CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂

သက်ဆိုင်ရာအေဂျင်စီများအနေဖြင့် အလုပ်သမားများကို ပြည်ပနိုင်ငံသို့ အချိန်မီစေလွှတ်နိုင်ခြင်းမရှိပါက စာချုပ်ချုပ်ဆိုပြီးသော အလုပ်သမားများစေလွှတ်ပြီးမှသာ အလုပ်ခေါ်စာအသစ်များကို ဝန်ကြီးဌာနမှ လက်ခံ သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။

ထိုအကြောင်းကို ဩဂုတ်လ ၃၀ ရက်နေ့မှာ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

လိုင်စင်ရအေဂျင်စီတစ်ခုအနေဖြင့် ဌာနဆိုင်ရာတို့၏ ညွှန်ကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက် ပေးရမည့် တာဝန်ရှိထားပြီးသားဖြစ်သည့်အတွက် မလွဲမသေလိုက်နာကြရမည်ဖြစ်ကြောင်းနှင့် မလိုက်နာပါက ဌာနဆိုင်ရာဘက်မှ အရေးယူမှုများ ရှိလာမည်ဖြစ်ကြောင်း လပ်ကီး ပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

“အခုက တစ်ကို စာချုပ်ချုပ်တယ်။ နှစ်ကို စာချုပ်ချုပ်တယ်။ သုံးကို စာချုပ်ချုပ်တယ်။ ဒါပေမယ့် တကယ်တမ်း ကြတော့ တစ်ကို စေလွှတ်ရမှာ တစ်ကိုမစေလွှတ်ဘဲနဲ့ သုံးတွေ လေးတွေကိုစေလွှတ်တယ် နှစ်တွေ စေလွှတ် တယ်။ အဲဒီလိုဖြစ်တာတွေ ရှိလာတယ်။ အဲဒါမျိုးမဖြစ်အောင်လို့ တစ်ကိုချုပ်ပြီးသွားရင် တစ်ကို စေလွှတ်ဖို့ ဦးစားပေး၊ နောက် နှစ်၊ သုံး အဲဒီလိုသွားဖို့။ သူတို့ဘက်ကအကြံပြုတာပေါ့ ဝန်ကြီးကနေ မှာတာပေါ့။ ရက် ၉၀ အတွင်းစေလွှတ်ရမှာလေ။ အရင်တုန်းကဆို နှစ်လ ရက် ၆၀။ အခုတစ်လတိုးပြီး ရက် ၉၀ ပေးထားတယ်။ အဲဒီရက် ၉၀ အတွင်းမှာမှ မစေလွှတ်နိုင်ဘူး ဆိုရင် ဌာနဆိုင်ရာက မှတ်တမ်းနဲ့ သူတို့ယူထားတယ်။ နောက်တစ်ကြိမ်ဆိုရင် ညွှန်ကြားချက်က ထွက်ပြီးသား လက်မှတ်ထိုးရမယ်”ဟု ၎င်းကပြောသည်။

အေဂျင်စီများအနေဖြင့် စာချုပ်ချုပ်ဆိုပြီးသည့် အလုပ်သမားများကို ရက်ပေါင်း ၉၀ အတွင်း စေလွှတ်ရန် လိုအပ် ကြောင်း၊ သတ်မှတ်ရက်အတွင်း စေလွှတ်နိုင်မှုမရှိလျှင် အလုပ်သမားများ၏ တိုင်ကြားမှုများ ဖြစ်ပေါ်လာနိုင်သော ကြောင့် ကြိုတင်ကာကွယ်သည့်အနေနှင့် အေဂျင်စီများက အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)

အလုပ်သမားစေလွှတ်သည့်အခါတွင် အလုပ်ရှင်သူဌေးနှင့် လုပ်ငန်းခွင်တူညီပါက ယခုကဲ့သို့ဆောင်ရွက်ခြင်း  သည် ကောင်းမွန်သော်လည်း အလုပ်ရှင်သူဌေးနှင့် လုပ်ငန်းခွင် မတူကြသည့်အပြင် ရက် ၉၀ သတ်မှတ်ချက် များကြောင့် အခက်အခဲအချို့ရှိကြောင်းလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ CNI သတင်းဌာနသို့ ပြောသည်။

“တစ်ခါတစ်လေကြရင် ကုမ္ပဏီတွေကလည်း ဟိုဘက်မှာမတူကြဘူးလေ။တချို့တွေကြတော့လည်း စက်ရုံ မတူဘူး သို့သော် ဆောက်လုပ်ရေးတူမယ်။ ထိုင်းဘက်က အေးဂျင့်တွေက လုပ်တာမြန်တယ်။ တချို့တွေကြတော့ နောက်ကျတယ်။ အဲဒီလိုတွေဖြစ်တဲ့အခါမှာ တခါတလေကျရင် အနောက်ကလူက အရှေ့ကိုကျော်ပြီးတော့ သူဌေးတွေက တစ်ယောက်တည်းမှမဟုတ်တာ စာချုပ်ချုပ်ရတဲ့အခါ။ ဥပမာ A သူဌေးနဲ့ ချုပ်လိုက်တယ်။ B သူဌေးနဲ့လည်း ချုပ်တယ်။ ချုပ်တဲ့အခါမှာ B သူဌေးကနေ မြန်မြန်ဆန်ဆန်လုပ်ပြီး ခေါ်သွားတာ ရှိတယ်။ အဲဒါမျိုးကို A ပြီးမှ B သွားရမယ်။ B ပြီးမှ C သွားရမယ်ဆိုတဲ့ ပုံစံမျိုး သူတို့က ပြောတာပေါ့။ အရှေ့မှာ A,B,C ရှိတယ်။ A က ရက် ၉၀ ကျော်သွားတယ်။ အဲဒီရက် ၉၀ ကျော်သွားတဲ့ ပြဿနာကို ရှင်းပြီးမှသာလျှင် C နဲ့ B ကို လွှတ်လို့ရမယ်ဆိုတဲ့ ပေါ်လစီကို ချထားတာ။ အရှေ့ကတစ်ယောက်က ပိတ်နေရင် နောက်ကလူက သွားလို့ မရဘူး” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ယခုကိစ္စနှင့်ပတ်သက်၍ အသေးစိတ် ပြန်လည်ဆွေးနွေးရဦးမည်ဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF) မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ထို့အပြင် အေဂျင်စီများအနေဖြင့် မိမိစေလွှတ်လိုက်သည့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင် များတွင် အလုပ်ရှင်၊ အလုပ်သမားမပြေလည်မှု၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ရက်ပေါင်း ၃၀ အတွင်း သွားရောက်ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

သို့သော် အထက်ပါကိစ္စရပ်များဖြစ်ပေါ်ပါက အေဂျင်စီများအနေဖြင့် ရက် ၃၀ အတွင်းမဟုတ်ဘဲ ကြားသိရပြီးချင်း ချက်ချင်းသွားရောက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း အေဂျင်စီများက ထောက်ပြသည်။