရီးယားသို့ E9 (လုပ်သားငှားရမ်းမှုစနစ်) visa ဖြင့် လာရောက်လုပ်ကိုင်သည့် နိုင်ငံ ၁၅ နိုင်ငံခန့်ရှိသဖြင့် ရာသီချိန်လုပ်သား ခေါ်ယူရန် သဘောတူထားသည့် နိုင်ငံမှာ ၎င်း ၁၅ နိုင်ငံလုံး မပါဝင်သေးသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ရာသီချိန် လုပ်သားစေလွှတ်ခွင့်ရရန်မှာ ဝေးကွာလွန်းသေးကြောင်း ၎င်းက သုံးသပ်သည်။

တောင်ကိုရီးယားရှိ စိုက်ပျိုးလုပ်ငန်းမှာ မြန်မာအလုပ်သမားများကို တွေ့ရစဉ်

ကိုခန့်နေကြည်က “ဖြစ်နိုင်ခြေတွေကို ခန့်မှန်းတဲ့အခါမှာ လူပို့ဖို့လုပ်နေတဲ့ ကုမ္ပဏီမျိုးတွေ၊ လာချင်တဲ့လူတွေကြ တော့ ဒီလို ခန့်မှန်းတဲ့အပေါ်မှာ မနှစ်မြို့တာတွေ ရှိတာပေါ့။ သူတို့ကတော့ ခေါ်တော့မယ်၊ ခေါ်တော့မယ် ပြောစေ ချင်တာပေ့ါ။ ဒါမှလည်း လူတွေကို စုဆောင်းလို့လည်းရမယ်၊ ငွေကြေးလည်း ကောက်ထားလို့လည်း ရမယ်။ သွား နိုင်တာ မသွားနိုင်တာ နောက်အပိုင်းပေါ့။ လောလောဆယ်တော့ ပိုက်ဆံက သူတို့ယူထားလိုက်မယ် ဆိုတဲ့လူတွေ ကလည်း ဒီလိုဝေဖန်တာ မကြိုက်ဘူးပေါ့။ ရာသီချိန် အလုပ်သမားတွေနဲ့ ပတ်သက်ပြီး အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အခုအချိန်မှာ တော်တော်လေး ပြင်းထန်လာတယ်။ အခုနှစ်ပိုင်းနဲ့ ပြီးခဲ့တဲ့နှစ် ကနေစပြီးတော့။ ဒါစပြီးတော့ စမ်းသပ်တဲ့စနစ်ပဲ ရှိသေးတယ်။ ယခင်ကတော့ မိသားစုနဲ့ပတ်သက်တဲ့ ဆွေမျိုးတွေ အနည်းကျဉ်းလောက်ကိုပဲ ခေါ်ယူတော့ ဒီလောက် ပြဿနာတွေက မများဘူးပေါ့ မသိသာဘူးပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံမှ ကိုရီးယားသို့ ရာသီချိန် လုပ်သားစေလွှတ်မည့် ကိစ္စနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သဖြင့် ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် မြန်မာလုပ်သားများ အကြား စိတ်ဝင်စားမှု မြင့်တက်နေခြင်း ဖြစ်သည်။

ရာသီချိန်လုပ်သား အလုပ်အကိုင်သည် ၈ လသာ အလုပ်လုပ်၍  ၄ လနား စနစ်ဖြင့် ကာလတို လုပ်ကိုင်ရခြင်း ဖြစ်သည်။