CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀

ထိုင်းတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုကြောင့် ထိုင်းကုမ္ပဏီ ၁၂၆ ခု၊ ထိုင်းဘက်မှ အေဂျင်စီ ၂၀ ခု၊ ထိုင်း အလုပ်ရှင်ကိုယ်စားလှယ် ၁၂၅ ဦးတို့အား အလုပ်သမားဝန်ကြီးဌာနဘက်မှ Blacklist သွင်းလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများ စေလွှတ်ရာတွင် သတ်မှတ်စည်းကမ်းများနှင့် မကိုက်ညီခြင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခြင်းများကြောင့် အလုပ်သမားလက်ခံသည့် ထိုင်းကုမ္ပဏီ၊ အေဂျင်စီနှင့် ကျူးလွန်သည့် လူပုဂ္ဂိုလ်များအား ယခုကဲ့သို့  အမည်ပျက်စာရင်း သွင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

MOEAF မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက“ဟိုဘက်မှာ ချိုးဖောက်တာကြ MOU နဲ့ သွားပေမယ့်လည်း တချို့တွေက လခအပြည့် မပေးတဲ့ဟာတွေရှိတယ်၊ လခ မရှင်းနိုင်တာရှိတယ်။ Over Time ဆို မပေးနိုင်တာတို့ အဲဒီလိုမျိုး လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေး အပြည့်အဝ မရတာမျိုး ဒါမျိုးလေးတွေရှိတာပေါ့။ တခါတ လေ အလုပ်မရှိတော့တဲ့ဟာကြီးကို ပြန်ပို့လိုက်တာတို့ ညှိမရ နှိုင်းမရ။ နောက် အလုပ်(A)မှာ အလုပ်ခေါ်ပြီးတော့မှ (B)ကိုပို့တာပေါ့။ (A) အလုပ်ကို ဒီဘက်ကနေ စာချုပ်ချုပ်ပြီး ဟိုဘက်သူဋ္ဌေးက (B)ကို ပို့လိုက်တာတို့၊ (C)ကို ပို့လိုက်တာတို့။ ဒီပြဿနာတွေက ကုမ္ပဏီကလည်းဝင်ရှင်း၊ သံအရာရှိတွေကလည်း ဝင်ရှင်းတယ်။ ရှင်းလို့ နောက် ဆုံး မရတဲ့အခါကြမှ သူတို့ကို Blacklist တစ်ခါတည်း လုပ်လိုက်တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများကို တွေ့ရစဉ်

MOU သမားများ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရခြင်းအား သံအရာရှိများမှ ညှိနှိုင်းဖြေရှင်း၍ မရသဖြင့် ယခုကဲ့သို့ ၎င်းကုမ္ပဏီများအား Blacklist သွင်းလိုက်ခြင်းသည် မဖြစ်သင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ထောက်ပြကြသည်။

အချို့ကိစ္စများတွင် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများမှ လိုက်လံကူညီဆောင်ရွက် ပေးရခြင်းများရှိသဖြင့် အလုပ်သမားအရေးနှင့် ပတ်သက်၍ သံအရာရှိများမှလည်း အဆင်ပြေစွာ ညှိနှိုင်း ဆောင် ရွက် ကူညီပေးရမည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်သည်။

မြန်မာနိုင်ငံ၌ Blacklist သွင်းခံရသည့် အေဂျင်စီများသည် အခြားအမည်ပြောင်းလဲပြီး အေဂျင်စီအသစ် လိုင်စင် ပြန်လျှောက်ခြင်း များရှိသောကြောင့် ထိုင်းနိုင်ငံမှ Blacklist သွင်းခံရသည့် ၎င်း ကုမ္ပဏီ၊ အေဂျင်စီနှင့် လူပုဂ္ဂိုလ် များသည်လည်း အခြားအမည်ပြောင်းလဲ၍ လုပ်ဆောင်ကြမည်ဖြစ်ကြောင်းလည်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။ 

ထိုင်းရောက် မြန်မာအလုပ်သမားများကို တွေ့ရစဉ်

၎င်းက “အရေးယူတဲ့ ပုံစံမျိုးတွေက အရေးယူတယ်ဆိုတာ ဘယ်လိုပုံစံမျိုး ယူသင့်လဲ။ ဥပမာ တရားဝင် ပိတ်လိုက် တာလား၊ နောက် တခြားနာမည်တွေနဲ့ ဖွင့်လို့ရသေးလား၊ ဒါတွေက အရေးယူခြင်း မယူခြင်းက ပြဿနာက ကြည့်မယ်ဆိုရင် သိပ်ထိရောက်မှု မရှိဘူးပေါ့။ အရေးယူတဲ့ဟာက စကားလုံးတစ်လုံးက အ‌ရေးယူတယ်လို့ သိရပေမယ့် တကယ် အရေးယူလား မယူဘူးလားဆိုတာက တစ်ပိုင်းပေါ့။ နောက်တစ်ခုက MOU နဲ့လာတဲ့ အလုပ် သမားတွေကို အေဂျင်စီတွေက အလုပ်ချိုးဖောက်တဲ့ အခါကြရင် ထိုက်တန်တဲ့ လျော်ကြေးကို ပေးရမှာ ဖြစ်တယ်။ ဒီဟာတွေကို မပေးနိုင်ဘူးဆိုရင်လည်း အစိုးရက တာဝန်ယူပြီး ပေးရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအလုပ် သမားတွေမှာလည်း ချွေးနည်းစာတွေ ဖြစ်တယ်။ ချွေးနည်းစာတွေဖြစ်တော့ ဒီပုဂ္ဂိုလ်တွေကို အရေးယူတာ တစ်ခု တည်းနဲ့ မရဘူးပေါ့။ သူတို့ကို ပြစ်ဒဏ်ပေးတာတို့၊ အလုပ်သမားတွေကို ပြန်ပြီး လျော်ကြေး နစ်နာကြေးတွေ ပေးတာမျိုးတို့ ဒီလိုလုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်ရင်တော့ မဆိုးဘူးပေါ့” ဟု ပြောသည်။

ထို့အပြင် လက်ရှိ Blacklist သွင်းလိုက်သည့် ထိုင်းကုမ္ပဏီများ၊ အေဂျင်စီများနှင့် ယခင်က ချိတ်ဆက် ဆောင်ရွက် ထားကာ ကုန်ကျစရိတ် ပေးသွင်းပြီးသား မြန်မာများရှိခဲ့ပါကလည်း ၎င်းတို့ကုန်ကျစရိတ်အား ပြန်လည် ပေးဆောင်သင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက အကြံပြုသည်။

ထို့အပြင် ၎င်းကုမ္ပဏီများတွင် လက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများရှိပါက ၎င်းတို့အား အခြား လုပ်ငန်းခွင်သို့ ပြောင်းလဲ ပေးသင့်ကြောင်းလည်း အကြံပြုကြသည်။