CNI International News

ရှန်ဟိုင်း၊ စက်တင်ဘာ ၈

တရုတ်၏ အကြီးမားဆုံး အိမ်ခြံမြေကုမ္ပဏီများ၏ ဘဏ္ဍာရေး ပြဿနာသည် နိုင်ငံ၏စီးပွားရေးကို ထိခိုက်စေခဲ့ပြီး စီးပွားရေးလုပ်ငန်းများသည် တရားစွဲဆိုမှုများနှင့် ရင်ဆိုင်နေရသည်ဟု CNA မှ ဖော်ပြခဲ့သည်။

အိမ်ခြံမြေကဏ္ဍအား ပြုပြင်ပြောင်းလဲမည့် တရုတ်အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများကြောင့် တရုတ်နိုင်ငံတွင် အိမ်ခြံမြေဈေးကွက် အကျပ်အတည်း ပေါ်ပေါက်လာခဲ့သည်။

အိမ်ခြံမြေလုပ်ငန်းများသည် တရုတ်စီးပွားရေး၏ ကျောရိုးတစ်ခုဖြစ်ပြီး ဒေသခံ ၈၀ ရာခိုင်နှုန်း၏ ပိုင်ဆိုင်မှုများ သည် အိမ်ခြံမြေကဏ္ဍထဲတွင် ရှိနေသည်။ ထိုပိုင်ဆိုင်မှုသည် တရုတ်နိုင်ငံ ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းအထိ ရှိသည်။

Evergrande Group ကို တွေ့ရစဉ်

တစ်ချိန်က တရုတ်၏ ထိပ်သီး အိမ်ခြံမြေ ကုမ္ပဏီဖြစ်သည့် Evergrande Group သည် ပြီးခဲ့သည့်လက ဒေဝါလီခံ ရန် လျှောက်ထားမှုနှင့်အတူ ၂၀၂၂ ခုနှစ်က အိမ်ခြံမြေ အရောင်းဈေးကွက်တွင် အများဆုံး ရောင်းချနိုင်ခဲ့သည့် Country Garden ကုမ္ပဏီသည်လည်း ၎င်း၏ ပထမဆုံးအကြိမ် ကြွေးမြီပေးဆပ်ရန် ပျက်ကွက်မည့် အခြေအနေ နှင့် ပွတ်သီကာသီ ရှောင်လွှဲနိုင်ခဲ့သည်။

တရုတ်သည် အိမ်ခြံမြေကဏ္ဍအပေါ် မှီခိုအားထားမှုကို လျှော့ချခဲ့ချိန်တွင် တရုတ်အိမ်ခြံမြေကဏ္ဍသည် ရှေရှည် အသွင်ကူးပြောင်းမှုကာလအား ရင်ဆိုင်နေရသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်၏ အိမ်ခြံမြေကုမ္ပဏီများကို ထောက်ပံ့ပေးနေသည့် ဘဏ္ဍာရေးအဖွဲ့သည် ထိုကုမ္ပဏီများထံမှ ဒေါ်လာ ၃၉၀ ဘီလျံ ရရှိမည့် အချိန်ကာလအား စောင့်ဆိုင်းနေရသည်ဟု ဟောင်ကောင်အခြေစိုက် Gavekal Research သုတေသန ကုမ္ပဏီ၏ အဆိုအရ သိရသည်။

တရုတ် အိမ်ခြံမြေကို တွေ့ရစဉ်

တရုတ်၏ ဆောက်လုပ်ရေး ကဏ္ဍတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါ က အလုပ်အကိုင်နေရာ ၁ ဒသမ ၅ သန်း လျော့ကျသွားခဲ့သည်ဟု တရုတ် ဆောက်လုပ်ရေးလုပ်ငန်း အသင်း (China Construction Industry Association) ၏ ယခုနှစ် ဇွန်လ၌ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြခဲ့သည်။

"တရုတ်မှာ COVID-19 ကပ်ရောဂါ မဖြစ်ခင် ၂၀၁၉ ခုနှစ်တုန်းက အိမ်ခြံမြေကုမ္ပဏီတွေ ၁၀၀,၀၀၀ လောက်ရှိခဲ့ပါ တယ်။ အခုအချိန်မှာတော့ အဲဒီအိမ်ခြံမြေကုမ္ပဏီတွေထဲက ကုမ္ပဏီ ၅၀၀၀ လောက်ဟာ ဒေဝါလီခံကြောင်း ကြေညာခဲ့လို့ အခြေအနေက ပိုမိုဆိုးရွားလာခဲ့ပါတယ်" ဟု ဟောင်ကောင်အခြေစိုက် Hang Seng ဘဏ်၏ စီးပွားရေးပညာရှင် ဝမ်တန် (Wang Dan)က ပြောကြားခဲ့သည်။

Source: CAN