CNI International News

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၆

ဒေသတွင်း ကုန်ထုတ်လုပ်မှု ဗဟိုချက်နှင့် ကုန်စည်တင်ပို့သည့် နိုင်ငံဖြစ်သော မလေးရှားတွင် ပြည်ပဝယ်လိုအား များ နှေးကွေးနေသဖြင့် စီးပွားရေးလှိုင်းလေထန်သည့် အခြေအနေကို မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် (Anwar Ibrahim) ရင်ဆိုင်နေရသည်ဟု Asia Nikkei မှ ဖော်ပြခဲ့သည်။

အီဘရာဟင်မ်သည် ၂၀၂၅ ခုနှစ်အထိ ရေးဆွဲထားသည့် ၅ နှစ်ကြာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ သက်တမ်းဝက်ကာလ စိစစ်သုံးသပ်မှုကို ယခုသီတင်းပတ် အစောပိုင်းက လွှတ်တော်သို့ တင်သွင်းခဲ့သည်။ 

ထို့ပြင် အီဘရာဟင်မ်က ၎င်း၏ အစိုးရသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုးတက်စေရန် တန်ဖိုးကြီးမားသည့် ဒစ်ဂျစ်တယ် နည်းပညာ၊ မြေရှားသတ္တုနှင့် အခြားကဏ္ဍများကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု အလေးထား ပြောဆိုခဲ့သည်။

"မလေးရှားနိုင်ငံမှာ ဈေးကွက်ယှဉ်ပြိုင်မှုကို တိုးမြှင့်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ အစိုးရအဖွဲ့က ရည်ရွယ်ထားပါတယ်။ ပြည်ပက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်ဖို့အတွက် ပြည်တွင်းက တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်တင်ပြီး စီးပွားရေးလုပ်ငန်းတွေကို အဆင်ပြေ ချော မွေ့စွာ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့က အဓိကကျပါတယ်"ဟု ၎င်းက ပြောသည်။

မလေးရှားမြို့အတွင်း တစ်နေရာကိုတွေ့ရစဉ်

စီးပွားရေးအစီအစဉ်ကို သုံးသပ်ထားသည့် အချက်အလက်များတွင် မလေးရှား၏ နှစ်စဉ် ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှု အား ၂၀၂၅ ခုနှစ်မတိုင်မီ ၅ ရာခိုင်နှုန်းမှ ၅ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိစေရန် မျှော်မှန်းထားသည်။ 

ထိုမျှော်မှန်းချက် ရာခိုင်နှုန်းသည် ကပ်ရောဂါ မတိုင်မီက ရာခိုင်နှုန်းနှင့် ပျမ်းမျှ တူညီမှုရှိနေသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ငါးနှစ်ကြာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် အစိုးရအဖွဲ့၏ အသုံးစရိတ်ကို နောက်ထပ် ရင်းဂစ် ၁၅ ဘီလျံအထိ တိုးမြှင့်ခဲ့သဖြင့် ငါးနှစ်သက်တမ်း၌ အသုံးစရိတ်စုစုပေါင်း ရင်းဂစ် ၄၁၅ ဘီလျံ (ဒေါ်လာ ၈၈ ဘီလျံ) အထိရှိခဲ့သည်။

 မလေးရှားရှိ လက်အိတ်စက်ရုံကိုတွေ့ရစဉ်

အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မလေးရှားတွင် စီးပွားရေး နှေးကွေးနေချိန်၌ သက်တမ်းဝက် စိစစ်သုံးသပ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

ယခုနှစ် ဒုတိယ သုံးလပတ်ကာလ၏ ဂျီဒီပီသည် ၂ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ထိုနှုန်းထားသည် နှစ်အလိုက် မျှော်မှန်းထားသည့် ပမာဏထက် နိမ့်ကျခဲ့သည်။

ယခုနှစ် ပထမသုံးလပတ် ကာလ၏ ဂျီဒီပီမှာ ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်က မလေးရှားနိုင်ငံသည် ကပ်ရောဂါမှ နာလန်ထူနိုင်ခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၈ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့သည်။

သြဂုတ်လကလည်း မလေးရှားဗဟိုဘဏ်သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်ကို ပြန်လည် သုံးသပ်ခဲ့ပြီး လက်ရှိ အခြေအနေများအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက် နှုန်းထားကို ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအကြား လျှော့ချခဲ့သည်။

Source: Asia Nikkei