CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅

မလေးရှားနိုင်ငံတွင် မြန်မာအပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သား များအား မတ်လဝန်းကျင်အထိ အဖမ်းအဆီးများ ကြမ်းနိုင်ဖွယ်ရှိကြောင်း မလေးရှားနိုင်ငံရှိ ပရဟိတ အဖွဲ့ အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းမှ စတင်ကာ အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးမှုများကို စတင်ခဲ့ခြင်းဖြစ်ပြီး မတ်လဝန်းကျင်အထိ အဖမ်းအဆီးများ ကြမ်းနိုင်သောကြောင့် ဂရုစိုက် သွားလာကြရန် နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။

“အကြောင်းအမျိုးမျိုးကြောင့် တချို့ကြတော့လည်း လက်ရှိမှ ရောက်လာတယ်၊ စာအုပ်လျှောက်ထားတယ်၊ စာအုပ်လျှောက်ထားလို့မရသေးဘူး။ တချို့ကြတော့လည်း စာအုပ်လျှောက်ပြီးပြီ ငွေရေးကြေးရေး အဆင် မပြေဘူး။ အလုပ်မရှိလို့ မတတ်နိုင်ဘူး။ နေထိုင်ခွင့်ပါမစ် မလုပ်နိုင်ဘူးဆိုတဲ့လူတွေက သတင်းနားထောင်ပါ။ ကိုယ်နေတဲ့နေရာမှာ နယ်မြေအနေအထား ဘယ်လိုရှိလဲ လူဟောင်းတွေကို မေးပါ လူသစ်တွေက။ နယ်မြေ အနေအထားကြည့်နေရမယ်၊ သွားတာလာတာ ဂရုစိုက်ကြပါ။ အဓိကကတော့ မျက်စိပိတ်နေလို့မရဘူး။ မျက်စိ ဖွင့်နေရမယ်။ ဘယ်နေရာမှာ ဘယ်လိုရှိလဲ သတင်းကြား၊ ရှောင်သင့်ရင် ရှောင်ရမယ်။ ကျနော့်အထင်တော့ အများကြီး မကြမ်းနိုင်ပါဘူး။ ၁ လပိုင်း၊ ၂ လပိုင်း၊ ၃ လပိုင်း ပတ်ဝန်းကျင်လောက်ပဲ သူတို့ကြမ်းမှာပါ။ အဲဒီပတ်ဝန်းကျင်မှာ နေထိုင်ဂရုစိုက်ကြဖို့ ပြောချင်တယ်” ဟု ၎င်းက ပြောသည်။

အလုပ်သမားများနေထိုင်ရာ နေရာများသို့ ဝင်ရောက်ဖမ်းဆီးစဉ်

ယခင်က နေရာတစ်ခုသို့ အော်ပရာစီဝင်ဖမ်းသည့်အခါတွင် ဖမ်းဆီးခံထားရသူများအား စုထားပြီးမှသာ အချုပ် ကားများ ရောက်ရှိလာခြင်းဖြစ်သော်လည်း ယခုအခါတွင် နေရာတစ်ခုသို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ရန် စတင်ကတည်းက အချုပ်ကား အများအပြား တစ်ပါတည်းပါလာခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အော်ပရာစီဖမ်းဆီးမှုကြမ်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကာ စစ်ဖြစ်သည့်ပုံစံနှင့် အလားသဏ္ဍာန် တူကာ ကြောက်စရာကောင်းကြောင်းလည်း မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် လက်ရှိ အဖမ်းအဆီးများနေသည့် ကာလတွင် ထိုင်းမှတဆင့် တရားမဝင်လမ်းကြောင်းဖြင့် ခိုး၍ ဝင်ရောက်လာနေသည့် မြန်မာနိုင်ငံသား အများအပြားလည်း နေ့စဉ်ရှိနေသည့်အတွက် လက်ရှိအနေအထားတွင် ရပ်တန့်စေချင်ကြောင်း မလေးရှားတွင်နေထိုင်လျက်ရှိသည့် မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

“ဘာလို့လဲဆိုတော့ ဒီမှာ ကျနော်တို့လက်ရှိ ကြုံတွေ့နေရတာက တအားကြပ်တည်းနေတဲ့ကာလကြီးလည်း ဖြစ်တယ်။ ပြီးတော့ register တင်လို့ရတဲ့ ကာလကြီးကလည်း ပိတ်သွားပြီဖြစ်တဲ့အတွက် အရမ်းကြပ်တည်း တော့မှာဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ ဒီမှာ အဖမ်းအဆီးတွေက ရှိနေတဲ့အတွက် အထောက်အထားမဲ့တွေ၊ အောက်လမ်းက လာတာတွေကို မလာစေချင်ဘူး ရပ်တန့်စေချင်ပြီပေါ့။ ဒီမှာရှိတဲ့ အမှန်သမားတွေနဲ့ UNHCR ကိုင်ထားတဲ့လူတွေလည်း ဆင်ဆင်ခြင်ခြင်လေး ပတ်ဝန်းကျင်နဲ့ သင့်မြတ်အောင်နေပြီးတော့ အေး‌အေး ဆေးဆေး အလုပ်အကိုင်လုပ်ပြီး နေစေချင်တယ်” ဟု ၎င်းက ပြောသည်။

အလုပ်သမားများနေထိုင်ရာ နေရာများသို့ ဝင်ရောက်ဖမ်းဆီးစဉ်

လက်ရှိ ဖမ်းဆီးမှုများတွင် ရဲအင်အားများဖြင့် ဖမ်းဆီးမှုများရှိသကဲ့သို့ လ.ဝ.က မှ ဝင်ရောက်ဖမ်းဆီးခြင်းများ လည်း ရှိနေကြောင်း၊ အများဆုံးဖမ်းဆီးခံရသည့်အထဲတွင် မြန်မာနိုင်ငံသားများလည်း ပါဝင်ကာ ရာနှင့်ချီ ဖမ်းခံ ထားရပြီးပြီဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဖမ်းဆီးခံရသူများတွင် ပါမစ်ကဒ်ကိုင်ဆောင်ထားသူများလည်း ပါဝင်ကာ သူဌေးအပေါ်မူတည်ကာ မြန်မြန်ဆန်ဆန် လွတ်မြောက်ကြပြီး ဒုက္ခသည်ကဒ်ကိုင်ဆောင်ထားသည့် မြန်မာများ ဖမ်းဆီးခံရပါက UNHCR ထံသို့ အကြောင်းကြားရာတွင် အထောက်အထား မှန်ကန်မှု ရှိ၊ မရှိကို အကြောင်းပြန်ကြားမှုမှာ ကြန့်ကြာသဖြင့် ထိန်းသိမ်းရေးစခန်းများတွင်သာ နေထိုင်ရသဖြင့် အခက်အခဲဖြစ်ကြကြောင်းလည်း ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်ပေးနေသူများထံက သိရသည်။