ချစ်မင်းထွန်း

CNI Article 

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉

မြန်မာနိုင်ငံမှာ ဖက်ဒရယ်ကို ခွဲထွက်ရေးဟုဆိုကာ တပ်မတော်က ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းခဲ့သည်။

ထိုစဉ်အချိန်က ဝန်ကြီးချုပ် ဦးနု လက်ထပ် ဒီမိုကရေစီ အပြည့်အဝရနေချိန်ကာလဖြစ်သည်။

သို့သော် အုပ်ချုပ်ရေး အာဏာနှင့် သယံဇာတခွဲဝေရေး မညီမျှမှုများကြောင့် ဗမာမဟုတ်သော တိုင်းရင်းသား လူမျိုးများသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီး အုပ်ချုပ်ရေး အာဏာနှင့် သယံဇာတအရင်းအမြစ် ပိုင်ဆိုင်ခွင့် ခွဲဝေရေးကို တောင်းဆိုခဲ့သည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုတွေ့ရစဉ်

ထိုသို့ တောင်းဆိုသည့် ဖက်ဒရယ်စနစ်သည် ခွဲထွက်ရေး တောင်းဆိုခြင်းနှင့် တိုင်းပြည် ပြိုကွဲအောင် လုပ်ခြင်းဆိုကာ ဦးနေဝင်း ဦးဆောင်သည့် တပ်မတော်က အာဏာသိမ်းကာ ဖက်ဒရယ်ဆိုသည့် အသံကို တိတ်ဆိတ်သွားအောင် လုပ်ပစ်ခဲ့သည်။

ထို့နောက် ဦးသိန်းစိန် အစိုးရလက်ထက် ရောက်လာသည့်အခါမှာတော့ ငြိမ်းချမ်းရေး ဆိုသည့် စကားလုံးနှင့်အတူ ဖက်ဒရယ်စနစ်ကို လက်ခံကြောင်း တပ်မတော်က ထုတ်ဖော် ပြောကြားလာခဲ့သည်။

သို့သော် ၂၀၁၂ ခုနှစ်ကနေ စတင်ခဲ့သော ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဖက်ဒရယ်စနစ် အကောင်အထည်ဖော်မှုက ယနေ့(၂၀၂၄ ခုနှစ်)ထိ မအောင်မြင်သေးပါ။

UWSA ကိုတွေ့ရစဉ်

ထို့နောက် မြန်မာနိုင်ငံသည် တရားဥပဒေ စိုးမိုးမှုများ နိုင်ငံတစ်ဝန်း ပျက်စီးလာပြီး လက်နက်ကိုင် ပဋိပက္ခက ပိုမိုကြီးထွားခဲ့သည်။

အလားတူ တပ်မတော်၏ စစ်အင်အားသည်လည်း အားနည်းလာသလို အုပ်ချုပ်ရေးပိုင်းမှာ လည်း အားနည်းမှုများဖြစ်လာသည်။

ထို့ကြောင့် လက်နက်ကိုင် တိုက်ခိုက်နေသူများသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုသော စိတ်ကူးစိတ်သန်းများကနေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသော စကားလုံးများကို သုံးကာ အကောင်အထည်ဖော် လာခဲ့သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)သည် ခွဲထွက်ခွင့်ထိရှိသော Self-determination နှင့် ခွဲထွက်ခွင့်ထိ မရှိသော Self-determination ဆိုပြီး ရှိသည်။

လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည့် EAO များ သည် ခွဲထွက်ခွင့်မရှိသော Self-determination ကို ပြောနေသူများရှိသလို ခွဲထွက်နိုင်သည့် Self-determination ကို ပြောနေသူများဆိုကာ ယခင်က ကွဲပြားကြသော်လည်း ယခုကာလမှာ တော့ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ခွင့်ရှိသည့် အဆင့်ထိ ပြောလာကြသည်ကို တွေ့ရသည်။

ရက္ခိုင့်တပ်တော်(AA)က UWSA “ဝ” ထက် မနိမ့်သော အဆင့်အတန်းမျိုးကို ယူမည် သို့မဟုတ် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)အဆင့်အတန်းကို ရအောင်ယူမည်ဟု ပြောထားသည်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်းအတင့်အတန်းရရှိထားသော EAO များမှာ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-မိုင်းလား (NDAA)တို့ဖြစ်သည်။

ယခု မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က စတင် အကောင်အထည်ဖော်နေပြီး ဖြစ်သည်။

ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က “ မိမိတို့ ၇ ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေအသီးသီးတွေမှာ မိမိတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ ဒေသမှာ ရှိနေကြတဲ့ လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွါးရေး၊ ပညာေးရ၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမှာဖြစ်ပါတယ်။ တဖက်တွင်လည်း မိမိတို့ ၇ ဖွဲ့ကြား မှာ တူတာတွဲလုပ် မတူတာခွဲလုပ်ဆိုတဲ့မူအတိုင်း ဆောင်ရွက်သွားဖို့လိုပါတယ်”ဟု ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၁၉ ရက်နေ့ထိ ကျင်းပသည့် အပစ်ရပ် ၇ ဖွဲ့၏ အစည်းအဝေးမှာ ပြောသွားသည်။

 TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို တွေ့ရစဉ်

အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း တိုင်းရင်းသားများသည် ၂၀၂၅ ရောက်လာသည့်အခါမှာ ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဖြစ်၍ မြန်မြန် ယခုကာလမှာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သင့်ကြောင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ၂၀၁၈ ခုနှစ်က တွေ့ဆုံစဉ်ပြောထားခဲ့သည်။

ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကလည်း နိုင်ငံတစ်ခုအထိ တည်ထောင်ရန် အခြေအနေဖြစ်လာပါက အဆင်သင့်ဖြစ်အောင် ပလောင်လူမျိုးများ လုပ်ထားရမည်ဟု ၂၀၂၂ ခုနှစ်၊ဩဂုတ် ၁၈ ရက် က ပြောခဲ့သည်။

ဗိုလ်မှူးချုပ် တားဘုန်းကျော်က “ နိုင်ငံရေး ရေချိန်အရ မြှင့်တက်လာမယ်၊ ပထဝီနိုင်ငံရေး အခြေအနေ၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအပေါ် မူတည် သွားပြီးတော့ ဒီနိုင်ငံဟာ ပြည်ထောင်စုတောင် မတည်ဆောက် နိုင်တော့ဘူးဆိုရင် အစိတ်စိတ် အမွာမွာကွဲပြီးတော့ နိုင်ငံငယ်တွေလည်း အများကြီး ထွက်သွားနိုင်တယ်။ ဒါကြောင့်မလို့ ကျနော်တို့လူထုတွေ ကျနော်တို့ တအာင်း (ပလောင်)လူထုတွေလည်း ဒါသေချာ စဉ်းစားဖို့လို တယ်။ ကျနော်တို့ကို ကျနော်တို့ သေချာ ပြင်ဆင်နိုင်ဖို့ လိုတယ်။ ဒီပြည်ထောင်စုနိုင်ငံ တကယ် တည်ဆောက် တဲ့အချိန်မှာ ကျနော်တို့လည်း ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့လူမျိုး ကျနော်တို့ ကာကွယ်သွားဖို့ ၊ တည် ဆောက် နိုင်ဖို့အတွက် အဆင်သင့် ကျနော်တို့ ကြိုးပမ်းဆောင်ရွက် သွားဖို့လိုတယ်။ အဲလိုမှ မဟုတ်ဘူး ပြည် ထောင်စု တည်ဆောက်လို့ မရဘူး၊ ပထဝီနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး တစ်ခုကြောင့် လိုအပ်ချက်ကြောင့် တော် လှန်ရေးတွေ သိပ်အရှိန်မြင့်လာလို့ နိုင်ငံတွေ ထွက်လာမယ်ဆိုလည်း ကျနော်တို့ နိုင်ငံတည်ဆောက်နိုင်ဖို့ အဆင့်လည်း ကျနော်တို့ ပြင်ဆင်သွားဖို့လိုပါတယ်”ဟု ပြောသည်။

အထက်ပါ အခြေအနေများကို ခြုံငုံလေ့လာကြည့်လျှင် တိုင်းရင်းသား လက်နက်ကိုင်များသည် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ၊ တပ်မတော် ၏ အားနည်းနေမှု၊ လူထု၏ တပ်မတော်ကို ဆန့်ကျင်နေမှု ရေချိန်၊ နိုင်ငံတကာ၏ အခြေအနေ တို့ကို သုံးသပ်ကာ ဖက်ဒရယ်စနစ်ထက် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ကို တည်ဆောက်ဖို့ ပြင် ဆင်လာနေသည်ဟု တွေ့ရသည်။

သို့မဟုတ်ပါက ကွန်ဖက်ဒရေးရှင်းထက် သာလွန်သော အတင့်အတန်းမျိုးထိပါ တည်ဆောက်ရန်လည်း စိတ်ကူးနေကြဟန် ရှိနိုင်သည်။

ထို့ကြောင့် တချိန်က ဖက်ဒရယ်စနစ်ကိုတောင် ခွဲထွက်ရေး-တိုင်းပြည်ပြိုကွဲရေးဟု ဆိုကာ အာဏာသိမ်းခဲ့သည့်အထိ တုန့်ပြန်ခဲ့သော တပ်မတော်သည် ဖက်ဒရယ်စနစ်ထက် သာလွန်သော ကွန်ဖက်ဒရေးရှင်းဖက်ကို အရိပ်လွှမ်းလာသော အခြေအနေကို ဘယ်လို ခံယူပြီးတော့ ဖြေရှင်းမလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းလှသည်။