CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈

မလေးရှားနိုင်ငံသည် လက်ရှိ၌ စီးပွားရေးကျဆင်းမှုနှင့်ရင်ဆိုင်နေရသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများအပါအဝင် အလုပ်အကိုင်များမှာလည်း ရှားပါးနေသည့်အတွက် မြန်မာနိုင်ငံသားများဒုက္ခရောက်နေကြကြောင်း မလေးရှားရှိ မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် လက်ရှိတွင် ဒေဝါလီခံသွားရသည့်စက်ရုံများ၊ ပိတ်သွားရသည့် စက်ရုံများလည်း ရှိနေသည့်အပြင် လူလိမ် ခံရခြင်းများလည်း ကြုံတွေ့နေရကြောင်း မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

“ဆန်အိတ်တွေ အရင်တုန်းက ကျနော်တို့ ၂၅ နဲ့ ၃၀ လောက်နဲ့ အခု ၄၀ ကျော်တွေဖြစ်နေပြီ။ ကုန်ဈေးနှုန်းတွေက မြင့်ပြီးတော့ အလုပ်အကိုင်တွေက တော်တော်ရှားပါးနေတာ။ သူတို့ရဲ့ အဓိကထွက်ကုန်တွေ ဒီ Furniture တွေ အဲဒီကောင်တွေက တခြားနိုင်ငံတွေက မယူတော့ဘူး။ မယူတော့ ဒီဘက်မှာပုံပြီးတော့ စက်ရုံတွေ သူဋ္ဌေးတွေက စက်ရုံပိတ်ရတဲ့ အဆင့်တွေ။ လောလောဆယ်လည်း မြန်မာ general worker တွေအတွက် OT ဆိုတာလည်း စက်ရုံမှာ မရှိတော့ဘူး။ မနက် ၈ ည ၅ ဒီလိုပဲ စီးပွားရေးက တော်တော်လေး စိုးရိမ်ရတယ်ပေါ့။ အခုလက်ရှိက တော့ မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတာက လူလိမ်တွေဒဏ်ကို ခံနေရတာ။ လူလိမ်တွေဒဏ်ဆိုတာက ဒီမှာနေတာ ကြာသွားပြီးတော့ ပွဲစားတော့ မဟုတ်ဘူး ပွဲစားယောင်ယောင် ဘာယောင်ယောင်တွေက အလုပ်ရှာ ပေးမယ် ဘာညာ အိမ်တွေမှာထား ပိုက်ဆံတွေတောင်း။ တောင်းပြီးတော့မှ အလုပ်တွေကမပေးနိုင်။ မပေးနိုင်ဘဲနဲ့ ဒီအလုပ်သမားတွေအတွက် အရမ်းကြီး ခက်ခဲနေတယ်ပေါ့။ မြန်မာအချင်းချင်း ပြန်လိမ်ပတ်နေတဲ့ဟာ ပြီးသွားရင် စက်ရုံတွေက လုပ်ငန်းတွေမကောင်း၊ မကောင်းတော့ OT တွေမရှိတော့ တစ်ဖက်မှာ အမှန်နဲ့သမားတွေကလည်း တခြားမှာ overstay နဲ့ စက်ရုံတွေမှာ ရမယ်ဆိုပြီး ညာခေါ်တော့ overstay သွားတဲ့သူတွေတော့ တော်တော်လေး ခက်ခဲတယ်” ဟု ၎င်းကပြောသည်။

ထိုသို့ အလိမ်ခံရရာတွင် overstay သမားများဖြစ်နေသည့်အတွက် သံရုံးဖြင့် မသက်ဆိုင်သောကြောင့် အလုပ် သမားရေးရာတွင် ပြဿနာတက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်အား မလေးရှားနိုင်ငံတော်အလံနှင့်အတူ တွေ့ရစဉ်

ထို့အပြင် ဒေသတွင်း ကုန်ထုတ်လုပ်မှု ဗဟိုချက်နှင့် ကုန်စည်တင်ပို့သည့် နိုင်ငံဖြစ်သော မလေးရှားတွင် ပြည်ပ ဝယ်လိုအားများ နှေးကွေးနေသဖြင့် စီးပွားရေးလှိုင်းလေထန်သည့် အခြေအနေကို မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် (Anwar Ibrahim)က ရင်ဆိုင်နေရသည်ဟု Asia Nikkei မှ ဖော်ပြထားသည်။

သို့သော် ယခု ကြုံတွေ့နေရသည့် အခြေအနေများကြောင့် လက်ရှိတွင် ပြည်ပထွက်ခွာ အလုပ်လုပ်မည်ဆိုပါက လက်ရှိတွင် မလေးရှားနိုင်ငံအစား အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရန် အကြံပြုကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

“ဖြစ်နိုင်ရင်တော့ မလေးရှားမလာကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။ အရင်ကလိုမဟုတ်တော့ပါဘူး။ ကုန်ဈေးနှုန်းတွေ စည်းကြပ်နေတယ်။ အခုအချိန်မှာ မလေးရှားက နေဖို့မသင့်တော်တော့ပါဘူး။ အခု သူတို့နိုင်ငံသားတွေအတွက် တောင်မှ ကုန်ပစ္စည်းတွေ ပြတ်လပ်တာတွေရှိနေတဲ့အနေအထားမျိုးမှာ ပြတ်လပ်တယ်ဆိုတာ ဈေးနှုန်း သတ်မှတ် ထားတဲ့ဟာပေါ့နော် ဈေးချိုချိုနဲ့ ဝယ်တဲ့ဟာတွေက မလုံလောက်တာတွေတောင် ရှိနေတဲ့ အနေအထားမျိုးမှာ နိုင်ငံခြားသားတွေကတော့ ခက်ခဲမှုတွေနဲ့ ထပ်ရှိလာနိုင်ဖို့ပဲရှိမယ်။ အဲဒီအတွက်မို့လို့ ဖြစ်နိုင်ရင် တခြားနိုင်ငံ သွားကြပါ။ မလေးရှားမလာကြပါနဲ့လို့ပဲ ကျနော်ပြောချင်တယ်” ဟု ၎င်းက ပြောသည်။

မလေးရှားသို့ တရားမဝင်လမ်းကြောင်း၊ အလည်ဗီဇာတို့ဖြင့် လာရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက မိမိနှင့် သိကျွမ်းသူများရှိပြီး အလုပ်အကိုင်သေချာမှသာ လာရောက်သင့်ကြောင်း တိုက်တွန်းကြသည်။

လက်ရှိတွင် ပွဲစားများ၏ ပြောစကားများအပေါ်ယုံကြည်၍ မလေးရှားသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အများအပြား အလုပ်လက်မဲ့ဖြစ်ပြီး ဒုက္ခရောက်နေကြကြောင်း မလေးရှားတွင်နေထိုင်လျက်ရှိသည့် မြန်မာ နိုင်ငံသားများထံက သိရသည်။

မွှားမိုက်ကယ်က “ဘာဖြစ်လို့လဲဆို ဒီဘက်မှာ အဲဒီလို ပွဲစားကို ယုံကြည်ပြီးတော့ လာလို့ အခု မြန်မာနိုင်ငံသား ထောင်နဲ့သောင်းနဲ့ ချီပြီးတော့ ဒုက္ခရောက်နေတာ၊ အလုပ်လက်မဲ့တွေဖြစ်နေတာ။ တစ်‌နေ့မှာ တစ်နပ်စားပြီးတော့ အလုပ်စောင့်နေရတဲ့သူတွေကလည်း တစ်ပုံကြီး။ ပွဲစားတွေကတော့ လာပါ လာပါလို့ခေါ်မှာပဲ။ အဲဒီအတွက် ကိုယ့်ဘက်ကလည်း ဆင်ခြင်ပြီးတော့ လာစေချင်တယ်။ ကိုယ့်နိုင်ငံမှာ အလုပ်ရှားပါးတာ ပြဿနာမရှိဘူး။ အဲဒီနိုင်ငံကနေပြီးတော့ အကြွေးတွေ အတိုးတွေနဲ့ယူပြီးတော့မှ မလေးရှားကိုရောက်တော့မှ အလုပ်ကမရှိ၊ လုပ်ငန်းရှားပါးတဲ့ဒဏ်ကို ပြန်ခံရရင် အတိုးတွေကတက်၊ တိတိကျကျနဲ့ လူခံရှိမှ သေချာမှ လာဖို့” ဟု ပြောသည်။

ထို့အပြင် လက်ရှိတွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အတွက် ရက်ချိန်းအား အွန်လိုင်းမှ QR code စနစ်ဖြင့်တင်ကြရာတွင် ရက်ချိန်းပြန်မကျသောကြောင့် အခက် အခဲဖြစ်လျက်ရှိသည်။