CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လေယာဉ်ကွင်း ပြေးလမ်းတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လေယာဉ်ကွင်းများ တိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် လေယာဉ်ပြေးလမ်းများကို ရေရှည် အတွက် မျှော်တွေးပြီး စနစ်တကျတွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ လေယာဉ်ပြေးလမ်းများ တိုးချဲ့အဆင့် မြှင့်တင်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိအောင် တည်ဆောက်ရန်လိုအပ်ကြောင်း လေယာဉ် ရပ် နားရန် နေရာများ တည်ဆောက်ရာတွင်လည်း စနစ်တကျ တည်ဆောက်ရန်လိုကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌက “ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် နောင်အချိန်တွင် ဆိပ်ကမ်းစက်မှု လုပ်ငန်းများ တိုးတက် လာပြီး ကုန်သွယ်မှုများပါ မြင့်တက်လာနိုင်ခြင်းကြောင့် နိုင်ငံခြား ခရီးသွားများလည်း ပိုမိုဝင်ရောက်လာနိုင်ပြီး ကုန်တင်လေယာဉ်ကြီးများပါ ဝင်ရောက်လာနိုင်သဖြင့် လေယာဉ်ပြေးလမ်းတိုးချဲ့ရာ၌ ၎င်းအတွက်လည်း မျှော် မှန်း ဆောင်ရွက်သွားရန်လိုကြောင်း၊ စစ်တွေလေယာဉ်ကွင်းသည် ပြည်နယ်၏ မြို့တော်ကွင်းဖြစ်ကြောင်း၊ ထို့ ကြောင့် A-320? B-737 စသည့် လေယာဉ်များ ဆင်းသက်နိုင်မည့် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းနှင့် လေဆိပ် တိုးချဲ့အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို အဆင့်လိုက် ဦးစားပေးအနေဖြင့် ဆောင်ရွက်ရန်လိုတယ်”ဟု ပြော သည်။

အလားတူ သံတွဲလေယာဉ်ကွင်းသည်လည်း ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်မှု များပြားသည့်အတွက် ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည်အထိ မြှင့်တင်ဆောင်ရွက်ရန် လိုကြောင်း၊ အိမ်နီးချင်း နိုင်ငံများတွင် ပြည်တွင်း လေကြောင်း ပြေးဆွဲမှုများကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့်နည်းတူ မိမိတို့ နိုင်ငံတွင် လည်း ပြည်တွင်း လေကြောင်း ပြေးဆွဲမှု အဆင့်မြှင့်တင်တိုးတက်စေရေး ဆောင်ရွက်သွားမည်ဆိုပါက ပြည် တွင်း ခရီးသွားလာမှုကို ပိုမို အထောက်အကူပြုစေမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ပင်လယ်ကမ်းခြေများသို့ ပြည်တွင်း/ပြည်ပ ခရီးသွားများက သွားရောက်မှုများပြားလျက်ရှိ ကြောင်း၊ ထိုသို့ သွားရောက်ရာမှာလည်း လေကြောင်းလိုင်းဖြင့် အဓိကသွားရောက်ကြကြောင်း သိရသည်။

ပြီးခဲ့သည့် (၂၀၂၂ ခုနှစ်)နှစ် သင်္ကြန်ကာလတုန်းက ရခိုင်ပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှုများပြားခြင်း ကြောင့် တစ်ရက်တည်းမှာပဲ လေယာဉ် အကြိမ် ၂၀ ဆင်းသက်ခဲ့ရကြောင်း သိရသည်။