CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀

ပြည်တွင်းတွင် ဆန်ဝယ်ယူမှု များပြားနေခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပုံမှန်ထက် ဆန်တစ်အိတ်လျှင် ၅၀၀၀ ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာနေသည်ဟု ဆန်ဈေးကွက်အတွင်းမှာ သိရသည်။

ပြီးခဲ့သည့်လက ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၉၃,၀၀၀ ကျပ်မှ ၉၇,၀၀၀ ကျပ်ခန့်ရှိသော်လည်း လက်ရှိတွင် ၉၅,၀၀၀ မှ ၁၀၀,၀၀၀ ကျပ် ဖြစ်နေသည်။

လက်ရှိတွင် ဆန်အသစ်များ ဝင်ရောက်ချိန်ဖြစ်သော်လည်း ဆန်ဈေးနှုန်း မြင့်တက်မည်ကို စိုးရိမ်နေကြပြီး ဆန်ဝယ်ယူ စုဆောင်းနေမှုများကြောင့် ဆန်အဟောင်းအပြင် ဆန်အသစ်များလည်း ဈေးနှုန်းမြင့်တက်နေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

သက်သာချောင်ချိရေးအတွက် ဆန်ရောင်းပေးနေစဉ်

၎င်းက “ဝယ်တဲ့သူ များလို့ပေါ့။ Demand များလို့ပေါ့။ ဆန်အသစ်တွေတော့ ပေါ်ပြီ။ ဒါပေမယ့် အဝယ်တွေ များနေ တယ်။ ဆန်ကို ၂ လစာ၊ ၃ လစာ အဲဒီလိုမျိုး စုတဲ့အိမ်တွေက စုတယ်။ အဟောင်းလည်း တက်တယ်၊ အသစ်လည်း တက်တယ် အခုက အဲဒီလို ဖြစ်နေတယ်။ အဟောင်းကတော့ အဟောင်းစားတဲ့ သူတွေကလည်း များနေသေး တော့။ အခုကတော့ ဈေးနှုန်း ချဖို့တွေတော့ ပြောနေပါတယ်။ ပြောလို့တော့ မရဘူး အကုန်လုံးက ဈေးတက်မယ် ထင်ပြီးတော့ ဝယ်ကိုင်ထားကြတော့ ဈေးမတက်ဘူးဆိုတဲ့ အမြင်ရှိရင်တော့ ပုံမှန်လေး စီးဆင်းနေမှာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် မတိုင်ခင်က ဆန်ဈေးနှုန်းသည် အတက်အကျမရှိဘဲ တည်ငြိမ်နေခဲ့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီးနောက် တခြားသော မြို့များ၌ တိုက်ပွဲများကူးစပ် လာမည်ကို စိုးရိမ်၍ ဆန်အပါအဝင် အခြေခံ စားသောက်ကုန်များကို ကြိုတင်စုဆောင်းလာကြသည်။

ထို့ကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်လာသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

သက်သာချောင်ချိရေးအတွက် ဆန်ရောင်းပေးနေစဉ်

လက်ရှိတွင် ရန်ကုန်ဆန်ဈေးကွက်သို့ ဆန်ဝင်ရောက်မှုသည် ပုံမှန်အတိုင်းသာ ရှိနေကြောင်း၊ ဝယ်လိုအား များနေ ခြင်းကြောင့် ဆန်ဈေးနှုန်း မြင့်တက်သွားရခြင်း ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

ထို့နောက် ဆန်အဟောင်းဈေးနှုန်းများသည် အမြင့်ပိုင်းတွင် ရှိနေခြင်းကြောင့် ဆန်အသစ်များ လှိုင်လှိုင် ပေါ်လာ ချိန်တွင်လည်း ဆန်ဈေးနှုန်းသည် ယခုအတိုင်းသာ ဆက်လက်ရှိနေနိုင်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရိုးရိုး ဧည့်မထဆန်တောင်မှ အဟောင်းတုန်းကလည်း ၇၀,၀၀၀၊ ၈၀,၀၀၀ ပဲ။ အခု အသစ်တွေ ပေါ်ပြန် တော့လည်း ဒီဆန်အဟောင်းဈေးက ဒီဟာပဲဆိုတော့ ဆန်အဟောင်း စားနေရင်းနဲ့ ဆန်အသစ်က ဟောင်းသွား တာပေါ့။ အဲဒီလိုဆိုတော့ အန်ကယ်ထင်ပါတယ် ဈေးက ဆန်ကြမ်းပေါ့ ဧည့်မထတောင်မှ ၇၀,၀၀၀၊ ၈၀,၀၀၀ ဖြစ်တဲ့အတွက် အချောဖြစ်တဲ့ ပေါ်ဆန်းက အဲဒီဝန်းကျင်ကနေပြီးတော့ မကျနိုင်လောက်တော့ဘူး။ ပစ္စည်းက လည်း နည်းနည်း ရှားသွားတာရယ်၊ ကျန်တဲ့ အခြေအနေ အရပ်ရပ်ပေါ့ကွာ” ဟု ပြောသည်။

မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း၏ နိုဝင်ဘာ ၂၀ ရက်နေ့ ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်း တစ်အိတ် လျှင် ၁၂၀,၀၀၀ ကျပ်မှ ၁၂၅,၀၀၀ ကျပ်၊ ကျားပျံသစ် တစ်အိတ်လျှင် ၉၅,၀၀၀ မှ ၁၀၀,၀၀၀ ကျပ်နှင့် ရက် ၉၀ ဆန် တစ်အိတ်လျှင် ၇၂,၀၀၀ ကျပ်မှ ၇၅,၀၀၀ ကျပ် ဖြစ်ပေါ်နေသည်။