CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈

အိန္ဒိယနိုင်ငံ၏ ကြက်သွန် ပြည်ပတင်ပို့ရာတွင် တစ်တန်လျှင် အိန္ဒိယငွေ ရူပီး ၈၀၀ အောက် ချမရောင်းရန် သတ်မှတ်လိုက်ခြင်းကြောင့် မြန်မာကြက်သွန် ဈေးနှုန်းသည်လည်း မြင့်တက်လာသည်ဟု ကြက်သွန်ကုန်သည် များထံမှ သိရသည်။

အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အာဆီယံနိုင်ငံများကို ကြက်သွန်အများဆုံး တင်ပို့နေသောနိုင်ငံဖြစ်သည့်အတွက် ယခုကဲ့သို့ ကြက်သွန်ဈေးနှုန်း ကန့်သတ်ချက်ကြောင့် မြန်မာကြက်သွန်ကို ဈေးနှုန်းမြင့်တက် သွားစေ သည်ဟု ကုန်သည်များက ပြောသည်။

လက်ရှိတွင် အိန္ဒိယကြက်သွန် ဈေးနှုန်းသည် မြန်မာကြက်သွန် ဈေးနှုန်းထက် မြင့်တက်သွားကြောင်း၊ ထို့သို့ မြင့်တက်သွားခြင်းကြောင့် ဝယ်ယူမည့်နိုင်ငံများက အိန္ဒိယကြက်သွန်ထက် မြန်မာကြက်သွန်ကို ပို၍ ဝယ်ယူလာ သည်။

ထိုသို့ အိန္ဒိယ၏ ကန့်သတ်ထားသည့် ၂၀၂၄ ခုနှစ်၊ မတ်လအထိ မြန်မာ့ကြက်သွန်ဈေးသည် အမြင့်ပိုင်းတွင် ရှိနေမည်ဟု မြင်းခြံကြက်သွန်ကုန်စည်ဒိုင်မှ ကြက်သွန်ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အိန္ဒိယက ဈေးနှုန်းသတ်မှတ်လိုက်တာပေါ့။ FOB ကို တစ်တန် ၈၀၀ အောက် လျှော့မရောင်းရဘူးဆိုပြီး တော့ တစ်တန် ၈၀၀ နဲ့ သတ်မှတ်ပေးလိုက်တာ။ အဲဒီလိုဆိုတော့ သူ့ဆီကဈေးတွေက မြင့်သွားတာပေါ့။ ဘေးက ဝယ်မယ့်သူတွေက ဈေးမြင့်ကုန်တာပေါ့။ မြန်မာနိုင်ငံအတွက် ဘယ်လိုမျှော်လင့်ရမတုန်းဆိုတော့ အိန္ဒိယဈေး ထက် ချို(လျှော့)ရောင်းနိုင်ရင် မြန်မာပြည်က ကြက်သွန် အကုန်ဝယ်ကြမှာပေါ့။ အိန္ဒိယက FOB ကို သူက ၄၈၀၀ လောက် ရောင်းထားတာ မြန်မာငွေနဲ့ဆိုရင်ပေါ့။ မြန်မာငွေနဲ့ဆိုရင် သူက ၄၈၀၀ လောက် သတ်မှတ်ရောင်းလိုက် တော့ ဥပမာ ဖိလစ်ပိုင်တို့၊ ဗီယက်နမ်တို့၊ ထိုင်းတို့ သယ်မယ်ဆိုရင် စရိတ်က နောက်ထပ် ၁၀၀၀ လောက် ပေါင်းရ အုံးမှာလေ။ ၁၀၀၀ လောက်ပေါင်းတော့ သူတို့နိုင်ငံအရောက်ကို ၅၅၀၀ နဲ့ ၆၀၀၀ ကြား ကျနေတာကိုး။ ကျနေ တော့ မြန်မာပြည်က ကြက်သွန်ကို သူက ၄၀၀၀ လောက်လည်း ဝယ်နိုင်တယ်။ အိန္ဒိယက သူ့တရားဝင် အစိုးရ ကနေပြီးတော့ စာထွက်ပြီးတော့ ရုံးစာနဲ့ ပိတ်လိုက်တာက သူတို့သတ်မှတ်တဲ့ရက်က မတ်လကုန်အထိ သတ်မှတ် ထားပါတယ်။ မတ်လကုန်ထိဆိုတော့ အဲဒီ မတ်လကုန်ထိတော့ ကြောက်စရာ လုံးဝမလိုပါ။ အိန္ဒိယက ဒီဈေးနှုန်း ကြီးကို မတ်လကုန်ထိ ချမရောင်းဘူးလို့ သတ်မှတ်ပေးလိုက်တာ။ သတ်မှတ်ပေးလိုက်တော့ အိန္ဒိယက ချမရောင်း သေးသရွေ့ ကြက်သွန်ဈေးက ကျဖို့အကြောင်း မရှိပါ” ဟု ပြောသည်။

လက်ရှိတွင် မြင်းခြံကြက်သွန်ကုန်စည်ဒိုင်သို့ နေ့စဉ် ကြက်သွန်ပိဿာချိန် ၁ သိန်းကျော် ဝင်ရောက်လျက်ရှိနေပြီး ပြည်ပသို့တင်ပို့ရန်အတွက် ဝယ်ယူနိုင်မှုသည်လည်း ယင်းပိဿာချိန်အားလုံးနီးပါးခန့်ရှိကြောင်း သိရသည်။

ကြက်သွန်များ သယ်ဆောင်လာသည့် ကုန်ကားများ

သို့သော်လည်း ကြက်သွန်တင်ပို့ရာလမ်းကြောင်းများဖြစ်သည့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး၊ မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးနှင့် ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများသည် တိုက်ပွဲ အခြေအနေများကြောင့် တင်ပို့ရာတွင် အခက်အခဲရှိနေသည်။

ပြည်ပသို့ တင်ပို့သည့် ကုန်သည်များက လက်ရှိတွင် ပင်လယ်ရေကြောင်းဖြင့် တင်ပို့နေရပြီး ကုန်ကျစရိတ်များ မြင့်တက်နေခြင်းကြောင့် ကြက်သွန်ဈေးနှုန်းသည် အနည်းငယ် ကျဆင်းလာနေကြောင်း၊ ထို့နောက် ပြည်တွင်း ကြက်သွန်များသည် ယခုနှစ်တွင် ရာသီဥတုဒဏ်ကြောင့် အရည်အသွေး ကျဆင်းနေသည့်အတွက် ဈေးနှုန်း အပိုင်းတွင် သက်ရောက်မှု ဖြစ်ပေါ်နေသည်ဟု မြင်းခြံမှ ကြက်သွန်ကုန်သည် ဦးကျော်သောင်းက CNI သတင်း ဌာနသို့ ပြောသည်။

“အမှန်ဆိုရင် သာမန်ရိုးရိုးနဲ့ သွားလို့ရနေရင် မြန်မာကြက်သွန်က ၄၀၀၀ အထက်မှာ ရတယ်။ အိန္ဒိယဈေးနဲ့ တူတူရတာပေါ့။ အိန္ဒိယ ၄၈၀၀ ဆိုရင် လေးလေးတို့လည်း ၄၈၀၀ ရတာပေါ့။ ဒါပေမယ့် စရိတ် တွေက ခက်ခဲကုန်တယ်လေ။ ဟိုဘက်ကနေထွက်ရ၊ ဒီဘက်ကနေထွက်ရ၊ ကြန့်ကြာတာတွေရော၊ ကဲ့ရတာ တွေရော၊ ဟိုကကဲ့ထွက် ဒီကကဲ့ထွက်နေရတော့ သယ်ယူစရိတ်တွေ တက်ကုန်တာပေါ့။ အဲဒီစရိတ်တက်တဲ့ အတွက် ကုန်သည်က ဒီအပေါ်မှာပဲ နှိမ်မှာပဲလေ။ မြန်မာပြည်က ကြက်သွန်ကို သူက ၄၀၀၀ လည်း ဝယ်နိုင်တယ်။ မြန်မာပြည်က ကြက်သွန်တွေလည်း မိုးတွေနဲ့ ရာသီဥတုဆိုးတဲ့ဒဏ်တွေကြောင့်မို့လို့ ပစ္စည်းဆိုးတွေ ဖြစ်နေတယ်။ ပစ္စည်းဆိုးတွေဖြစ်နေလို့ သူတို့မှာ ဈေးပေးချင်လို့လည်း ပေးမရဘူး ဖြစ်နေတာပေါ့။ အမှန်တော့ ပစ္စည်းကောင်း ရင် မြစ်သားတွေဆို သူတို့ ၄၀၀၀ လောက် ဝယ်နိုင်တယ်။ လေးလေးတို့ ဒီကလည်း ဘာမှမထူးဘူးလေ။ သယ်ယူစရိတ်တွေက ကြန့်ကြာတာနဲ့ ဘာနဲ့ဆို အခုဆိုရင် မြဝတီက တိုက်ရိုက်သွားမရတော့ ကဲ့လမ်းတွေကနေ ထွက်ရတာပေါ့။ အခုဆိုရင် ဖိလစ်ပိုင်ဝယ်တယ်၊ မလေးရှားဝယ်တယ်၊ ထိုင်းဝယ်တယ်၊ ဗီယက်နမ်ဝယ်တယ်၊ လာအိုဝယ်တယ်၊ ဘင်္ဂလားဒေ့ရှ်ကလည်း ရန်ကုန်ဆိပ်ကမ်းကနေပြီးတော့ FOB ဈေးနှုန်းနဲ့ သွားတယ်ထင်တယ်။ ဒို့ဆီလည်း စရိတ်တွေ တက်ကုန်တာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်းကြက်သွန်နီဈေးနှုန်းများအနေဖြင့် ဝယ်လိုအား မြင့်တက်နေသည့် အနေအထားတွင် ရှိနေပြီး နွေကြက်သွန်အဟောင်းဈေးနှုန်းသည် မြင်းခြံနှင့် ပခုက္ကူကုန်စည်ဒိုင်များ၌ တစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၃၄၀၀ ကြား၊ မိုးကြက်သွန်အသစ် ဈေးနှုန်းသည် တစ်ပိဿာလျှင် ၂၃၀၀ မှ ၂၇၀၀ ကြားတွင် ရှိနေကြောင်း သိရသည်။

ပြည်တွင်းမှ ထွက်ရှိသည့် ကြက်သွန်ကို လက်ရှိတွင် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို တင်ပို့လျက်ရှိနေသည့်အပြင် ဖိလစ်ပိုင်နိုင်ငံသို့ G to G စနစ်ဖြင့် စတင် တင်ပို့နေပြီဖြစ်သည်။