CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၉

ထိုင်းနိုင်ငံတွင် ကုန်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည့် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechaya chai)က ၎င်း၏ ဦးစားပေး အစီအစဉ်များထဲတွင် လူနေမှုကုန်ကျစရိတ်များကို ဖြေရှင်းရန် ကတိပြုခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့နောက် ထုတ်လုပ်ရေး ကဏ္ဍ၏ ကုန်ကျစရိတ်များနှင့်အညီ ထုတ်ကုန်ဈေးနှုန်းများကို စိတ်ချသေချာမှုရှိစေရန် လုပ်ဆောင်မည်ဟုလည်း ၎င်းက ပြောသည်။

ထို့ပြင် ထိုင်း၏ ပင်လယ်ကူး သင်္ဘောကဏ္ဍအတွက် အခွင့်အလမ်းများကို တိုးမြှင့်ရန် ကုန်သွယ်ရေး ဆွေးနွေး ညှိနှိုင်းမှုများအား အရှိန်မြှင့်တင်လိုကြောင်း၊ ပို့ကုန်ဈေးကွက် အသစ်များကို ရှာဖွေရန် ရည်ရွယ်သည့် အစီအစဉ် များအား အရှိန်မြှင့်တင်ရန် ဆန္ဒရှိကြောင်း ဖွမ်သမ်က ပြောကြားခဲ့သည်။

ကုန်သွယ်ရေးဝန်ကြီးအဖြစ် စတင်ရုံးထိုင်သည့် နေ့မှာပင် ဖြူးထိုင်းပါတီ၏ မစ္စတာ ဖွမ်သမ်က သူသည် ဝန်ကြီး ချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ မူဝါဒများကို လေးစားလိုက်နာ သွားမည်ဖြစ်ကြောင်း၊ ပြည်သူ လူထုကို ထိခိုက်စေမည့် အကြောင်းအရာများ၊ အထူးသဖြင့် လူနေမှုကုန်ကျစရိတ်များနှင့် ထုတ်ကုန်ဈေးနှုန်းများ ကို ချက်ချင်း ဖြေရှင်းသွားမည်ဟု ပြောသည်။

ထိုင်းလူမှုဘဝကို တွေ့ရစဉ်

ကုန်သွယ်ရေးဝန်ကြီးဌာန အနေနှင့်လည်း ထုတ်ကုန်ဈေးနှုန်းများကို လူနေမှုကုန်ကျစရိတ်နှင့် ကိုက်ညီမှုရှိစေရန် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူလူထုသာမက စီးပွားရေးလုပ်ငန်းရှင်များကိုပါ ကြွယ်ဝချမ်းသာစေလိုကြောင်း ဖွမ်သမ်က ပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံ၏ နှေးကွေးလေးလံနေသည့် ပို့ကုန်ကဏ္ဍသည် ယခုနှစ်အတွင်း ပိုမိုဆိုးရွားလာခဲ့သဖြင့် ပို့ကုန်ဈေးကွက် အသစ်များကို ရှာဖွေရန် အရေးတကြီး လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ပြည်ပနိုင်ငံများရှိ စီးပွားရေး အတိုင်ပင်ခံများနှင့် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ပြီး ပို့ကုန်အခွင့်အလမ်းများကို ပိုမို တိုးတက်စေမည့် အလားအလာအတွက် နိုင်ငံအများအပြားနှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရမည် ဟုလည်း ထိုင်းကုန်သွယ်ရေးဝန်ကြီးက ပြောသည်။ 

ထိုင်းလူငယ်နှစ်ဦးကိုတွေ့ရစဉ်

ကုန်သွယ်ရေးဝန်ကြီးဌာနက နောက်ဆုံး ထုတ်ပြန်ထားသည့် အချက်အလက်များအရ ထိုင်း၏ ပို့ကုန်ကဏ္ဍသည် ဇူလိုင်လထဲတွင် ၁၀ လ ဆက်တိုက် ကျဆင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ယူကရိန်းစစ်ပွဲ ဖြစ်ပွားမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်များ၏ ဈေးနှုန်းများအပေါ် ထိခိုက်မှု ရှိစေခဲ့သဖြင့် ထိုင်း၏ ပို့ကုန်ကဏ္ဍသည် မျှော်မှန်းထားသည့် ပမာဏထက် ပိုမိုကျဆင်းခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်ရေး လိုငွေပြမှု ဒေါ်လာ ၈ ဘီလျံရှိခဲ့သဖြင့် ယခုနှစ် ပထမ ၇ လအတွင်း ထိုင်း၏ ပို့ကုန်ကဏ္ဍသည် ၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၆၃ ဘီလျံအထိရှိခဲ့ပြီး၊ သွင်းကုန်ကဏ္ဍသည် ၄ ဒသမ ၇ ရာခိုင်နှုန်းလျော့ကျခဲ့ကာ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၇၂ ဘီလျံရှိခဲ့သည်။

Source: ဘန်ကောက်ပို့စ်