CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပရဟိတအသင်းအဖွဲ့များထံ အကူအညီ တောင်းခံမှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထက် ပိုမိုများပြားလာကြောင်း မလေးရှားအခြေစိုက် ပရဟိတအသင်း အဖွဲ့များမှ CNI သတင်းဌာနသို့ ပြောသည်။

အကူအညီတောင်းခံကြရာတွင် နေစရာမရှိသဖြင့် အကူအညီပေးရန်၊ အလုပ်အကိုင်မရှိသဖြင့် အလုပ်အကိုင် ရှာပေးရန်၊ စားသောက်ရေးအဆင်မပြေသဖြင့် အကူအညီပေးရန်၊ ဆေးရုံ၊ ဆေးခန်းပြပေးရန်တို့ အဓိက အများဆုံး ဆက်သွယ် အကူအညီ တောင်းခံလာခြင်းဖြစ်ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။

“များတာပေါ့။ အော်ပရာစီတွေ စတဲ့ကာလ၊ အခုကာလတွေနဲ့ အကူအညီတောင်းမှုတွေက နေ့စဉ်ရက်ဆက်ပဲ။ နေစရာမရှိတာကအစ တချို့ဆိုရင်လည်း ကျန်းမာရေးပေါ့နော်၊ ကျန်းမာရေးမကောင်းတာတွေက တော်တော် များတယ်။ ဆေးရုံ၊ ဆေးခန်းသွားချင်တာတွေကအစ အထောက်အထားမရှိဘူးပေါ့။ အထောက်အထားမရှိတော့ ဆေးရုံ၊ဆေးခန်း အရမ်းခက်တယ်။ ကျနော်တို့ နေ့စဉ်ရက်ဆက်တော့ ဆေးရုံဆင်းနေရတာပဲ။ ဆေးရုံပြပေး ရတယ်။ လက်ရှိကတော့ အလုပ်မရှိဘူး။ တချို့ကြတော့လည်း ပွဲစားတွေက အလုပ်ရမယ်ဆိုပြီး လိမ်ခေါ် သွားတယ်၊ ဆီအုန်းတောထဲတွေမှာ ချခဲ့တယ်၊ လမ်းဘေးတွေ ချခဲ့တယ်၊ အချို့ဆို နေစရာထိုင်စရာ မရှိလို့ တံတားအောက်တွေမှာ နေနေရတယ်။ အဲဒီလိုအတိုင်းအတာတွေတော့ နေ့စဉ် အကူအညီတောင်းနေတာ။ ပီနန်းတို့၊ ဂျိုဟိုးလ်တို့ မာလကာတို့ အဝေးကြီးတွေမှာ ဒုက္ခရောက်တဲ့လူတွေလည်းရှိတယ်။ အဲဒီအဝေးကြီး တွေကြတော့ ကိုယ်တွေက မသွားနိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။

ဆေးရုံ၊ ဆေးခန်းပြချင်သူများဖြစ်ပါက ပရဟိတအသင်းအဖွဲ့များမှ အာမခံပေး၍ လိုက်လံပြပေးခြင်း၊ အလုပ် အကိုင် လိုချင်သူများဖြစ်ပါက နီးစပ်ရာ အသိများထံ၌ ကူညီရှာပေးခြင်း၊ နေစရာမရှိပါက ပရဟိတအသင်းအဖွဲ့ များ၏ ရုံးများ၊ အသိမိတ်ဆွေများ၏နေအိမ်၊ ဆိုင်ခန်းများတွင် ရှာပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးနေရကြောင်း သိရသည်။

မလေးရှားတွင် သက်ဆိုင်ရာမှ ဖမ်းဆီခေါ်ဆောင်သွားခံရသူများကို တွေ့ရစဉ်

ထိုသို့ ဖမ်းဆီးရာတွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးမှတ်ပုံတင်ဌာနသို့ ရောက်ရှိသွားပါက ထုတ်ယူ၍ မရတော့ဘဲ ဖမ်းဆီးရမိသည့်ရက်မှစ၍ ၃ လတိတိ ထောင်ဒဏ်ချမှတ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများမှ ပရဟိတအသင်းအဖွဲ့များထံ ကူညီတောင်းခံမှု ပိုမို များပြားလာခြင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထက် လူဦးရေ ပိုမိုထူထပ်များပြားလာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပီနန်းမြို့ရှိ ဒါနကုသလနာရေးကူညီမှုအသင်းမှ အထွေထွေ အကြံပေး ကိုနိုင်လင်းက CNI သတင်းဌာန သို့ ပြောသည်။

“ဟိုးအရင်နှစ်ကနဲ့ ဒီနှစ်ဆိုရင် ဒီနှစ်က နည်းနည်းလေးကြပ်တည်းလာတာကို မြင်ရတယ်။ လူဦးရေက များလာ ပြီးတော့ အဖမ်းအဆီးကလည်း ဆက်များတယ်။ လူဦးရေများလာပြီးကတည်းက အလုပ်ရှာရတာ နည်းနည်းခက် လာတယ်။ 

အကူအညီတောင်းမယ့်သူတွေ များလာတယ်။ အရင်တုန်းကဆိုရင် ဒီလောက်အထိ  အကူအညီ မတောင်းကြဘူး။ အစ်ကိုရေ အလုပ်ရှာပေးပါဦး၊ ကျနော်တို့မှာ ပါမစ်မရှိလို့၊ စာအုပ်မရှိလို့ သူဌေးက လက်မခံတော့ ဘူး အဲဒီအပိုင်းတွေ ပိုဝင်လာတယ်။ အဖမ်းအဆီးကိစ္စမှာ ကူညီတာတော့မရှိဘူး။ လမ်းကြောမှာ တစ်ခါတစ်လေ ရဲတွေနဲ့ ဆုံတဲ့လူတွေကြတော့ သူတို့စကားမတတ်တဲ့အပိုင်းမှာ ဝင်ဖြေရှင်းပေးတာရှိတယ်” ဟု ၎င်းက ပြောသည်။

သက်ဆိုင်ရာမှ ဖမ်းဆီးထိန်းသိမ်းထားစဉ်

လက်ရှိ မလေးရှားနိုင်ငံ၏ အော်ပရာစီအဖမ်းအဆီးများတွင် မြန်မာနိုင်ငံသားများဖွင့်လှစ်ထားသည့် ဆိုင်ခန်းများ၊ ရုံးခန်းများအား အပတ်စဉ် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်သည့်အတွက် နေစရာမရှိ၍ ကူညီပေးထားသော အထောက်အထားမဲ့ မြန်မာနိုင်ငံသားအချို့ ဖမ်းဆီးခံခဲ့ရခြင်းများ ပါဝင်သည်။ 

ထိုသို့ အော်ပရာစီ အဖမ်းအဆီးများပြားနေသည့် မလေးရှားတွင် နေစရာအခက်အခဲဖြစ်နေကြသော မြန်မာများ အပေါ် ပရဟိတအသင်းအချို့ မှ အကူအညီပေးမှုကို ခေတ္တရပ်နားလာကြကာ အဖမ်းအဆီးများ ပြန်လည်ငြိမ်သက် သွားမှသာ နေစရာအခက်အခဲဖြစ်နေကြသူများကို ပြန်လည်ကူညီပေးသွားမည်ဖြစ်ကြောင်း၊ နေစရာရှိပြီး စားစရာ အခက်အခဲဖြစ်နေသူများအနေဖြင့် အချိန်မရွေးအကူအညီတောင်းခံနိုင်ကြောင်း ပရဟိတအသင်းများထံမှ သိရ သည်။