CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၃

လက်ရှိတွင် ဗီယက်နမ်နိုင်ငံသို့ ပခုက္ကူ၊ မုံရွာနှင့် မြင်းခြံဒေသတို့မှ ထွက်ရှိသည့် ကြက်သွန်နီများကို တင်ပို့လျက် ရှိနေကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် မြစ်သား၊ ကျောက်ဆည်ဒေသမှ ထွက်ရှိသည့် ကြက်သွန် လက်ကျန်များသည် နည်းပါးနေပြီဖြစ်၍ ပခုက္ကူ၊ မုံရွာနှင့် မြင်းခြံဒေသတို့မှ ထွက်သည့် ကြက်သွန်နီများအား ပြည်ပသို့ တင်ပို့နေရခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသို့ တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်များမှတဆင့် တင်ပို့လျက်ရှိနေကြောင်း၊ တစ်ပတ်လျှင် တွဲကား အစီးရေ ၁၅ စီးမှ ၂၀ စီးခန့် တင်ပို့လျက်ရှိနေသည်ဟု မြင်းခြံမြို့မှ ကြက်သွန်ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

“မြစ်သား၊ ကျောက်ဆည်ဘက်ကဆိုရင် တစ်လုံးမှကို မကျန်သလောက် ဖြစ်သွားပြီ။ အဲဒီဘက်တွေက အကုန်ဆွဲ သွားတယ်။ အခု ဒီဘက်ကို ပခုက္ကူတို့၊ မုံရွာတို့၊ မြင်းခြံတို့ဘက်ကို ဆွဲတယ်ဆိုတာက ဆိတ်ဖြူတို့၊ မလှိုင်၊ မိတ္ထီလာ တို့ဘက်ကို ဆွဲတယ်ဆိုတာက မြစ်သား ကုန်သွားလို့ ဒီဘက်ကို လာတာလေ။ ဝယ်ယူမှုနှုန်းက ပုံမှန်ဝယ်ယူနေတဲ့ နှုန်းထက်တော့ ကျမသွားဘူး။ တစ်လကို ပျမ်းမျှခြင်းဆိုရင် ကုန်သည်ပေါင်းစုံပေါ့နော် မူဆယ်ရော၊ မြဝတီရော နှစ်လိုင်းလုံး ပြောရရင် တစ်ပတ် တစ်ပတ်ကို အနည်းဆုံး ဝယ်တဲ့စကေးက ၁၅ စီးရှိတယ်။ ၄ ပတ်ဆိုတော့ တစ်လ ကို ဝယ်တဲ့စကေးက အနည်းဆုံး အစီး ၆၀။ အဲဒါ တွဲကားပေါ့၊ တွဲကားဆိုတာက ကုန်ချိန် ၂ သောင်း ပါတဲ့ ကားတွေ ပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် ကိုဗစ်အခြေအနေများကြောင့် ပိတ်ထား ရသည့်အတွက် တရုတ်နယ်စပ်မှတဆင့် တင်ပို့မှု မရှိခဲ့သော်လည်း ယခုနှစ်တွင် တရုတ်နယ်စပ်လမ်းကြောင်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ယခင်နှစ်များထက် ကြက်သွန်တင်ပို့မှုသည် ပို၍ များသည်ဟု ကြက်သွန်ကုန်သည်များထံမှ သိရသည်။

ကြက်သွန်နီလှောင်ထားသည့် ဂိုဒေါင်တစ်ခု မြင်ကွင်း

ထို့နောက် ယခုနှစ်တွင် ကြက်သွန်နီများ ဈေးနှုန်းကောင်းမွန်နေခြင်းကြောင့် တောင်သူများမှ ကြက်သွန်ရောင်းချမှု များ နည်းပါးကြောင်း၊ ထို့ကြောင့် ကုန်သည်များထံတွင် ကြက်သွန်လက်ကျန် အနည်းငယ်သာ ရှိသည်ဟု ကြက်သွန်ကုန်သည် ဦးကျော်ရှိန်က CNI သတင်းဌာနသို့ ပြောသည်။

“တောင်သူလက်ထဲမှာပဲ ရှိတယ်။ တောင်သူတွေက နဂိုက အရင်နှစ်တွေက ပေါ်လာတာက အခု ၅ လပိုင်းဆိုရင် ကဏန်း ၃ လုံး၊ ၁၀၀၀ အောက်မှာပဲ။ ဒီနှစ်ကျတော့ ၂၀၀၀ နီးပါး၊ ၁၅၀၀ နဲ့ ၂၀၀၀ အောက်မှာ ဖြစ်သွားတော့ တောင်သူတွေက မနှစ်ကလည်း နောက်ပိုင်းမှာ ဈေးနည်းနည်းပါတော့ တောင်သူတွေက အရောင်းမာန ကြီးနေ တယ်။ နောက်ပြီးတော့ တစ်ခါ တောင်သူတွေက တောအနေနဲ့ကျတော့ ကြက်သွန် ၁၀၀၊ ၂၀၀ ရောင်းပြီးရင် သူ့ အိမ်အတွက် ၁ လစာ၊ ၂ လစာ ပြီးသွားပြီလေ။ အဲဒီတော့ ထုတ်မရောင်းသေးဘူး။ အဓိကကတော့ ဒီနှစ်အနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ကုန်သည်လက်ထဲမှာ အရင်နှစ်တွေလောက် လှောင်လက်တွေထဲမှာ ကြက်သွန်က မရှိဘူး။ မရှိတာက ဈေးမြင့်တော့ နောက်ပိုင်းမှာ တကယ်လို့ ဈေးမြင့်နဲ့ ဝယ်လှောင်လို့ ရှုံးရင် ရှုံးနိုင်တယ်လေ။ ရှုံးနိုင်တော့ အရင်နှစ်တွေလို လက်ထဲမှာ မရှိဘူး။ အရင်နှစ်ထက်စာရင် ကုန်သည်လက်ထဲမှာ နည်းတယ်” ဟု ပြောသည်။

လက်ရှိတွင် မုံရွာမြို့နှင့် အနီးအနားဒေသထွက် ကြက်သွန်နီများကို တရုတ်နိုင်ငံမှ နေ့စဥ်ဝယ်ယူမှု ရှိနေကြောင်း၊ တွဲကားကြီးများဖြင့် တိုက်ရိုက်ပို့ဆောင်ပေးနေရသည်ဟု ကြက်သွန်ကုန်သည်များထံမှ သိရသည်။

ယခုရက်ပိုင်းတွင် ကြက်သွန်ဈေးနှုန်းများသည် တစ်ပိဿလျှင် ၂၀၀၀ ကျပ်နှင့် ၂၀၅၀ ကျပ်အထိ ဖြစ်ပေါ်နေသော် လည်း ဈေးကွက်အတွင်း ကြက်သွန်ဝင်ရောက်မှုများ နည်းပါးလျက်ရှိနေပြီး တောင်သူများနှင့် တချို့သော ကုန်သည်များက ဈေးနှုန်းအခြေအနေကို စောင့်ကြည့်နေကြသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ကြက်သွန် ကုန်သည်များက ပြောသည်။