CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၃


အစိုးရအနေဖြင့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးရာတွင် တစ်ဧက ကျပ် ငါးသောင်း တိုးမြှင့်ထုတ်ချေးခြင်းနှင့် ပြန်ဆပ်ရမည့် သက်တမ်းကာလကိုလည်း နှစ်နှစ်ခန့် တိုးပေးသင့် ကြောင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်နှင့် သဲကုန်းမြို့နယ်တို့မှ တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် အစိုးရသည် ဘဏ်ချေးငွေများကို အကျေဆပ်ပြီးသည့် တောင်သူများကိုသာ ထုတ်ချေးပေး ကြောင်း ၎င်းတို့က ပြောသည်။

ထို့နောက် ယခင်နှစ်က ထုတ်ယူထားသော ချေးငွေ အကျေမဆပ် နိုင်သေးသူများကိုလည်း အကျေ ပေးဆပ်ရန် ဖိအားပေး တောင်းခံခြင်းများ ရှိနေကြောင်း၊ ထို့ကြောင့် ချေးငွေပြန်ဆပ်ရမည့် ကာလကို သက်တမ်းတိုးပေးစေလိုကြောင်း ပြည်ခရိုင်၊ ပေါင်းတလည်မှ တောင်သူ ဦးကြည်ခိုင်က CNI သတင်းဌာန သို့ ပြောသည်။

 

စိုက်ပျိုးရေး လယ်ယာတစ်ခုကို တွေ့ရစဉ်

ဦးကြည်ခိုင်က “သွင်းအားစု စရိတ်တွေ၊ စိုက်စရိတ်တွေ ရိတ်စရိတ်တွေ အကုန်လုံးက စျေးတက်လာ တယ်။ အစိုးရအနေနဲ့ အချို့ အကျေဆပ်နိုင်တဲ့ သူတွေဆိုလို့ရှိရင် တစ်ဧကကို တစ်သိန်းခွဲနှုန်းတင်မက ဘူးပေါ့ နှစ်သိန်းနှုန်းအထိ ထုတ်ချေးမယ်လို့တော့ ပြောသံကြားတယ်။ ဒါပေမယ့် ဘဏ်ဘက်က တိတိ ကျကျ ပြောလာတာမျိုးတော့ မဟုတ်သေးဘူး။ အဲလို တိုးထုတ်ပေးနိုင်ရင်တော့ တောင်သူတွေ အနေနဲ့ ပိုပြီး အဆင်ပြေလာမှာပေါ့။ ပြီးတော့ ချေးငွေ သက်တမ်းကို ကာလတို မဟုတ်ဘဲနဲ့ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်အထိ သတ်မှတ်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်။ အချို့နေရာမှာ ဘဏ်ကြွေးတွေ မဆပ်နိုင်ကြ လို့ ဘဏ်တွေ တောင်သူတွေကြားမှာ ကမောက်ကမ ဖြစ်တာတွေ ပြေလည်သွားမှာပါ။ တစ်နှစ်တည်း မဆပ်နိုင်တဲ့သူဆို ပထမနှစ်မှာ အတိုးသပ်၊ ဒုတိယနှစ်ကလေးမှာ အကျေဆပ် ဒါမှမဟုတ် တတိယနှစ် ကျမှ အကျေဆပ်တဲ့ သဘောမျိုးလေး လုပ်ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့”ဟု ပြောသည်။

လက်ရှိတွင် အစိုးရမှ သတ်မှတ်ထားသော ကာလအတွင်း အကျေမဆပ်နိုင်သူများမှာ ဒဏ်ကြေးကို တစ်လချင်း အတိုးနှုန်းနှင့် ပြန်လည် တွက်ချက် ပေးဆောင်နေရသည့်အတွက် များစွာနစ်နာရကြောင်း သဲကုန်းမြို့နယ်မှ တောင်သူ ဦးမြင့်ဦးက ပြောသည်။

 မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲကို တွေ့ရစဉ်

၎င်းက “ဟိုအတိုးက တရားမကျဘူး ဒဏ်တိုးက တစ်ဝက်ကျော်တယ်။ ဘယ်လိုနှုန်းတွေ ကောက်မှန်း မသိဘူး။ ၂၀၂၀ မိုး အရင်း ၁၅ သိန်းကို ၁၈ သိန်း ၄ သောင်း။ အတိုးအမှန်က တစ်သိန်းငါးသောင်းနဲ့‌ ခြောက်ထောင်လောက်ရှိတယ်။ ကျန်တာ ဒဏ်တိုးတွေ။ တစ်လနေရင် တစ်ခါ ထပ်တက်တာ ဒဏ်တိုး က။ သူတို့ ပါးစပ်ထဲမှာတင်ဖြစ်တာ ခုဥစ္စာက သဘောပြောကြပါစို့ တစ်လကို ဒဏ်တိုး ၅၀၀ ဆိုရင် နှစ်လဆို ၁၀၀၀ အဲနှုန်းတွေလို လုပ်လာတာ”ဟု ပြောသည်။

စပါးစိုက် တောင်သူများအား မိုးစပါးချေးငွေကို မေလမှ စက်တင်ဘာလအထိ လည်းကောင်း၊ ဆောင်း ချေးငွေကို အောက်တိုဘာလမှ ဒီဇင်ဘာလအထိ လည်းကောင်း တစ်ဧကလျှင် ကျပ် ၁၅၀၀၀ နှုန်းနှင့် တောင်သူ တစ်ဦးလျှင် ၁၀ ဧကအထိ တစ်နှစ်အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေခြင်း ဖြစ်သည်။

အဆိုပါ ချေးငွေ အမျိုးအစားမှာ အစိုးရအနေနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် MADB မှ တဆင့် သီးနှံ စိုက်ပျိုး ထုတ်လုပ်ခြင်းအတွက် စရိတ်စကအဖြစ် ကာလတို သဘောမျိုးနှင့် ထုတ်ချေးပေးခြင်းဖြစ် ကြောင်း MADB ဘဏ်တွင် ဖော်ပြထားသည်။