CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁

ပြည်ပအလုပ်အကိုင် အေဂျင်စီအရေအတွက် များပြားလာသော်လည်း တစ်ဖက်နိုင်ငံများမှ လုပ်သားခေါ်ယူမှု နည်းပါးနေသဖြင့် အလုပ်မဖြစ်ကြောင်း  ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။

လက်ရှိ၌ ပြည်ပအလုပ်အကိုင် အေဂျင်စီအရေအတွက် ၅၀၀ နီးပါးအထိ ရှိနေပြီဖြစ်သော်လည်း အေဂျင်စီ အရေ အတွက်နှင့် တစ်ဖက်နိုင်ငံမှ လုပ်သားခေါ်ယူမှု နှုန်းထားမှာ မညီမျှသည့် အနေအထားဖြစ်နေသည်ဟု လပ်ကီး ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အလုပ်အကိုင်တွေ ရှားပါးသွားပြီလေ။ ရောင်းလိုအားနဲ့ ဝယ်လိုအားမှာ ရောင်းလိုအားက များပြီး ဝယ်လို အားက ကျဆင်းနေတယ်။ ‌လောလောဆယ်ကတော့ မလေးရှား Demand က ပိတ်သလောက် ဖြစ်နေတယ်။ ထိုင်း Demand က လျော့ပါးနေတယ်။ ယှဉ်ပြိုင်တာတွေ ဖြစ်တဲ့အတွက် ဈေးကွက်တွေမှာလည်း ပျက်စီးစပြုလာပြီပေ့ါ။ မလေးရှားရော၊ ထိုင်းရော အဓိကက ခေါ်စာတွေ လုံးဝ မရှိသလောက် ရှားပါးလာတယ်။ အဲဒီအတွက်ကြောင့် အေဂျင်စီတွေလည်း လိုင်စင်သာကိုင်ထားပြီး တော်တော်ကြီးကို ရုန်းကန်နေရတဲ့ အခြေအနေ ရောက်သွားပြီ။ ထူးခြားတာ တစ်ခုကတော့ ဂျပန်ကတော့ အခေါ်မရပ်သေးဘူးပေါ့။ ထိုင်းလည်း မရပ်သေးဘူး ဒါပေမယ့် အရမ်း လျော့ပါးသွားပြီ။ အလိမ်အညာတွေက ထပ်ဆင့် ထပ်ဆင့်ပေါ်လာတယ်။ အဲဒါကို ယုံကြည်ပြီး အလိမ်ခံတဲ့သူက လည်းရှိတုန်း။ လိမ်မယ့်သူကလည်း လိမ်ဖို့အတွက် ရတဲ့နည်းနဲ့ ကြိုးစားနေတာရှိတယ်။ အဲဒီတော့ တကယ် အလုပ်လုပ်မယ်ဆိုရင် လိုင်စင်ရ အေဂျင်စီတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံတာ အကောင်းဆုံးပဲလို့ မြင်တယ်” ဟု ပြောသည်။

အလုပ်သမား၀န်ကြီးဌာနရုံးကိုတွေ့ရစဉ်

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာလအထိ ပြည်ပအလုပ်အကိုင်လိုင်စင်ရအေဂျင်စီ ၄၈၄ ခုရှိသည့်အနက် ယာယီပိတ်သိမ်းသည့် အေဂျင်စီကုမ္ပဏီ ၁၀ ခုရှိသဖြင့် အေဂျင်စီ ၄၇၄ ခု လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

လက်ရှိတွင် ပြည်ပနိုင်ငံသို့ ထွက်ခွာရန် အေဂျင်စီများအား ကုန်ကျစရိတ် ပေးသွင်းထားပြီး ဖြစ်သော်လည်း အချိန်ကာလ ကြာမြင့်သည်အထိ ပြည်ပမထွက်ခွာရသေးသူများလည်း ရှိကြသည်။

MOEAF မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက “တချို့တွေကြတော့ ထိုင်းဘက်ဖြစ်တာပေါ့။ ထိုင်းဘက် သူဋ္ဌေးတွေကနေ ဖောက်ဖျက်မှုတွေ ဖြစ်တယ်။ နောက် တချို့  ထိုင်းအေဂျင်စီတွေကနေ ဖြစ်တာပေါ့။ ဒီဘက် ကတော့ အဲဒီ Demand တွေ ရတာမှန်တယ်။ ပြီးတော့မှ ထိုင်းက စာချုပ်ချုပ်ပြီးသွားတော့မှ ဟိုဘက်မှာ သူတို့ လုပ်ငန်းလိုအပ်ချက်အရ Production တွေ ကျသွားတဲ့အတွက် မခေါ်နိုင်တော့ဘူးဆိုတဲ့ ပြဿနာ ဖြစ်သွားတာ။ ဖြစ်သွားတဲ့အခါ ဒီဘက်က စာချုပ်ကလည်း ချုပ်ပြီးသွားပြီ။ ဟိုဘက်မှာလည်း Work permit ဘာညာ လုပ်ပြီး သွားပြီ။ ခေါ်ခါနီးကြမှ ကို့ယို့ကားယားတွေ ဖြစ်တော့ တချို့ဆို ခပ်ဆိုးဆိုး အေဂျင်စီတွေရှိတယ်၊ ခပ်ဆိုးဆိုး  သူဋ္ဌေးတွေရှိတယ်ဆိုရင်တော့ ဒီဘက်ကနေ blacklist တွေဘာတွေ လုပ်ပစ်လိုက်တာတွေရှိတယ်။ ဒီဘက် ကတော့ ပိုက်ဆံတွေ အများကြီးလျော်ရတာ ပေါ့နော်။ မြန်မာပြည်အေဂျင်စီကတော့ အများကြီးပြန်လျော် ရတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပထွက် အလုပ်လုပ်ချင်တဲ့ မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

ပြည်ပနိုင်ငံများသည်လည်း ကိုဗစ်အလွန်ကာလ၌ စီးပွားရေး ထိခိုက်မှုများရှိသဖြင့် ယခုကဲ့သို့ လုပ်သားခေါ်ယူမှု နည်းပါးသွားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် မလေးရှားသို့ Free calling သဘောမျိုးဖြင့် သွားရောက်သူ များပြား‌ပြီး အလုပ်ဟောင်းများဆီသို့ ပြန်သွားကြခြင်းဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံက သိရသည်။ 

သို့သော် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ လုပ်သားခေါ်ယူမှုမှာ ပုံမှန်အနေအထားတွင်သာ ရှိနေသေးကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက CNI သတင်းဌာနသို့ ပြောသည်။

“ဒီလိုလျှော့တဲ့ အခြေအနေနဲ့ အေဂျင်စီတွေများလာတဲ့ အခြေအနေက ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှဘူး။ နောက် ကလေးတွေက ဒီဘက်က ကြန့်ကြာမှုတွေကြောင့် အောက်လမ်းက ထွက်သွားတာတွေလည်း အများကြီး ဖြစ်သွားတယ်။ ထိုင်းဆို အများကြီး ထွက်သွားကြတာ။ အဲဒီဘက်မှာ အေဂျင်စီတွေ ဖောင်းပွပြီးမှ Demand တွေ က ရှားတဲ့အခါမှာ ဈေးကြီးလာတဲ့ ပြဿနာတွေက ဖြစ်လာတာပေါ့။ အဲဒီတော့ လုနေရတယ်၊ သွားလုနေရတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ကိုယ့်ရဲ့ ကျင့်ဝတ်လေးတွေကို ထိန်းပြီးတော့မှ သွားကြတာတော့ အကောင်းဆုံးပေါ့။ ကျင့်ဝတ်ထိန်းဖို့ပဲ အဓိက မှာချင်တာပေါ့” ဟု ၎င်းက ပြောသည်။

ထို့အပြင် အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင် အေဂျင်စီများ၏ လိုင်စင်အာမခံကြေးနှင့် ပတ်သက် ၍လည်း ကျပ်သိန်း ၂၅၀ အစား ကျပ်သိန်း ၁,၀၀၀၊ ထိုင်းလိုင်စင်အတွက် ကျပ်သိန်း ၅၀ အစား ကျပ်သိန်း ၂၀၀ ပြောင်းလဲသတ်မှတ်ရန် လျာထားသည်။