CNI Article

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃

လွန်ခဲ့သည့် သုံးနှစ်က အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန် (Joe Biden) အနိုင်ရရှိခဲ့ချိန်က ပါလက်စတိုင်း လိုလားသည့် တက်ကြွလှုပ်ရှားသူများအကြား ပါလက်စတိုင်းအပေါ် ထားရှိသော အမေရိကန်၏ မူဝါဒသည် အပြုသဘောဆောင်သည့် အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ချက်တစ်ချို့ကို ပေါ်ပေါက်စေခဲ့သည်။

ဘိုင်ဒန်မတိုင်မီ ယခင်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်က အမေရိကန်အစိုးရသည် အစ္စရေး၏ လက်ယာအစွန်းရောက် မူဝါဒကို အပြည့်အဝ ချမှတ်ကျင့်သုံးခဲ့သည်။ 

ထို့ကြောင့် ယခုဖြစ်ပွားနေသည့် အစ္စရေး-ဂါဇာ ပဋိပက္ခမတိုင်မီ အချိန်အထိ ထရမ့်၏ အစိုးရအဖွဲ့သည် ပါလက်စတိုင်းတို့အတွက် အဆိုးရွားဆုံး အမေရိကန်အစိုးရအဖြစ် ယူဆခံခဲ့ရသည်။  

လက်ရှိတွင်မူ ဘိုင်ဒန်သည် ဂါဇာဒေသကို လူမျိုးသုဉ်း သတ်ဖြတ်မှု ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေသည့် အစ္စရေးကို အပြည်အဝ လက်ခံပေးထားပြီး ဂါဇာဒေသအပေါ် လျှပ်စစ်ဓာတ်အား၊ သောက်သုံးရေ၊ အစားအစာနှင့် ဆေးဝါးများ တင်သွင်းမှုကို ပိတ်ဆို့ထားသည့် အစ္စရေးကို ထောက်ခံပေးလျက်ရှိသည်။

ထိုမျှမက ရာနှင့်ချီသည့် ပါလက်စတိုင်း အရပ်သားများကို နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသော အစ္စရေး၏ တိုက်ခိုက်မှုများကိုလည်း မှန်ကန်ကြောင်း ဖော်ပြခဲ့သည်။ 

ဘိုင်ဒန်သည် အစ္စရေး၏ စစ်ရာဇဝတ်မှုများကို ဖုံးဖိပေးခဲ့ပြီး ပါလက်စတိုင်း ၄၇၀ ကျော် သေဆုံးခဲ့သည့် al-Ahli Arab ဆေးရုံ တိုက်ခိုက်ခံရမှုသည် ၎င်းတို့လက်ချက် မဟုတ်ကြောင်း အစ္စရေးစစ်တပ်၏ ပြောဆိုမှု အပါအဝင် အစ္စရေးအစိုးရ၏ ဝါဒဖြန့်မှုများကိုလည်း သံယောင်လိုက်ပြောဆိုခဲ့သည်။ 

အစ္စရေးက ပါလက်စတိုင်းတွေကို တိုက်ခိုက်စဉ်

ထို့ပြင် ဂါဇာဒေသအတွင်း သေဆုံးသူ စာရင်းကိုလည်း ဘိုင်ဒန်က မေးခွန်းထုတ်ခဲ့ပြီး ပါလက်စတိုင်းတို့သည် သေဆုံးသူစာရင်းကို လိမ်ညာထုတ်ပြန်နေသည့် အသွင်ဖြင့် စောင်းပါးရိပ်ခြည် ပြောဆိုခဲ့သည်။

ထို့ကြောင့် ဘိုင်ဒန်သည် ပါလက်စတိုင်းတို့၏ ဂုဏ်သိက္ခာကို ကင်းမဲ့စေရန် လုပ်ဆောင်မှုတွင် ထရမ့်ထက်ပိုပြီး ဆိုးရွားနေသည်ဟု ယူဆချက်များ ထွက်ပေါ်ခဲ့သည်။ 

စင်စစ်တွင် အမေရိကန်သည် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွင် ရိုးသားမှုရှိသည့် ကြားဝင်စေ့စပ်သူတစ်ဦး အဖြစ် မည်သည့်အခါကမျှ မဖြစ်ခဲ့ပေ။ 

ဆန့်ကျင်ဘက်အနေနှင့် အမေရိကန်သည် အစ္စရေးလိုလားသည့် မူဝါဒများကိုသာ အမြဲတမ်း ထိန်းသိမ်းထားပြီး ပါလက်စတိုင်းတို့၏ အခြေခံအခွင့်အရေးများကို အလုံးစုံ လျစ်လျူရှုခဲ့သည်။

ထို့ပြင် အမေရိကန်သည် တရားမျှတမှုအပေါ် အခြေခံသည့် ငြိမ်းချမ်းရေး ရရှိစေရန် မည်သည့်အခါကမျှ အားထုတ် ကြိုးပမ်းခဲ့ခြင်းမရှိဘဲ အစ္စရေးကိုသာ စစ်ရေးအထောက်အပံ့များ ပုံအောပေးခဲ့ကာ သိမ်းပိုက်ခံ ပါလက်စတိုင်းတို့ အပေါ် အစ္စရေးစစ်တပ်၏ လွှမ်းမိုးချုပ်ကိုင်မှုကို ပိုမိုခိုင်မာစေရန်သာ ကူညီပေးခဲ့သည်။ 

အသားရောင်ခွဲခြားမှုနှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှု အရှိဆုံး အမေရိကန်အစိုးရအဖြစ် ယူဆခံခဲ့ရသည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမား (Barack Obama) လက်ထက်ကပင် အမေရိကန်သည် အစ္စရေးကို ဒေါ်လာ ၃၈ ဘီလျံတန်ကြေးရှိ စစ်ရေး အကူအညီပေးခဲ့ပြီး ထိုပမာဏသည် အမေရိကန်သမိုင်းတွင် အကြီးမားဆုံး  စစ်ရေးအကူအညီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

အစ္စရေးကို ခြွင်းချက်မရှိ ထောက်ခံရေးသည် အမေရိကန်တွင် နိုင်ငံရေးကို ထက်ခြမ်းကွဲစေသည့် အဓိက အကြောင်းအရာ တစ်ခု ဖြစ်ခဲ့သည်။ 

ပါလက်စတိုင်းများ စစ်ပွဲဒဏ်ခံနေရစဉ်

အမေရိကန်တွင် ပြုလုပ်ခဲ့သည့် သမ္မတ ရွေးကောက်ပွဲ ရာသီတိုင်း၌ အစ္စရေးကို ထောက်ပံ့ရေးသည် အစ္စရေးလို လားသည့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအကြား ကြီးမားသည့် ယှဉ်ပြိုင်မှုတစ်ခု ဖြစ်ခဲ့သည်။

ထို့ပြင် အမေရိကန် အစိုးရများသည် ပါလက်စတိုင်းတို့၏ တောင်းဆိုမှုများ၊ လိုအပ်ချက်များကို နားထောင်ပေးခဲ့ သည့်တိုင် ပါလက်စတိုင်းတို့၏ အကျိုးစီးပွားများအတွက် မည်သည့်အခါကမျှ လုပ်ဆောင်ပေးခဲ့ခြင်းမရှိပေ။

ဥပမာအားဖြင့် ဘိုင်ဒန် အစိုးရအဖွဲ့သည် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့အား ရန်ပုံငွေ ထောက်ပံ့ရန် ငြင်းဆိုခဲ့ သည့် ထရမ့်၏ ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ခဲ့သည်။ 

ထို့ပြင် ဝါရှင်တန်ရှိ ပါလက်စတိုင်း မစ်ရှင်ကို ပိတ်ပင်ပြီး ပါလက်စတိုင်း ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းတာဝန် အေဂျင်စီ (UNRWA)ကို ရန်ပုံငွေ ထောက်ပံ့မှု ရပ်နားခဲ့သည့် ထရမ့်၏ လုပ်ဆောင်မှုများကိုလည်း ပြန်လည် ပြင်ဆင်ခဲ့သည်။

သို့တိုင်အောင် ပါလက်စတိုင်းများ၏ စားဝတ်နေရေးနှင့် ချမ်းသာသုခ ရရှိရေးသည် အမေရိကန်၏ စိုးရိမ်စရာ ကိစ္စများထဲတွင် မပါဝင်ကြောင်း ဘိုင်ဒန်အစိုးရအဖွဲ့က ရှင်းလင်းစွာ ပြသခဲ့သည်။ 

ထို့ပြင် အမေရိကန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အစ္စရေး-ဟားမာ့စ် အပစ်အခတ်ရပ်စဲရေး တောင်းဆို မှုများကိုလည်း ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီး အစ္စရေးကို ကူညီပေးရန် အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင် သင်္ဘောများပင် စေလွှတ်ခဲ့သည်။ 

အမေရိကန်သည် ပါလက်စတိုင်းများကို ဂရုစိုက်ခဲ့ခြင်းမရှိဘဲ ပြဿနာဖန်တီးသူများအဖြစ်သာ ရှုမြင်ခဲ့သည်။

ထို့ကြောင့် အမေရိကန်သည် ပါလက်စတိုင်းများ၏ ပြဿနာကို မည်သည့်အခါကမျှ ဖြေရှင်းပေးရန် ရည်ရွယ်ခဲ့ခြင်း မရှိပေ။

ငြင်းချက်မရှိ ပြောရမည်ဆိုပါက အမေရိကန်သည် ၎င်း၏ နိုင်ငံခြားရေး မူဝါဒနှင့် အကျိုးစီးပွားများကို ရှေ့တန်း တင်ပြီး ပါလက်စတိုင်းများကို လျစ်လျူရှုထားသည့် အခြေအနေကို မြင်တွေ့ရမည်ဖြစ်သည်။ 

ထို့ကြောင့် ပါလက်စတိုင်းတို့အတွက် ထရမ့်သည် ဆိုးရွားသည်ဟု ယူဆခဲ့သည့်တိုင် လက်ရှိတွင် ဘိုင်ဒန်သည် ထရမ့်ထက် ပိုမိုဆိုးရွားသည့် အနေအထား၌ ရှိနေနိုင်သည်ဟု ယူဆက ရနိုင်သည်။

Source: Al Jazeera