CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၃

မြန်မာ့ထောပတ်သီးများကို တရုတ်နိုင်ငံသို့ နှစ်နိုင်ငံ သဘောတူစာချုပ် G to G စနစ်ဖြင့် တရားဝင် တင်ပို့နိုင်ရန် အတွက် နှစ်နိုင်ငံအစိုးရ အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံက ဝယ်ယူလိုကြောင်း၊ မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံသို့ တင်ပို့လို ကြောင်း၊ လက်ရှိတွင် တရားဝင် တင်ပို့နိုင်ရန်အတွက် ဆွေးနွေးရာ၌ အခြေအနေ ကောင်းမွန်သည်ဟု မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စိုးမင်းက CNI သတင်းဌာန သို့ ပြောသည်။

ဦးကျော်စိုးမင်းက “G to G သွားပြီး လက်မှတ်ထိုးမှ ကျနော်တို့က ရောင်းချခွင့် ရှိတာကိုး။ အဲတော့ ကျနော်တို့ ယူနန် တာဝန်ရှိသူနဲ့ ဆွေးနွေးတယ် GACC ရချင်တာပေါ့။ GACC ရမှ တရားဝင် ရောင်းချခွင့် ရှိတာကိုး။ ရချင်ရင် ဘာတွေလုပ်ပေးရမလဲ ကျနော်တို့ ဆွေးနွေးတယ်။ သူတို့ဘက်ကလည်း လုပ်မှာပေါ့။ အဓိကကတော့ ကျနော်တို့ ဘက် ပြင်ပြီးရင် G to G လက်မှတ် ဆက်သွားမှာပေါ့နော်။ အခြေအနေကတော့ ကောင်းပါတယ်။ သူတို့ဘက်က လည်း လိုချင်တယ်။ ကျနော်တို့ ဘက်ကလည်း လုပ်ချင်တယ် အခြေအနေကတော့ ကောင်းပါတယ်။ အခု နာနတ် ရသွားပြီပေါ့ GACC က။ နာနတ်ရသွားပြီဆိုတော့ ထောပတ်ရဖို့ ဒုတိယက ထောပတ်ရဖို့ ဖြစ်နေတယ်ပေါ့။ အခြေ အနေ ကောင်းတယ်။ ရဖို့ နီးစပ်ပါတယ်” ဟု ပြောသည်။

မြန်မာ့ထောပတ်သီး ကဏ္ဍတွင် တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု ရှိနေကြောင်း၊ ထို့နောက် ထောပတ်သီး စက်ရုံများအတွက်လည်း ပညာရှင်များ စေလွှတ်ရန် သဘောတူညီမှုများ ရရှိခဲ့သည်ဟု အတွင်းရေး မှူး ဦးကျော်စိုးမင်းက ဆက်ပြောသည်။

 ပြည်ပတင်ပို့မည့် ထောပတ်သီးများ ထုတ်ပိုးနေစဉ်

၎င်းက “အခု ကျနော်တို့ စကားပြောခဲ့တာက သူတို့ ထောပတ်ကဏ္ဍကို လာရောက်ရင်းနှီးဖို့ စိတ်ဝင်စားတယ်ပေါ့ နော်။ အဲဒါတော့ ကျနော်တို့ ခွင့်ပြုလို့မရဘူးလေ အစိုးရချင်း သူတို့ခွင့်ပြုမှပဲ ရင်းနှီးမြှုပ်နှံလို့ ရမှာဆိုတော့ ကျနော် တို့ မသိဘူး။ သူတို့ စိတ်ဝင်စားတယ် ပြီးရင် စက်ရုံတွေမှာလည်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတယ်။ စက်ရုံတွေကို လည်း သူတို့ ပညာရှင်တွေ လွှတ်ဖို့ သူတို့ ကူညီပေးမယ်ပေါ့။ ကျနော်တို့ အဲဒီလို သဘောတူညီချက်လေးတွေ ရခဲ့တယ်” ဟု ပြောသည်။

တရုတ်နိုင်ငံသို့ G to G စနစ်ဖြင့် တရားဝင် တင်ပို့ခွင့်ရမည်ဆိုပါက တစ်နှစ်လျှင် တန်ချိန် ၁ သိန်းအထိ တင်ပို့၍ ရနိုင်ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံ၏ ထောပတ်သီး ထွက်ရှိမှုနှုန်းသည့် တန်ချိန် ၁ သိန်း မရှိသေးကြောင်း သိရသည်။

တောင်သူများအနေဖြင့် ထောပတ်သီးကို တရားဝင် တင်ပို့နိုင်ရန်အတွက် မျှော်မှန်းထားမှုများရှိသော်လည်း ထောပတ်သီးများကို ဝယ်ယူရာတွင် ပွဲစားများဖြင့် မဟုတ်ဘဲ ကုမ္ပဏီများက ဝယ်ယူရန် လိုလားသည်ဟု ရှမ်းပြည် နယ်၊ တောင်ကြီးမြို့၊ ကျောက်တလုံးမြို့နယ် ထောပတ်အသင်း ဥက္ကဋ္ဌ ခွန်အာကာက CNI သတင်းဌာနသို့ ပြော သည်။

ခွန်အာကာက “မျှော်လင့်တော့ မျှော်လင့်ထားတယ်။ တရုတ်ဘက်ကို သွားတာလည်း မျှော်လင့်ပါတယ်။ ထိုင်းဘက် သွားတာလည်း မျှော်လင့်ပါတယ်။ တရားဝင် အရပေါ့နော် မျှော်လင့်ပါတယ်။ နိုင်ငံခြား ထွက်လို့ရတယ် ဆိုရင် တော့ ကျနော်တို့ မျှော်လင့်ချက်တွေတော့ နိုင်ငံခြားထွက်ရင်တော့ အဝယ်သမားလည်း လှိုင်လှိုင်လာမယ်။ ပွဲစား မဟုတ်ဘဲနဲ့ ကုမ္ပဏီတစ်ခုနဲ့ လုပ်သွားမယ်ဆိုရင် ကျနော်တို့ တောင်သူတွေကတော့ ထောပတ် လောကမှာတော့ မြန်မာနိုင်ငံမှာ ဝင်ငွေ တော်တော်လေး ရှိပါတယ်။ ကျနော်တို့ ကျောက်တလုံးမြို့နယ်မှာတော့ စိုက်ပြီး ဧကတောင် မှ သောင်းဂဏန်းလောက်တောင် ရှိနေပြီ။ အဲဒါကို တချို့လူတွေက ဟိုရောင်းမရ၊ ဒီရောင်းမရတဲ့အခါ တချို့လူ တွေက ပစ်ထားတာလည်း ရှိသွားတယ်” ဟု ပြောသည်။

ထောပတ်သီးကိုတွေ့ရစဉ်

ပြည်တွင်းတွင် ထောပတ်သီး စိုက်ပျိုးမှု များပြားသော်လည်း ပြည်ပသို့ တင်ပို့နိုင်မှု အားနည်းသည့်အတွက် တောင်သူများအနေဖြင့် ထောပတ်ပင်များကို သေချာစွာ မထိန်းနိုင်မှုများ၊ ကုန်သည်ပွဲစားများ၏ ဈေးနှိမ်မှုများ ကြောင့် ဈေးနှုန်းကောင်းမွန်စွာ ရရှိမှုမရှိခြင်းများ ကြုံတွေ့နေရသည်ဟု တောင်သူများက ပြောသည်။

လက်ရှိတွင် မြန်မာ့ထောပတ်သီးကို အင်္ဂလန်၊ ပြင်သစ်၊ နယ်သာလန်နိုင်ငံတို့ကို စမ်းသပ် တင်ပို့ထားပြီး ရလဒ် ကောင်းများ ရရှိထားကြောင်း၊ မလေးရှားနိုင်ငံသို့ တရားဝင် တင်ပို့လျက်ရှိနေပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းဖြင့်သာ တင်ပို့နေရသည်ဟု သိရသည်။