CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀

အိန္ဒိယနိုင်ငံအစိုးရက ကြက်သွန်နီ ပို့ကုန်အခွန်ကို ၄၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံရန် ပြဋ္ဌာန်းလိုက်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာ့ကြက်သွန်နီကို ဝယ်ယူရန်အတွက် စိတ်ဝင်စားမှု ရှိလာနေသည်ဟု ပခုက္ကူနှင့် မြင်းခြံမြို့များရှိ ကုန်သည်၊ ပွဲစားများထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်က မြန်မာအပါအဝင် တရုတ်၊ တူရကီ၊ ထိုင်းနှင့် နယ်သာလန်နိုင်ငံတို့မှ ကြက်သွန်နီ တန်ချိန် ၂ သောင်းကျော်ကို တင်သွင်းရန်အတွက် လုပ်ဆောင်နေသည်ဟု သိရသည်။

လက်ရှိတွင် မြန်မာကြက်သွန်ကုန်သည်များအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန်အတွက် ကြက်သွန်နီများကို စတင်သိုလှောင်နေကြပြီဖြစ်သည်ဟု ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်းမှ ကြက်သွန်ကုန်သည် ဦးလှသောင်းက CNI သတင်းဌာနသို့ ပြောသည်။

“ကုန်သွယ်ကြီးကနေပြီးတော့ အဲဒီလိုလုပ်ရင်တော့ မသိဘူး။ တို့ ပုဂ္ဂလိကအနေနဲ့ကတော့ အခုထိ မပို့ရသေးဘူး။ မေးတော့ မေးတယ် မေးပြီးတော့ မပို့ရတာ။ မေးတာတော့ အရီးဆီလည်း ၃/၄ ဦးတော့ မေးတယ်။ ၉ လပိုင်း၊ ၁၀ လပိုင်းလောက်မှ ဝယ်တာလေ သူက။ သူတို့ဝယ်မယ်ဆိုရင်တော့ ဒီထက်ကို ကြက်သွန်ဈေးက ပြောင်းသွားနိုင် တယ်။ အခုတောင်မှ သူတို့လှောင်နေကြတာတွေက ၂၀၀၀ တုန်းက ဈေးမြင့်လို့ မဝယ်ကြဘူးလေ။ ၂၀၀၀ တုန်းက ကုန်သည်တွေက ဈေးမြင့်လို့ဆိုပြီး ဂိုဒေါင်တွေမှာ တစ်လုံးမှ မထည့်ကြဘူး။ အခု ၂၈၀၀၊ ၃၀၀၀ ကျမှ ကြက်သွန် တွေ သူတို့ ဂိုဒေါင်ထဲ ဝယ်ထည့်နေကြတာဆိုတော့ အဲဒီဘက် လှမ်းမြင်လို့နေမှာပေါ့” ဟု ပြောသည်။

ကြက်သွန်နီများကို နေလှန်းထားစဉ်

ယခုနှစ်တွင် ကြက်သွန်နီ ဈေးနှုန်းသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေးကောင်းရနေပြီး လတ်တလောတွင် ပခုက္ကူ ကုန်စည်ဒိုင်တွင် ၁ ပိဿာလျှင် မြန်မာကျပ်ငွေ ၂၉၀၀ မှ ၃၄၀၀ ကြားရှိနေကြောင်း ပခုက္ကူမြို့ကုန်သည်၊ ပွဲစားများအသင်းထံမှ သိရသည်။

လက်ရှိတွင် ကြက်သွန်နီကို ထိုင်းနိုင်ငံသို့ မြဝတီနယ်စပ်မှ တင်ပို့လျက်ရှိနေပြီး တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ သို့လည်း တင်ပို့လျက်ရှိနေကြောင်း၊ နေ့စဉ် ကုန်တင်တွဲကား အစီးရေ ၃ စီးမှ ၅ စီးခန့် တင်ပို့လျက်ရှိနေသည်ဟု သိရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာ့ကြက်သွန်ကို ဝယ်ယူရာတွင် အရည်အသွေးမျိုးစုံ ဝယ်ယူခြင်းကြောင့် ရှိသမျှ ကြက်သွန်များကို ဝယ်ယူသွားနိုင်ကြောင်း၊ ပြီးခဲ့သည့်နှစ်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်တင်ပို့ရာတွင် နေ့စဉ် ကြက်သွန်ပိဿာချိန် သိန်း ၂၀ ခန့် တင်ပို့ရသည်ဟု ပခုက္ကူမြို့နယ်မှ ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။

“ဟိုနှစ်တွေက သွားတာပေါ့။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်တုန်းကဆိုရင် မနှစ်ကပဲ ဟုတ်တိပတ်တိ မထွက် လိုက်တာလေ။ အရင်နှစ်တွေတုန်းကဆိုရင် ဘင်္ဂလားဒေ့ရှ် ထွက်ပြီဆိုရင် အကျတောင် မကျန်ခဲ့ဘူးဆိုသလိုပါ။ သူတို့က အကုန်သိမ်းကျုံးဆွဲတာလေ။ ဘာမှ မကျန်ခဲ့ဘူး။ တရုတ်တို့၊ မြဝတီတို့၊ အခု ဗီယက်နမ်တို့ဆိုတာက သူတို့ ပစ္စည်းကောင်း လိုက်ဝယ်တာလေ။ အဲဒါကြောင့်လည်း ဈေးတွေ မြင့်တာပေါ့။ တစ်နေ့ တစ်နေ့ကို သိန်း ၂၀ လောက်သွားတာ ဘင်္ဂလားဒေ့ရှ်ကို။ ပိဿာ သိန်း ၂၀ လောက် သွားတာဗျ။ ၁၀ သိန်း၊ ၁၅ သိန်း၊ သိန်း ၂၀ အဲဒီလို သွားတာ” ဟု ပြောသည်။

လက်ရှိတွင် ကြက်သွန်နီ ဈေးကောင်းရနေသောကြောင့် လာမည့် ကြက်သွန်စိုက်ရာသီတွင် တောင်သူများ အနေ ဖြင့် ကြက်သွန်ကို ပို၍ စိုက်ပျိုးလိုသော်လည်း ကြက်သွန်အဓိက စိုက်ပျိုးရာဒေသများဖြစ်သည့် မြင်းခြံ၊ ယင်းမာ ပင်၊ ပုလဲနှင့် ယောချောင်းတလျှောက် မြို့နယ်များရှိ ကျေးရွာများမှ နေအိမ်များ မီးရှို့ခံရခြင်းများရှိနေပြီး နယ်မြေ တည်ငြိမ်မှု မရှိခြင်းကြောင့် ကြက်သွန်စိုက်ပျိုးမှုများ လျော့ကျနိုင်သည်ဟု ကုန်သည်များနှင့် တောင်သူများထံမှ သိရသည်။