CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၂

မလေးရှားဘက်မှ မြန်မာလုပ်သား ခေါ်ယူမှုနှုန်းထားအား ကိုဗစ်မတိုင်ခင် ကာလများကဲ့သို့ အများအပြား ပြန်ရှိ လာစေရန် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများ အနေဖြင့် အချိန်ယူ၍ ပြန်ကြိုးစားရမည်ဖြစ်ကြောင်း မလေးရှား တွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် ယခင်ကကဲ့သို့ မြန်မာလုပ်သားခေါ်ယူမှု များပြားလာစေရန် နှစ်နိုင်ငံဆက်ဆံရေးအားကောင်းရန် လိုအပ်ကြောင်း မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

ဦးဘာဘူကြီးက “လက်ရှိ အနေအထားမျိုးမှာ အဓိက ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား ဒီနှစ်နိုင်ငံနဲ့ သူတို့ အလုပ်သမား ခေါ်ယူထားတာ နည်းနည်းနောနော အင်အားတော့ မဟုတ်ဘူး။ ဆိုတဲ့ အနေအထားမျိုးမှာ ဘင်္ဂလားဒေ့ရှ်ကတော့ စက်ရုံရယ်၊ ဆောက်လုပ်ရေး လုပ်ငန်းပိုင်းတွေမှာ အဓိက ဝင်လာတာဖြစ်ပြီး အင်ဒိုနီးရှားကြတော့ သန့်ရှင်းရေးနဲ့ စိုက်ပျိုးရေးတွေမှာ အများဆုံး ဝင်လာထားတဲ့ အနေအထားမျိုးမှာ ရှိတယ်။ နီပေါတို့ ဘာတို့ကနေပြီးတော့ လုံခြုံရေးတွေ ဘာတွေမှာ ဝင်လာတဲ့လူတွေက သူ့ဌာနနဲ့သူ ဝင်လာတဲ့လူတွေက လုံလုံလောက်လောက် ဖြစ်နေ ပြီ။ ရှေ့ဆက်လုပ်ဖို့ဆိုတာ မြန်မာနိုင်ငံသားတွေ အလုပ်သမား ပြန်ခေါ်ယူနိုင်ဖို့အတွက် လုပ်ရမယ်ဆိုရင် ဒါတော် တော်လေး ပြန်ကြိုးစားယူရမှာပေါ့။ ဒီ သံတမန် ရေးရာမှာလည်း တော်တော်လေးကို အင်အားကောင်းပြီးတော့ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး တော်တော်ကောင်းမွန်မှသာလျှင် ဒါတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ကျနော် ထင်တယ်” ဟု ပြောသည်။

 မလေးရှားအစိုးရကို တွေ့ရစဉ်

မလေးရှားသည် လက်ရှိတွင် အခြားနိုင်ငံများမှ လုပ်သားများအား ခေါ်ယူရန် လက်မှတ်ရေးထိုး ချုပ်ဆိုထားသည့် အပြင် အလုပ်လုပ်ကိုင်ခွင့် ပါမစ်များလည်း ယခုနှစ်ကုန်အထိ လျှောက်ခွင့် ပြုထားသည့်အတွက် မြန်မာလုပ်သား အများအပြား ခေါ်ယူမှုမှာ အချိန်ကာလတစ်ခုအထိ ရှိဦးမည်မဟုတ်ကြောင်း မလေးရှား၌ မြန်မာနိုင်ငံသားများ အရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။

အခြားနိုင်ငံမှ လုပ်သားများအား ခေါ်ယူရန် ခွင့်ပြုထားသော်လည်း အလုပ်ရှင်၏ လုပ်ငန်းလိုအပ်ချက်အရ မြန်မာ လုပ်သားများ ခေါ်ယူမည်ဆိုပါကလည်း မလေးရှားအာဏာပိုင်များထံ တင်ပြနိုင်ကြောင်းလည်း သိရသည်။

သို့သော် လက်ရှိတွင် မလေးရှားနိုင်ငံဘက်မှ မြန်မာလုပ်သားများအား ခေါ်ယူသည့် အလုပ်ခေါ်စာ အသစ်များ သည် မရှိသလောက် နည်းပါးနေကြောင်း၊ ထိုသို့ နည်းပါးရခြင်းသည် လုပ်သားခေါ်ယူရာ၌ ဘင်္ဂလားဒေ့ရှ် အပါအဝင် အခြားနိုင်ငံများထက် မြန်မာဘက်မှ အေဂျင်စီများသို့ ပေးရသည့် ငွေပမာဏများသောကြောင့်ဖြစ်ကြောင်း မလေးရှားတွင် မြန်မာများအား ကူညီပေးနေသူ မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားရောက် ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

၎င်းက “ဘင်္ဂလား ၃ ယောက်ခေါ်ရင် မြန်မာ ၂ ယောက်ခေါ်တဲ့ ဈေးနှုန်းနဲ့ ကိုက်ညီနေတယ် ဈေးကွက်တော့။ မြန်မာပြည်က ခေါ်မယ်ဆိုရင် မြန်မာပြည်က အစိုးရကို ပေးချေရတဲ့ ငွေကြေးပမာဏက နည်းနည်းများတယ်။ ဥပမာ ဘင်္ဂလား ၃၀ လောက်ခေါ်လို့ရတာကို မြန်မာက အယောက် ၂၀ လောက်ပဲ ခေါ်လို့ရတယ်။ အဲဒီလောက် ငွေကြေး ကွာဟနေတဲ့အတွက် ဒီဘက်က သူဌေးတွေကလည်း အလုပ်သမားကို ဒီပိုက်ဆံအပေါ် မူတည်ပြီးတော့ နီပေါနဲ့ ဘင်္ဂလားကိုပဲ သူတို့ အေးဂျင့်တွေက ဦးတည်ပြီးတော့ ခေါ်တာပေါ့။ အေးဂျင့်တွေ အနေနဲ့ကလည်း ဘင်္ဂလားနဲ့ နီပေါကို ခေါ်တဲ့အတွက် သူတို့ဘက်မှာလည်း charges ပိုကျန်တယ်ပေါ့။ အဲဒါကြောင့် မြန်မာတွေကို တရားဝင် ခေါ်တဲ့ calling visa တွေနဲ့ ခေါ်တာကို အရမ်းနည်းသွားတာပေါ့။ ပြောရမယ်ဆိုရင် အခုနိုင်ငံရေးအရ ဆိုရင်တော့ ဈေးနှုန်းတွေ ချပေးရင်တော့ ကျနော်တို့ နိုင်ငံကလူတွေ အခွင့်အလမ်းတစ်ခုနဲ့ တရားဝင်သွားလို့ရမယ့် အခွင့်အလမ်းလေး ပိုပြီးတော့ ပေါများလာတာပေါ့။ လောလောဆယ်က ဈေးနှုန်းလေးက နည်းနည်းများနေတဲ့ အတွက်ကြောင့် ဒီဘက်က သူဌေးတွေအနေနဲ့က ဈေးချိုတဲ့နိုင်ငံသားကိုပဲ သူတို့ဘက်က ခေါ်သွင်းတာပေါ့” ဟု ပြောသည်။

နှစ်နိုင်ငံအစိုးရ အပြောင်းအလဲများ ဖြစ်သွားပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ မြန်မာလုပ်သားများအတွက် အလုပ် ခေါ်စာ အသစ်များဖြင့် အများအပြား ခေါ်ယူမှု မရှိသလောက် နည်းပါးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ တရားဝင် ခေါ်ယူမှု မရှိသည့်အတွက် တရားမဝင် လမ်းကြောင်းများမှ ခိုး၍ဝင်ရောက်ကာ အလုပ်လုပ်ကိုင် ရန် ပြင်ဆင်ကြရာတွင် ပွဲစားများထံမှ ငွေကြေးလိမ်လည်ခြင်းများဖြင့်လည်း ကြုံတွေ့ခဲ့ကြရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား ၂ သိန်းခန့်ရှိသည့်အပြင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း တရားမဝင် ခိုးဝင်လာသူ ဦးရေမှာလည်း အင်မတန် များပြား လှကြောင်း သိရသည်။