CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂

ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံသို့ ကျွဲ၊ နွား တင်ပို့မှု ရပ်နားခဲ့ရသော်လည်း လက်ရှိတွင် ပြန်လည် တင်ပို့နိုင်ရန် ဆောင်ရွက်မှုများ ရှိနေကြောင်း ကျွဲ၊ နွား တင်ပို့ရောင်းချသူများထံမှ သိရသည်။

စစ်ရေးပဋိပက္ခရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမတွင် ကျွဲ၊ နွား တရားဝင်တင်လာသည့် ကားများကို လက်နက်ကိုင်အဖွဲ့အစည်းများက ပစ်ခတ်ခြင်းကြောင့် လူသေဆုံးမှုများနှင့် ဒဏ်ရာရရှိသည့် ဖြစ်စဉ် များလည်း ရှိခဲ့သည်။

ထို့ကြောင့် ကျွဲ၊ နွား အရောင်းအဝယ်အတွက် မန္တလေးတိုင်းဒေသကြီးတွင် နေရာတစ်ခု သတ်မှတ်၍ လုပ်ဆောင် ပေးမည်ဆိုပါက အဆင်ပြေနိုင်သည်ဟု ကျွဲ၊ နွား တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်သို့ တင်ပို့တဲ့ နွားကားများကိုတွေ့ရစဉ်

၎င်းက “ကွတ်ခိုင်တို့ သူပုန်တွေ သောင်းကျန်းတဲ့နေရာတွေ မဟုတ်ဘဲနဲ့ မန္တလေးတိုင်းအတွင်းမှာ နေရာတစ်ခု လုပ်ပါ။ တရုတ်ကုန်သည်တွေ ဒီမှာ လာဝယ်လိမ့်မယ်။ ဒီမှာကျတော့ ကျနော်တို့ ရောင်းလိုက်တဲ့ပစ္စည်းက အခွန်အခ ဆောင်ပြီးတော့ ကြိုက်တဲ့နေရာ ယူသွားလိုက်။ လမ်းမှာရှိတဲ့ လက်နက်ကိုင်တွေက ကုန်သည်တွေကို လုပ်တာ၊ တရုတ်တွေကို မလုပ်ဘူး။ တရုတ်ကို ဘာမှမလုပ်တော့ သူတို့ယူသွား ကျနော်တို့ မူဆယ်အထိ လိုက်ပို့ စရာ မလိုဘူး။ ကျနော်တို့ ဒီမှာ တရားဝင် နေရာတစ်ခု သတ်မှတ်လိုက်။ အဲဒါဆိုလို့ရှိရင် နိုင်ငံတော် အခွန်အခ လည်း ရမယ်။ ကုန်သည်တွေကလည်း အဲဒီဈေးမှာ လာပြီးတော့ တစ်နိုင်ငံလုံးက လာပြီးတော့ ရောင်း၊ သတ်မှတ် ထားတဲ့နေရာမှာ သတ်မှတ်ထားတဲ့ ပစ္စည်းတွေရောင်း။ ရောင်းပြီးတော့ တရုတ်ကလည်း အဲဒီမှာ လာဝယ်။ ဝယ်ပြီး တော့ ယူသွား။ အဲဒီမှာ စည်းတံဆိပ်တွေ သုံးပြီးတော့ ပေးရင် ယူသွားလိမ့်မယ်။ ဒါက တရားဝင် ဝယ်ခဲ့တဲ့ ပစ္စည်း တွေ ဆုံးရှုံးရင်လည်း သူတို့ဟာပဲ မြတ်ရင်လည်း သူတို့ဟာပဲ။ အခုက အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ သူတို့က စီးပွားရေး ပုံစံ မဟုတ်ဘဲနဲ့ ကုန်သည်တွေကို တရားဝင်ဆိုပြီးတော့ ဟိုဘက်ကို သွားပြီး ပြိုင်ခိုင်းနေသလို ဖြစ်နေတယ်။ မှောင်ခိုလမ်းကြောင်းကိုပဲ သူတို့က တွန်းပေးမယ်။ ကျနော်ပြောချင်တာက ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ဒီလုပ်ငန်းကို ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်သင့်တာပေါ့နော်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပခဲ့သည့် ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) နှင့် ကျွဲ၊ နွား တင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း တွေ့ရှိရသည်။

ထို့နောက် လက်ရှိ မွေးမြူထားသော ဒေသကျွဲ၊ နွားများကို   ပြုန်းတီးမှုမှ ကာကွယ်နိုင်ရန်နှင့် စီးပွားဖြစ် ထုတ်လုပ် နိုင်ရေးအတွက် တင်ပို့မည့် အရေအတွက် ပမာဏအလိုက် မွေးမြူရေးခြံများ တည်ထောင် ဆောင်ရွက်ပြီး ကျွဲ၊ နွား အရှင်နှင့် အေးခဲအသားများ စဉ်ဆက်မပြတ် ထုတ်လုပ်တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

မူဆယ်နယ်စပ် လမ်းကြောင်းမှတစ်ဆင့် တရုတ်သို့ ကျွဲ၊ နွား တင်ပို့ရာတွင် မူဆယ်နယ်စပ်၌ ကျွဲ၊ နွား ထားရှိမည့် နေရာ အခက်အခဲနှင့် တိရိစ္ဆာန်အစာ အခက်အခဲများ ရှိခြင်းကြောင့် တရုတ်သို့ တင်ပို့မည့် ကျွဲ၊နွားများကို ထားရှိ ရန် မန္တလေးတိုင်းဒေသကြီး အနီးတဝိုက်တွင် ကွင်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့  လိုအပ်သည် ဟု ကုန်သည်များက ပြောသည်။

တရုတ်သို့ တင်ပို့တဲ့ နွားကားများကိုတွေ့ရစဉ်

တရုတ်နိုင်ငံသို့ ကျွဲ၊ နွား တင်ပို့မှုနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အပြင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့ လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ကျွမ်းကျင်သည့် ကုန်သည်များနှင့် ပူးပေါင်း၍ မူဝါဒများကို ချမှတ်ရန် လိုအပ်ကြောင်း ကျွဲ၊ နွား တင်ပို့သည့် ကုန်သည် ဦးစိုးနိုင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “လောလောဆယ်တော့ မရှိသေးဘူး။ ဒါပေမယ့် ဟိုတလောက မွေးမြူရေး အဖွဲ့ချုပ်က တစ်ဦးကတော့ ကျနော့်ဆီကို ဖုန်းဆက်လာတယ်။ ပြန်ဖွင့်မယ်တို့ ဘာတို့ ညာတို့ လုပ်တယ်။ ဒါပေမယ့် သူတို့ ဖွင့်မယ်တို့ ဘာတို့ ညာတို့ လုပ်တာက သူတို့ရဲ့ စီမံခန့်ခွဲမှုပုံစံနဲ့ တကယ့် အလုပ်လုပ်တဲ့ သူတွေနဲ့က တခြားစီပဲ ဘာမှလုပ်လို့ မရဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့က မလုပ်တော့ဘူး။ သူတို့က သတင်းနဲ့ အမိန့်ပဲ ပေးတာ။ သူတို့က ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှ မကျွမ်းကျင်ဘူး။ ဘာမှလည်း မသိဘူး။ ဘာမှလည်း နားမလည်ဘူး။ အဲဒီမှာ မွေးမြူရေး အဖွဲ့ချုပ်မှာ ထိပ်ဆုံးမှာ နေရာယူပြီးတော့ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါ တရုတ်နဲ့ အဲဒီလိုလုပ်တာ အဆင်မပြေလို့ ကျနော်တို့ မလုပ်တော့ဘူး။ မြေပြင်မှာ အဆင်ပြေဖို့အတွက် မြေပြင်မှာ လှုပ်ရှားနေတဲ့ လုပ်နေတဲ့သူတွေနဲ့ ပေါင်းပြီးတော့ တိုင်ပင်မှ ရမှာလေ။ သူတို့က သူတို့လုပ်ပြီးတော့ အဲဒါ အဆင်မပြေဘူးဆိုလို့ရှိရင် ဆုံးရှုံးတဲ့သူတွေ က ပြည်သူတွေ ဆုံးရှုံးတာလေ” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ ကျွဲ၊နွား မွေးမြူရေးခြံ အများစုသည် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင် တည်ရှိသည်။

ကျွဲ၊ နွားများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားဝင် လမ်းကြောင်းအပြင် တရားမဝင် လမ်းကြောင်းများမှလည်း တင်ပို့မှု ရှိသည်။