CNI International News

ဘန်ကောက်၊ သြဂုတ် ၄

Move Forward (MFP)ပါတီ မပါဘဲ အစိုးရဖွဲ့ရန် အသင့်ဖြစ်နေကြောင်း သြဂုတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဖြူးထိုင်းပါတီသည် ၎င်းတို့ ဖွဲ့စည်းမည့် အစိုးရအတွင်း အဓိက ဝန်ကြီးနေရာ ၅ နေရာအတွက် ကိုယ်စားလှယ် လောင်းများကို ကြေညာခဲ့သည်ဟု The Nation သတင်းဌာနမှ ဖော်ပြခဲ့သည်။

အစိုးရဖွဲ့ရေး အစီအစဉ်အရ ဖြူးထိုင်းသည် အိမ်ခြံမြေ လုပ်ငန်းရှင်ဟောင်း ဆရတ်သာ သာဗင်ဆင် (Srettha Thavisin) ကို ထိုင်းနိုင်ငံ၏ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းမည်ဖြစ်သည်။

ထိုင်း၀န်ကြီးချုပ်အဖြစ် ယာထားသူ ဆရတ်သာ သာဗင်ဆင်ကိုတွေ့ရစဉ်

ဖြူးထိုင်းပါတီခေါင်းဆောင် ချိုနန် သီရိကော (Cholnan Srikeaw) ကို ပြည်ထဲရေးဝန်ကြီး၊ ပါတီ၏ နောက်ထပ် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းဖြစ်သည့် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra)ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းမည် ဖြစ်သည်။

ထို့ပြင် စွမ်းအင်ဝန်ကြီးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး နေရာများအတွက် ဖြူးထိုင်းပါတီ၏ အတွင်းရေးမှူးချုပ် ပရာဆတ် ဂျန်တာရာရွန်တောင် (Prasert Jantararuangtong) နှင့် ပါတီလက်ထောက် ခေါင်းဆောင် ဂျူလာပန် အမွန်ဗီဗက် (Julapun Amornvivat) တို့ကို အမည်စာရင်း တင်သွင်းမည် ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေး၀န်ကြီးအဖြစ် ယာထားသူ ပေတုန်တန်ကိုတွေ့ရစဉ်

ဘဏ္ဍာရေးဝန်ကြီးနေရာအတွက် ပါတီပြင်ပမှ ကိုယ်စားလှယ်လောင်း တစ်ဦးကို အမည်စာရင်း တင်သွင်းမည်ဟု ဖြူးထိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ကျန်ရှိနေသည့်် ဝန်ကြီးနေရာများအတွက် ဖြူးထိုင်းသည် ညွန့်ပေါင်းအဖွဲ့ထဲမှ အခြားပါတီများနှင့် ဆွေးနွေးသွား မည် ဖြစ်သည်။

ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သည့် အခြားပါတီများသည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမတ်နေရာ အရေ အတွက်အလိုက် ဝန်ကြီးနေရာများနှင့် လက်ထောက်ဝန်ကြီး နေရာများကို ဝေပုံကျ ရရှိလိမ့်မည်ဟု ထို သတင်းရင်းမြစ်က ပြောသည်။