CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံ ကျင့်သုံးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်သည် ဒီမိုကရေစီနိုင်ငံများဖြင့် သံတမန်ဆက်ဆံရေးအတွက် ရလဒ် ကောင်းမဟုတ်ဘူးဟု မြန်မာ့နိုင်ငံရေးသမားများက ထောက်ပြကြသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံကြား သမိုင်းကြောင်းအရ ခိုင်မာ၍ နီးကပ်သည့်ဆက်နွယ်မှု အစဉ် အလာများ ရှိသည်သာမက တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် အားလျော်စွာ မြန်မာ နိုင်ငံအတွက် အထူးအရေးပါသည့် နိုင်ငံဖြစ်သည်ဟု ခံယူကြောင်း ဇန်နဝါရီ ၁ ရက်နေ့က NUG မှ ထုတ်ပြန်ခဲ့ သည်။

NUG က “မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ နယ်နိမိတ်အားဖြင့် ကီလိုမီတာ နှစ်ထောင်ကျော် ထိစပ်လျက်ရှိပြီး၊ ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲ နေထိုင်သွားရမည့် အိမ်နီးချင်းနိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား စစ်မှန်တဲ့ “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေး တည်ဆောက်သွားမည်။ တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း ဖြစ်ရေး မြန်မာနိုင်ငံက အမြဲကြိုးပမ်း ရပ်တည်မည်။ တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည်” ဟု ပြောသည်။

 NUG ၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

NUG အနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံမည်ဆိုသည့်အချက်အား ထည့်သွင်း ထုတ်ပြန်ခြင်းမှာ မိမိတို့အတွက် ရလဒ်ကောင်းတစ်ခု မဟုတ်ဟု ယူဆကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော် က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီအချက်ကိုတော့ အမှန်ကတော့ ဒီအချိန်မှာ အဲဒီဟာကို မပြောရင်လည်း ရပါတယ်။ နည်းနည်းလေး များသွားသလားလို့လေ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က အခုချိန်မှာ တစ်ဖက်မှာ နေပြီးတော့ ကျနော်တို့ ရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို တိုက်နေရတာလေ။ ဆိုတဲ့အချိန်မှာ တစ်ဖက်မှာလည်း ကျနော်တို့ ဒီမိုကရက်တစ်အုပ်စုတွေက ကျနော်တို့ရဲ့ မိတ်ဖက်မဟာမိတ် အနေနဲ့ပေါ့ဗျာ၊ အနောက်ဒီမိုကရေစီနိုင်ငံတွေကို ကျနော်တို့က တစ်ဖက်ကတော့ အားယူနေရတဲ့ အချိန်မှာ သူတို့ရဲ့ မိတ်ဖက်ဖြစ်တဲ့ ထိုင်ဝမ်တို့လိုဟာမျိုးကို ကျနော်တို့က အခုကြေညာချက်မှာ နံပါတ် ၄ အချက်ကို ထည့်လိုက်ခြင်းအားဖြင့် ကျနော်တို့အတွက် အဲဒါက ရလဒ်ကောင်းတစ်ခု မဟုတ်ဘူးလို့ ကျနော်ကတော့ အဲဒီလို ယူဆပါတယ်” ဟု ပြောသည်။

ထို့အတူ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို မျှော်ရည်လျှက် မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUG ၏ PDF တပ်ဖွဲ့ကိုတွေ့ရစဉ်

တရုတ်တစ်နိုင်ငံတည်း ထောက်ခံသည့်မူဝါဒမှာ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်က ကျင့်သုံးလာသော မူဝါဒ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါကတော့ ပေါ်လစီပဲ ကျနော်တို့ ဗမာနိုင်ငံရဲ့ ပေါ်လစီအဆက်ဆက်ပဲ တရုတ်တစ်နိုင်ငံတည်းပဲ ထောက်ခံတာ အဲဒါမူပဲလေ၊ မူပဲ၊ တက်လာတဲ့ အစိုးရတိုင်းက ဒီမူကို လိုက်နာတာပဲ၊ အဲဒါကြောင့်မို့လို့ ထိုင်ဝမ် ကလည်းပဲ အခု နအဖနဲ့ ဒီစစ်ကောင်စီနဲ့ ထိုင်ဝမ်နဲ့ ကုန်သွယ်ရေး အများကြီးပဲ ဒေါ်လာဘီလီယံ ပေါင်းများစွာ ရှိတယ်၊ သူဆက်သွယ်နေတာပဲ၊ အဲဒီလိုပဲ NLD လက်ထက်တုန်းကလည်း ဒီလိုပဲ ဆက်သွယ်ရတာပဲ၊ ဟောင်ကောင်အရေးနဲ့ ပတ်သက်လို့ ဟောင်ကောင်ကတော့ ပြီးသွားပြီလေ၊ ဟောင်ကောင်က တရုတ်ပြည်ရဲ့ တစ်ခုတည်းသော အနေနဲ့ ပြီးသွားပြီး မပြတ်သေးတာ ထိုင်ဝမ်ကိစ္စပဲ၊ ထိုင်ဝမ်ကိစ္စကလည်း တစ်ကမ္ဘာလုံးက အမေရိကန်ကစတာ ထိုင်ဝမ်ဟာ အမေရိကန် တရုတ်ရဲ့အောက်မှာရှိတဲ့ ပေါ်လစီကိုလည်း အမေရိကန် ကိုယ်တိုင် က အသိအမှတ်ပြုတယ်၊ ဒါပေမဲ့လို့ ဒီမိုကရေစီစနစ်နဲ့ သွားတာကို အသိအမှတ်ပြုပေးဖို့ အဲဒါကို အမေရိကန်က တောင်းဆိုနေတာလေ၊ ဗမာကတော့ အဲဒီလို မတောင်းဆိုသော်လည်းပဲ ထိုင်ဝမ်နဲ့ ဗမာနဲ့ အစိုးရအဆက်ဆက် အခု စစ်အစိုးရလက်ထက်မှာ ပိုတောင်မြင့်သေးတယ် ဆက်ဆံရေးလေ” ဟု ပြောသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် တပ်မတော်ဖြုတ်ချရေး ကြိုးပမ်းလုပ်ဆောင်နေသလို တရုတ်နိုင်ငံရှိ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအိုနှင့် ရှင်ကျန်းပြည်နယ်ရှိ ဝီဂါမူဆလင်များကလည်း မိမိတို့ ဒေသ လွတ်မြောက်ရေးအတွက် လှုပ်ရှားလျက်ရှိနေသည်။