CNI Article

၂၀၂၄ ခုနှစ်၊ မတ်လ ၁၈

အခုဆိုရင် မြန်မာ့တပ်မတော် ဖြုတ်ချရေး နိုင်ငံတဝှမ်း လက်နက်ကိုင် အင်အားစုများက ဖော်ဆောင်နေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။

ဒီလို လက်နက်ကိုင် အင်အားစုတွေက မြန်မာ့တပ်မတော် ဖြုတ်ချရေး ဖော်ဆောင်တဲ့အထဲကမှ ကချင်လွတ် လပ်ရေး တပ်မတော်(KIA)အနေနဲ့ ဘယ်လိုပုံစံနဲ့ ဖော်ဆောင်နေလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။

KIA ဟာ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြန်မာ့တပ်မတော်ကို တိုက်ခိုက်လိုစိတ် ရှိသူတွေကို စုစည်းပြီးတော့ ပထမဆုံး စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်ပေးတာ၊ လိုအပ်တဲ့ လက်နက် ခဲယမ်းတွေ ထောက်ပံ့ပေးတာနဲ့ စတင်ပါတယ်။

ဒီနောက်မှာတော့ စစ်ဆင်ရေးတွေမှာ ဦးဆောင်ပြီးတော့ အမိန့်ပေး ကွပ်ကဲတာ၊ ထောက်ပို့ လမ်းကြောင်းတွေ ကို ဖော်ဆောင်တာ၊ တခြားသော လက်နက်ကိုင် အင်အားစုတွေကို ချိတ်ဆက်တာတွေ ဆက်လုပ်ပါတယ်။

ဒီအခြေအနေတွေ အားလုံး သေချာ စီစဉ်ထားနိုင်တဲ့အခါမှာတော့ စစ်ကိုင်း တိုင်းဒေသကြီးကို ထိန်းချုပ်နိုင်ဖို့ အတွက် စစ်ဆင်ရေးမဟာဗျူဟာ ၃ ရပ်ကို ချမှတ် အကောင်အထည်ဖော်လာတာကို တွေ့ရပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက ဒေသခံများက ရှမ်းနီနယ်မြေကာကွယ်ရေး  ဆန္ဒပြနေကြစဉ်

ဒီစစ်ဆင်ရေးမဟာဗျူဟာ ၃ ရပ်ကတော့ (၁) ဗန်းမောက်မြို့နယ်ကို ဗဟိုပြုစစ်ဆင်ရေး၊ (၂) ကသုံးလုံး (ကသာ-ကောလင်း-ကန့်ဘလူ) စစ်ဆင်ရေး၊ (၃) ထီးချိုင့်မြို့နယ်ကို ဗဟိုပြုစစ်ဆင်ရေးတို့ပဲ ဖြစ်ပါတယ်။

နံပါတ်(၁)အနေနဲ့ ဗန်းမောက်မြို့နယ်ကို KIA က ထိန်းချုပ်နိုင်ပြီးဆိုရင် အင်းတော်၊ ကသာကို ဆက်လက် တိုက်ခိုက်လို့ ရပါမယ်။ ပြီးရင် ပင်လည်ဘူးမြို့ကို တိုက်ခိုက်လို့ရပါမယ်။ ပင်လည်ဘူးကို ထိန်းချုပ်နိုင်ပြီးဆိုရင် တော့ ဖောင်းပြင်၊ ရွှေပြည်အေး၊ ဟုမ္မလင်း စတဲ့ မြို့တွေကို အလွယ်တကူ တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။

ဒီမြို့နယ်တွေကို တိုက်ခိုက်နိုင်ဖို့အတွက် ဗန်းမောက်မြို့နယ်က KIA အတွက် စစ်ရေးမဟာဗျူဟာအရ အရေး ပါနေပါတယ်။ ပြီးရင်တော့ စစ်ကိုင်းတိုင်း အထက်ပိုင်းကို ထိန်းချုပ်နိုင်ဖို့နဲ့ လက်နက်ခဲယမ်း အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရေးတွေကိုလည်း လုပ်နိုင်သွားမှာ ဖြစ်ပါတယ်။ 

ဗန်းမောက်ကို လက်နက်ထောက်ပံ့နိုင်တဲ့ လမ်းကြောင်းကတော့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ကနေ မော်ဟန်၊ မော်လူး၊ အင်းတော်လမ်းကြောင်းကနေ ဖြစ်ပါတယ်။

နောက်ထပ် လမ်းကြောင်းတစ်ခုကတော့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှာရှိတဲ့ ကသာကို သယ်ယူနိုင်ပါတယ်။ ကသာကနေ တဆင့် အင်းတော်-ဗန်းမောက်လမ်းကြောင်း ဖြစ်ပါတယ်။

(၂) ကသုံးလုံး(ကသာ-ကောလင်း-ကန့်ဘလူ) စစ်ဆင်ရေးဖြစ်ပါတယ်။ 

ဒါကတော့ ကသာကို ပထမဆုံး ထိန်းချုပ်နိုင်ပြီးဆိုရင် ကောလင်းကို ထိန်းချုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ကောလင်းကနေ အောက်ဘက်ကိုဆင်းပြီး ကန့်ဘလူကို ထိန်းချုပ်နိုင်ရေး KIA က ဆက်လက် ကြိုးပမ်းနိုင်ပါတယ်။

အခုဆိုရင် ကောလင်းကို ထိန်းချုပ်ထားပြီးတော့မှန် ပြန်လည် လက်လွတ်လိုက်ရတယ်ဆိုပေမယ့် အချိန်မရွေး ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာနိုင်ပါတယ်။ ဒီနောက်မှာတော့ ကန့်ဘလူမြို့နဲ့အနီးဖြစ်တဲ့ ကျွန်းလှမှာ KIA က ထောက်ထားပြီးတော့ ကောလင်းကို စစ်တပ်ဘက်က လာမတိုက်နိုင်အောင် ကာထားသလို ကန့်ဘလူကို လည်း ဖိအားပေးမည့် မဟာဗျူဟာကို ဖော်ဆောင်လာနိုင်ပါတယ်။

ဒီစစ်ဆင်ရေးကို အောင်မြင်ဖို့အတွက် လက်နက်ခဲယမ်းကိုတော့ ကချင်ပြည်နယ်၊ ရွှေကူ၊ မိုးညှင်း၊ အင်းတော် ဒီလမ်းကြောင်းတွေကနေ ဖြည့်တင်း ထောက်ပို့ လုပ်နိုင်ပါတယ်။

(၃) ထီးချိုင့်မြို့နယ်ကို ဗဟိုပြု စစ်ဆင်ရေးပဲ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကတော့ ထီးချိုင့်မြို့ကို KIA-PDF-AA တို့က တိုက်ခိုက်နေပြီးဖြစ်သလို ကျေးလက်ဒေသတွေကိုလည်း ထိန်းချုပ်ထားပါတယ်။

အဓိက ထီးချိုင့်ကို လက်နက်ခဲယမ်း ထောက်ပို့လုပ်နိုင်တာကတော့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေတဆင့် လာနိုင်သလို ကသာကနေလည်း လာနိုင်ပါတယ်။ နောက်တစ်ခုကတော့ မန္တလေးတိုင်းထဲမှာ ပါနေတဲ့ မဘိမ်း ဒေသဘက်ကနေလည်း ထောက်ပို့လုပ်နိုင်ပါသေးတယ်။

ထီးချိုင့်မြို့နယ် အားလုံးကို KIA-PDF-AA တို့ ထိန်းချုပ်နိုင်ပြီးဆိုရင်တော့ ဧရာဝတီမြစ်ကြောင်းနဲ့ စစ်ကိုင်း- မန္တလေး-ကချင် တို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းကိုလည်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ 

PDF နဲ့ KIA အဖွဲ့ကိုတွေ့ရစဉ်

ဒီနောက်မှာတော့ မန္တလေးတိုင်းဒေသကြီးကို KIA က စစ်ရေးအရ ဆက်လက် ဖိအားပေးလာနိုင်ပါလိမ့်မယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပါဝင်နေတဲ့ တမူး၊ ခမ်းပတ်၊ ကလေး စတဲ့ မြို့နယ်တွေကိုလည်း CNF- CNDF- PDF- KNO Burma- ABSDF တို့က ပူးပေါင်းတိုက်ခိုက်လျက်ရှိပါတယ်။ ဒီအင်အားစုတွေကိုလည်း KIA က လက်နက်ခဲယမ်း ထောက်ပံ့ပေးခြင်းနဲ့ ချိတ်ဆက်ထားပြီးတော့ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံး ထိန်းချုပ်နိုင် ရေး ကြိုးပမ်းလျက်ရှိနေတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ ဒီစစ်ဆင်ရေး မဟာဗျူဟာ ၃ ရပ်ကို KIA ဟာ PDF- AA- ABSDF၊ CNDF၊ CNF၊ တို့နဲ့ ပူးပေါင်း ဖော်ဆောင်နေတာဖြစ်လို့ အောင်မြင်သွားခဲ့မယ်ဆိုရင်တော့ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးကို ထိန်းချုပ် သွားနိုင်မှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးကို KIA က ထိန်းချုပ်သွားနိုင်ပြီးဆိုပါက စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ဆက်စပ် ထားတဲ့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့ ဒေသတွေထဲကို လက်နက်ခဲယမ်း ထောက်ပို့ရေး လမ်းကြောင်းဟာ အတားအဆီးမရှိ သယ်ယူလာနိုင်မှာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ တဆက်တည်း လွတ်မြောက်ရေးကို AA – CNF- CNDF- PDF တို့က ဆက်လက်ကြိုးပမ်းလို့ရသွားပြီ ဖြစ်ပါတယ်။

ဒါကြောင့် KIA ရဲ့ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံး ထိန်းချုပ်နိုင်ရေး မဟာဗျူဟာကနေ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ လွတ်မြောက်ရေး တိုက်ပွဲတွေဟာလည်း တချိန်တည်းမှာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ KIA ဟာ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံး ထိန်းချုပ်နိုင်ရေးအတွက် အကောင်အထည် ဖော်တာမှာ အတားအဆီးတွေ တချို့ကို ရင်ဆိုင်နေရပါတယ်။ 

ဒါကတော့ စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းကနေ အထက်ပိုင်းဒေသဟာ ရှမ်းနီတိုင်းရင်းသားတွေ နေထိုင် ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေဒေသတွေဖြစ်လို့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ဒေသတွင်း တည်ငြိမ် အေးချမ်းရေးအတွက် ကြိုးပမ်းနေပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်

အထူးသဖြင့် ရှမ်းနီလက်နက်ကိုင် SNA တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်းဒေသကြီးထဲက ထီးချိုင့်၊ ကောလင်း၊ ဝန်သို၊ ပင်လည်ဘူး၊ ကသာ၊ ရွှေပြည်အေး၊ တမူး၊ ကလေး၊ ဗန်းမောက်၊ အင်းတော်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ မော်လိုက်၊ သနန့် စတဲ့ ဒေသတွေမှာ လှုပ်ရှားနေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့နဲ့ ရှမ်းနီပြည်နယ် ရရှိရေး ကြိုးပမ်းနေ ပါတယ်။

ဒါကြောင့် KIA ရဲ့ စစ်ရေးမဟာဗျူဟာ ၃ ရပ် ဖော်ဆောင်တဲ့ ဒေသတွေထဲမှာ တည်ရှိနေတဲ့အတွက် KIA- PDF တို့နဲ့ SNA ကြား တိုက်ပွဲတွေ ဖြစ်လာခဲ့ရပါတယ်။ 

SNA ဟာ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးကို KIA ထိန်းချုပ်ဖို့ ဖော်ဆောင်နေတဲ့ စစ်ရေးမဟာဗျူဟာထဲမှာ အဓိက အရေးပါတဲ့ အနေအထားမှာ ဖြစ်နေတဲ့အတွက် KIA က SNA ကို စည်းရုံးနိုင်ခဲ့မယ်ဆိုရင် အလွယ်တကူ အကောင်အထည် ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အဲလိုမဟုတ်ဘဲ မစည်းရုံးနိုင်ရင်တော့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် KIA ဟာ SNA ကို စည်းရုံးနိုင်ဖို့ အရေးကြီး သလို တိုက်ထုတ်နိုင်ဖို့လည်း အရေးကြီးပါတယ်။

ဒီလိုပဲ မြန်မာ့တပ်မတော် အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို KIA ထိန်းချုပ်မသွားနိုင်အောင် လုပ်ဆောင်နေတာ မှာလည်း SNA ကို စည်းရုံးနိုင်ရင် ခြေတစ်လှမ်း သာသွားနိုင်ပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးကို KIA ထိန်းချုပ်နိုင်ခဲ့မယ်ရင် KIA က ဟိုယခင်ကတည်းက ကသည်းနဲ့နာဂ လက်နက်ကိုင်တွေကို ထူထောင်ပေးနေပြီး အိန္ဒိယကို တရုတ်အကြိုက် ဖိအားပေးနေတာဖြစ်လို့ အခု ပိုပြီးတော့ ဖိအားပေးလာနိုင်မှာ ဖြစ်ပါတယ်။

ဘာကြောင့်ဆို KIA ဟာ အိန္ဒိယကို တော်လှန်တိုက်ခိုက်နေတဲ့ နာဂ လက်နက်ကိုင်တွေကို လက်နက်ခဲယမ်း ထောင်ပံ့ပေးထားသလို လိုင်ဇာမြို့မှာလည်း စစ်စခန်းတွေ အခြေစိုက်ခွင့် ပေးထားလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် KIA သာ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံး ကို ထိန်းချုပ်သွားနိုင်ခဲ့မယ်ဆိုရင် အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားအတွက်လည်း ခြိမ်းခြောက်မှုတွေ ခံလာရပါလိမ့်မယ်။ 

မေးခွန်းထုတ်စရာ တစ်ခုဖြစ်နေတာကတော့ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးထိန်းချုပ်နိုင်ရေးနဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးဒေသကြီးတို့မှာ တိုက်ပွဲများ ဆက်လက် ဖော်ဆောင်နိုင်ရေး အတွက် KIA အနေနဲ့ လက်နက်ခဲယမ်း ထောက်ပံ့မှုစရိတ်ကို တက်နိုင်မည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် မည်သည့် အင်အားစုက နောက်ကွယ်က ရှိနေနိုင်သလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပါ တယ်။ စစ်ရေးအကဲခတ် တချို့ကတော့ KIA ရဲ့ စစ်ဆင်ရေးတွင် တရုတ်က ကျောထောက် နောက်ခံပြုပေးထား နိုင်တယ်လို့ ဆိုကြသလို တချို့ကလည်း အမေရိကန်ရဲ့ မဟာဗျူဟာ တချို့ပါနိုင်တယ်လို့ ဆိုကြပါတယ်။

ဘယ်လိုပဲ ဖြစ်နေပါစေ KIA ဟာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ သဘောထားကိုတော့ ဘယ်လိုမှ လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အမေရိကန်နဲ့ ဆက်ဆံရေးလည်း မပျက်အောင်၊ တရုတ်နဲ့ ဆက်ဆံရေးလည်း မပျက် အောင် နှစ်ဖက်ခွ သံတမန်နည်းလမ်းကို အသုံးပါလိမ့်မယ်။

အခု တင်ပြခဲ့တဲ့ အခြေအနေတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီးဟာ မြန်မာ့တပ်မတော် ဖြုတ်ချရေး လက်နက် ကိုင် အင်အားစုတွေအတွက် ဘယ်လောက်ထိ အရေးပါတဲ့ ဒေသဖြစ်နေသလဲ၊ KIA အတွက် ဘယ်လောက် အရေး ပါတဲ့ ဒေသဖြစ်နေသလဲ၊  တရုတ်အတွက်ကရော ဘယ်လောက်ထိ အရေးပါတဲ့ ဒေသဖြစ်နေသလဲ၊ မြန်မာ့ တပ်မတော် အတွက်ရော ဘယ်လောက်ထိ အရေးပါတဲ့ဒေသ ဖြစ်နေသလဲဆိုတာတွေကိုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လိုပုံစံနဲ့ ဖြစ်တည်လာမလဲဆိုတာကတော့ အားလုံး ဆက်လက် စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။