CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံသားများ အဓိကသွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ပြည်ပနိုင်ငံများထဲမှ အချို့နိုင်ငံများတွင် ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများကြောင့် ကုန် ထုတ်လုပ်မှုများ ကျဆင်းသည့်အတွက် မြန်မာ လုပ်သားများ အခက်ကြုံတွေ့နေရကြောင်း သိရသည်။

ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးကျဆင်းမှုဒဏ်ကို ခံစားနေရသည့် မလေးရှားတွင် တစ်နိုင်ငံလုံးနီးပါး လုပ်သား များကို အချိန်ပိုကြေး မပေးနိုင်တော့ခြင်း၊ ပုံမှန်ထက် အများအပြား လူဦးရေထူထပ်လာသဖြင့် အလုပ်အကိုင် အင်မတန် ရှားပါးလာခြင်း၊ လုပ်သားလျှော့ချခြင်းတို့ဖြင့် ကြုံတွေ့နေရကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသား များအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခက်အခဲတွေကတော့ ပိုပြီးများလာတာပဲ ရှိတာပေါ့။ အလုပ်အကိုင်ရှားပါးလာတာတွေ၊ ငွေကြေးလခ နည်းလာတာတို့ အများကြီးဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဒီမတိုင်ခင်မှာ မလေးရှားအစိုးရက တခြားနိုင်ငံ တွေပေါ့။ ပြောရမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ သူတို့သဘောတူညီမှုယူထားတဲ့ အလုပ်သမားဦးရေ နည်းတာ မဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ ဝင်ရောက်လာသလို အခုလက်ရှိ မလေးရှားမှာရှိနေတဲ့ စက်ရုံကြီးတချို့မှာဆို မြန်မာ အလုပ်သမားတွေကို သိသိသာသာလျှော့ချပြီး ပြန်ပို့နေတာတွေ ရှိပါတယ်။ အဲဒီတော့ အသစ်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်တွေကို သူတို့ရဲ့နေရာမှာ အစားထိုးကြတာပေါ့။ ဘာလို့ဆို အသစ်ရောက်လာတယ်၊ လခ နည်း တယ်ပေါ့။ ပြီးတော့ သူတို့ဆီမှာလည်း အမာခံရှိတဲ့အနေအထားမျိုးမှာ သူတို့ တရားဝင်တဲ့ အလုပ်သမားကိုပဲ ခေါ်ပြီးတော့ ခန့်တာမျိုးရှိတယ်” ဟု ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တွေ့ရတဲ့ မြန်မာအလုပ်သမားများကို တွေ့ရစဉ်

တောင်ကိုရီးယားနိုင်ငံတွင် ကုန်ထုတ်လုပ်မှု မကျဆင်းသော်လည်း တောင်ကိုရီးယား၌ ဥပဒေအရ တစ်နှစ်လျှင် တစ်ကြိမ် တိုးပေးလေ့ရှိသည့် တစ်နာရီအတွက် လုပ်ခလစာနှုန်းထားမှာ လာမည့် ၂၀၂၄ ခုနှစ်တွင် ယခင်ထက် ထက်ဝက်ကျော်ခန့် တိုးမြှင့်နှုန်းလျော့ကျသွားကြောင်း ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေး စင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ရှေ့နှစ်မှာတောင်မှ ရွှေ့ပြောင်းအလုပ်သမား ၁၆၀,၀၀၀ ဝန်းကျင်လောက်ကို ခေါ်ဖို့ လျာထားတဲ့ စာထွက် လာပြီပေါ့။ နှစ်တိုင်း၊ နှစ်တိုင်းမှာ ငါးသောင်းလောက်ပဲ ခေါ်နေတာက‌နေ ၁၆၀,၀၀၀ လောက်ကို ခေါ်မယ်ဆိုတာ ကတော့ ဘာပဲပြောပြော အလုပ်အကိုင်ကတော့ အရမ်းကြီး ပါးသွားတာမျိုး မရှိဘူးလို့ နားလည်ရပါတယ်။ အခုနှစ် ၂၀၂၃ ဆိုရင်တော့ ၉၆၂၀(ဝမ်ငွေ) ပေါ့ တစ်နာရီနှုန်းပေါ့။ ပြီးခဲ့တဲ့ ၂၀၂၂ ဆိုရင် ၉၁၆၀။ ရှေ့နှစ်အတွက် တက်တာက တော့ နှုန်းထား အရမ်းနည်းတယ်။ လာမယ့်နှစ်ဆိုရင် ၉၈၆၀ ဖြစ်သွားတယ်။ ၉၆၂၀ နဲ့ ၉၈၆၀ ဆိုတော့ ဝမ် ၁၀၀ ကျော်ကျော်လောက် တက်တာပေါ့။ အရင်နှစ်တွေကဆို ဝမ် ၄၀၀ ၊ ၆၀၀၊ ၈၀၀ တို့ ၁၀၀၀ လောက် တက်တဲ့နှစ် တွေရှိတယ်။ တက်တော့တက်တယ် ကျသွားတယ်ဆိုတဲ့ သမိုင်းတော့ မရှိဘူး။ သို့သော် တိုးတဲ့ပမာဏ ရာခိုင်နှုန်း က အနည်းအများတွေ ကွာတယ်ပေါ့” ဟု ပြောသည်။

ထို့အပြင် ကိုဗစ်နောက်ပိုင်းမှ ပေါ်လာသည့် E73 ဗီဇာ အသစ်ဖြင့် တောင်ကိုရီးယားသို့ လာရောက် လုပ်ကိုင်ကြ သူများသည် ဥပဒေချိုးဖောက်ခံရသည့် ကိစ္စရပ်များ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။ 

အဆိုပါ ဗီဇာဖြင့် လာရောက်လုပ်ကိုင်သူများသည် ဘာသာစကား အရည်အချင်းစစ် စာမေးပွဲဖြေရန် မလိုအပ် သကဲ့သို့ ဘာသာစကား ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားရန်လည်း မလိုကြောင်း၊ အေဂျင်စီနှင့် ကုမ္ပဏီ တိုက်ရိုက် ချိတ်ဆက်ခေါ်ယူခြင်းဖြစ်ပြီး  အများစုသည် သင်္ဘောကျင်းလုပ်ငန်း၌ လုပ်ကိုင်ကြရကြောင်း သိရသည်။

ကိုရီးယားက စက်ရုံတစ်ရုံမှာ အလုပ်သမား ၂ ဦးကိုတွေ့ရစဉ်

မြန်မာလုပ်သား ခေါ်ယူရာတွင်လည်း တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ပုံမှန်နှုန်းထားအတိုင်း ခေါ်ယူနေကြခြင်း ဖြစ်သော်လည်း မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် လုပ်သားခေါ်ယူမှု နည်းပါးလာကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။

လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “ဒါပေမယ့် ထိုင်းရော မလေးရှား ရောက စီးပွားရေးတွေ တစ်ကမ္ဘာလုံးကျတဲ့အပေါ်မှာ မူတည်ပြီးတော့ အလုပ်သမား လျှော့ချတာတွေရှိလာတယ်။ ဒါကတော့ ကမ္ဘာနဲ့ချီပြီးဖြစ်တဲ့ ပြဿနာဆိုတော့ ဘာမှ ရှောင်လွှဲလို့တော့ မရဘူးပေါ့။ တကယ်ကိုလည်း လုပ်သား လိုအပ်ချက် လျှော့ချတာတွေ ရှိလာတယ်။ မလေးရှားဈေးကွက် သွားနေတယ်ဆိုတာကလည်း အရင် လက်ကျန် အဟောင်းတွေက သွားနေတာ။ လူခေါ်ခွင့်အသစ် မချပေးဘူး မလေးရှားအစိုးရ ပိတ်ထားတယ်”ဟု CNI သတင်း ဌာနသို့ ပြောသည်။

ထိုသို့ အချို့နိုင်ငံများ၌ အလုပ်အကိုင် ရှားပါးခြင်းနှင့် အခြားသော အခက်အခဲများ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံဘက်မှ သွားရောက် အလုပ်လုပ်ကိုင်လိုသူ နှုန်းထားများမှ လျော့နည်းမသွားကြောင်း သိရသည်။

တရားဝင် လမ်းကြောင်းဖြင့် သွားရန် စောင့်ဆိုင်းနေသူများရှိသကဲ့သို့ တရားဝင် လမ်းကြောင်းသည် အချိန်ကြန့် ကြာမှု ရှိသဖြင့် မစောင့်ဆိုင်းနိုင်သည့်အတွက် တရားမဝင် လမ်းကြောင်းများမှ ခိုး၍ဝင်ရောက်ကြ သူများမှာလည်း နေ့စဉ်နှင့်အမျှ ရှိနေသည်။