CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၁

မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ စိန်တလုံး သရက်သီးများ တင်ပို့ရာတွင် တရုတ်နိုင်ငံ အကောက်ခွန်ဌာန ၏ စစ်ဆေးမှု ကြန့်ကြာနေခြင်းကြောင့် ဈေးနှုန်း ကျဆင်းမှုများ ဖြစ်ပေါ်နေကြောင်း မူဆယ်သစ်သီးကုန်သည်များထံမှ သိရသည်။

တရုတ်နိုင်ငံအနေဖြင့် Border trade စနစ်မှ Normal trade စနစ်သို့ ပြောင်းလဲ ကျင့်သုံးနေခြင်းကြောင့် ကုန်တင် ကားများ တရုတ်နိုင်ငံသို့ ဝင်ရောက်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ မပြည့်စုံမှု ဖြစ်သွားကြောင်း၊ ထို့ကြောင့် အချိန်ကြန့်ကြာမှုများ ဖြစ်သွားကြကြောင်း သိရသည်။

အချိန်ကြန့်ကြာမှုနှင့် ကြုံတွေ့လိုက်ရသည့် သရက်သီးတင် ကားများအနေဖြင့် ရောင်းကွင်း ရောက်သည့်အချိန် သရက်သီး အရည်အသွေး မကောင်းဘဲ ကျဆင်းသွားကြောင်း၊ နယ်စပ်နှင့် အလွန်ဝေးသည့် တရုတ်နိုင်ငံ အနှံ့သို့ မရောက်တော့ဘဲ နီးစပ်ရာတွင် ရသည့်ဈေးနှုန်းဖြင့် ရောင်းချကြရသည်ဟု ဖရဲနှင့် သရက်သီး တင်ပို့သည့် ကုန်သည် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။

သရက်သီးများ တင်ပို့ရန် ပြင်ဆင်နေစဉ်

၎င်းက “ထိခိုက်တယ်၊ အပြောင်းအလဲတော့ ရှိတယ်။ ဈေးနှုန်းကျတော့ ကုန်စိမ်းမှာက လတ်ဆက်မှုကို ဦးစားပေး တာဆိုတော့ အခု ဖြစ်သွားတဲ့ ကားအစီး ၄၀,၅၀,၆၀ ကတော့ ရတဲ့ဈေးနဲ့ ရောင်းရတာပေါ့နော်။ မှည့်ဆိုက်တွေ ရောက်သွားပြီ။ နောက်ထပ် ထပ်ပြီးတော့ အဝေးကို သွားလို့မရဘူး။ အဝေးကို သွားလို့မရတော့ အနီးအနား ရတဲ့ ဈေးနဲ့ ရောင်းပြီး ကျနော်တို့ ၁ ခြင်းကို ပုံမှန်က ယွမ် ၈၀၊ ၉၀၊ ၁၀၀ လောက်။ ပုံမှန်က အဲဒါက ကျဈေးဖြစ်ရမှာ လေ။ အဲလိုတော့ ရောင်းလိုက်ရတယ်” ဟု ပြောသည်။

ဖရဲသီးနှင့် သရက်သီး တင်ပို့ရာတွင် မူဝါဒ အပြောင်းအလဲများကြောင့် ဈေးနှုန်းကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဖရဲသီး စီးပြတ်ကို ယွမ် ၄၀၀၀၀ မှ ၆၀၀၀၀၊ စိန်တလုံးတစ်ခြင်းလျှင် ယွမ် ၁၀၀ မှ ၁၃၀ အထိ ရရှိသော်လည်း ယွမ် ၆၀ မှ ၁၀၀ ကြားသာ ရရှိကြောင်း သိရသည်။
လက်ရှိတွင် သရက်သီးစိုက် တောင်သူများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကြောင့် သရက်သီးများ ပျက်စီးမည်ကို စိုးရိမ်နေကြသည်။

ထိုသို့ စိုးရိမ်မှုကြောင့် သရက်သီးများကို ခူးဆွတ်ကြရာ ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့သော်လည်း ခဏတာ ဖြစ်ပြီး ရက်ပိုင်းအတွင်း ဈေးနှုန်း ပြန်လည် ကောင်းမွန်လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က CNI သတင်းဌာနသို့ ပြောသည်။

သရက်သီးများ ခူးဆွတ်ထားစဉ်

၎င်းက “ဒီအချိန်မှာ သရက်သီးခူးတဲ့ အချိန်ဖြစ်တယ်။ နောက်တစ်ခုက မုန်တိုင်း ကြေညာချက်ကလည်း ရှိတဲ့အခါ ကျတော့ တောင်သူ အများစု ကနေပြီးတော့ အသီးကို ခူးပြီးတော့ မုန်တိုင်း မိသွားမှာလည်း စိုးတဲ့အခါကျတော့ ခူးကြတာတွေ အများကြီးရှိတယ်။

အောက်ပြည်ကိုလည်း ဆင်းတာတွေ များတယ်။ ဈေးတော့ နည်းနည်းလေး ပြန်ကျလာတယ်။ ရက်ပိုင်းအတွင်းမှာ ပြန်ကောင်းသွားမှာ။ ဘာလို့လဲဆိုတော့ သရက်သီးက ကျန်သေးတာကိုး၊ ဒီနှစ်က သရက်သီးက အထွက်ကလည်း နောက်ကျတယ်။ သရက်သီးကလည်း နည်းတယ်။ အထွက်လည်း နောက် ကျတော့ သူက အခုမှ ခူးတာ ဘယ်လောက်မှ မရှိသေးဘူးပေါ့နော်” ဟု ပြောသည်။

လတ်တလော အခြေအနေအရ လမ်းကြောင်း ကြန့်ကြာမှုများ ရှိသည့်အတွက် သရက်သီး ခူးဆွတ် တင်ပို့မှုများကို ခေတ္တရပ်နားထားကြရန်နှင့် အရည်အသွေး မပြည့်မှီသည့် သရက်သီးများ တင်ပို့မှုကို ထိန်းသိမ်းရန် လိုအပ် ကြောင်း သစ်သီးပွဲရုံပိုင်ရှင်တချို့က အကြံပြုလျက်ရှိနေသည်။