CNI International News

ဘန်ကောက်၊ သြဂုတ် ၁၅

ဖြူးထိုင်းပါတီက ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းပြီးချိန်တွင် ပထမဆုံးပြုလုပ်မည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲ သင့်/မသင့် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ပြီး အဖြေရှာသွားမည်ဟု The Nation မှ ရေးသားဖော်ပြခဲ့သည်။

ဖြူးထိုင်းပါတီ၏ အဓိကရည်မှန်းချက်သည် ၂၀၁၄ ခုနှစ်က အာဏာသိမ်း ခေါင်းဆောင်များ ရေးဆွဲခဲ့သည့် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အစားထိုးရန် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲရန်ဖြစ်သည်ဟု ဖြူးထိုင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ထရီချာဒါ သီရိသဒ္ဓါ (Treechada Srithada) က ပြောသည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲမှုနှင့် ၂၀၁၇ ခုနှစ်၊ ဧပြီ ၆ ရက်က အကျုံးဝင် သက်ရောက်ခဲ့သည့် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနေရာကို အစားထိုးရန် လူထုဆန္ဒခံယူပွဲ ပြုလုပ်သွားမည်ဟု ထရီချာဒါက ပြော သည်။

ဖြူးထိုင်းပါတီ ၀န်ကြီးချုပ်လောင်း ၂ ဦးကိုတွေ့ရစဉ်

နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒရှင်အများစုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေးအဖွဲ့ (CDA) ကို ဖွဲ့စည်းရန် ဆန္ဒရှိနေသည်ဟု ဖြူးထိုင်းပါတီက ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

"ဖြူးထိုင်းပါတီဟာ ညွန့်ပေါင်းအစိုးရ ဖွဲ့ပြီးတဲ့နောက် ပထမဆုံးပြုလုပ်မယ့် အစိုးရအဖွဲ့ အစည်းအဝေးမှာ CDA ဖွဲ့စည်းရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်မယ့်အကြောင်းကို သြဂုတ် ၂ ရက်နဲ့ ၆ ရက်တွေကတည်းက အစီအရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်"ဟု ထရီချာဒါက ပြောသည်။

ပါတီအနေနှင့် ပြောကြားခဲ့သည့် ကတိစကားများအတိုင်း လုပ်ဆောင်မည်ဖြစ်ပြီး မဲဆန္ဒရှင်များသည် ဒီမိုကရေစီ ကို စောင့်ဆိုင်းနေကြသဖြင့် အချိန်ဆွဲ လုပ်ဆောင်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

ဖြူးထိုင်းပါတီ လူထုစည်းရုံးရေးလုပ်နေစဉ်

ထို့ပြင် ဖြူးထိုင်းပါတီသည် စစ်တပ်လိုလားသည့် အထက်လွှတ်တော်အမတ်များ၏ လုပ်ပိုင်ခွင့်ကို ပယ်ဖျက်ရန်နှင့် CDA ဖွဲ့စည်းရေးအတွက် ပဋိညာဉ်ကို ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေသည့် အောက်လွှတ်တော်၏ ကြိုးပမ်းမှုတွင် Move Forward ပါတီနှင့် ပူးပေါင်းသွားမည်ဟုလည်း ထရီချာဒါက ပြောသည်။

သို့သော် အထက်လွှတ်တော်တွင် လုပ်ပိုင်ခွင့်အာဏာများ အများဆုံး ရရှိထားသဖြင့် အဆိုပါ ကြိုးပမ်းမှုသည် ပိတ်ပင်ခံရဖွယ် ရှိနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် မူကြမ်းရေးဆွဲမှုအတွက် လူထုဆန္ဒခံယူပွဲ နှစ်ကြိမ်ပြုလုပ်ရန် လိုအပ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ထုတ်ပြန်ထားသဖြင့် CDA မဖွဲ့စည်းမီ လူထုဆန္ဒခံယူပွဲ တစ်ကြိမ် ပြုလုပ်ရမည်ဖြစ်ပြီး ဥပဒေမူကြမ်း အလုံးစုံ ရေးဆွဲပြီးချိန်တွင် ဒုတိယအကြိမ်မြောက် လူထုဆန္ဒခံယူပွဲကို ပြုလုပ်ရမည် ဖြစ်သည်။

Source: The Nation