CNI Sport Article 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိနဲ့ ချန်ပီယံဆုရယူပြီး ရွှေဖလားကြီး ရယူဖို့ မျှော်လင့်ထားတဲ့ အသင်းတွေရဲ့ အိပ်မက်ဟာ ဒီရာသီမှာလည်း အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ 

ဒီရာသီ ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားအပြီးမှာတင် အသင်း ၂၀ စလုံးဟာ ရှုံးပွဲကြုံတွေ့ခဲ့ပြီဖြစ်တာကြောင့် ရွှေဖလားအိပ်မက်ကို လာမယ့်နှစ်မှ ဆက်ပြီးမျှော်လင့်ကြရတော့မှာပါ။ 

ပရီးမီးယားလိဂ်မှာ ရွှေဖလားရယူနိုင်ဖို့က လက်တွေ့မှာ မလွယ်ကူဘူးဆိုတာ နှစ်ပေါင်းများစွာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ရွှေဖလားကြီး ရယူထားတဲ့ တစ်သင်းတည်းသော အသင်းက ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါး ကိုင်တွယ်ခဲ့တဲ့ အာဆင်နယ်အသင်းပါ။ 

အဲ့ဒါကြောင့် အာဆင်နယ်အသင်း ပရိသတ်တွေဟာ ဒီရွှေဖလားနဲ့ ပတ်သက်ရင် အမြဲတမ်း ဂုဏ်ယူနေကြတာ လည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်း အားပေးတဲ့ ပရိသတ်တွေနဲ့ စကားပြောဖြစ်လို့ ပြိုင်ဆိုင်ကြမယ်ဆိုရင် သူတို့ပြောနေတဲ့ စကားထဲမှာ မပါမဖြစ်စကားလုံးက "မင်းတို့အသင်း ရွှေဖလားကြီးရယူနိုင်လို့လား"ဆိုတာပါ။ 

ပရီးမီးယားလိဂ်မှာ အရမ်းကောင်းလွန်းခဲ့ပါတယ်ဆိုတဲ့ ယူနိုက်တက်၊ ချယ်လ်ဆီး၊ လီဗာပူးလ်နဲ့ မန်စီးတီး အသင်းတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုသာ ရယူနိုင်ခဲ့ပြီး ရွှေဖလားကြီး အိပ်မက်ကတော့ တစ်နည်း မဟုတ် တစ်နည်းနဲ့ စွန့်လွှတ်နေရတာ ဖြစ်ပါတယ်။ 

ရွှေဖလားကြီးကို ဆွတ်ခူးခဲ့ချိန်က အာဆင်နယ်အသင်း ကစားသမားတွေကို တွေ့ရစဉ်

အခုနောက်ပိုင်းနှစ်တွေမှာ ကစားသမား စုဖွဲ့မှုက အစကောင်းပြီး ချန်ပီယံလိဂ်ဖလား အပါအဝင် တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းလည်း ရွှေဖလားကြီးနဲ့ ပတ်သက်ရင် ဒူးထောက်နေခဲ့ရတာပါ။

အာဆင်နယ်အသင်းကလည်း ၂၀၀၃-၂၀၀၄ က ရယူနိုင်ခဲ့တဲ့ ဒီလို ရွှေဖလားကြီးကို တကျော့ပြန် ပြန်လည် ရယူချင်နေပေမယ့် မလွယ်ကူသေးတာ ဖြစ်ပါတယ်။ 

ဒီရွှေဖလားကြီး ရယူနိုင်ခဲ့တာက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ဖလား နောက်ဆုံးရယူနိုင်ခဲ့တဲ့ နှစ်လည်း ဖြစ်ခဲ့တာပါ။ 

အာဆင်ဝင်းဂါး ဦးဆောင်တဲ့ ၂၀၀၃-၀၄ ရာသီ အာဆင်နယ်အသင်း လူစာရင်းကို ကြည့်ရမယ်ဆိုရင် လေမန်း၊ အက်ရှ်လေကိုးလ်၊ ဗီအဲရာ၊ ပီးရက်ဇ်၊ အွန်နရီ၊ ဘားကမ့်ပ်၊ အီဒူး၊ ကနူးတို့လို နာမည်ကြီး ကစားသမားတွေဖြစ်ပြီး ဒီကစားသမားတွေကို အခုခတ်မှာရှိတဲ့ ပရိသတ်တွေတောင် သိရှိနိုင်တာ ဖြစ်ပါတယ်။ 

ဒီလိုရွှေဖလားကြီးကို ရယူနိုင်ဖို့အတွက် အာဆင်နယ်အသင်းဟာ တစ်ရာသီလုံး ခြေစွမ်းတသမတ်တည်းရှိခဲ့ပြီး ကစားသမားတွေတစ်ဦးနဲ့ တစ်ဦးနားလည်မှုရှိခဲ့တာပါ။ 

ယူနိုက်တက်အသင်း ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကိုယ်တိုင်က အာဆင်နယ်အသင်းနဲ့ နည်းပြကြီး အာဆင်ဝင်းဂါးကို ချီးကျူးမှုပြုလုပ်ခဲ့ပြီး သူဟာ အာဆင်ဝင်းဂါးလို ဒီလိုမျိုး ရွှေဖလားကြီးကို ရအောင်မလုပ်နိုင် ဘူးလို့ ပြောခဲ့ပါတယ်။ 

နည်းပြ အာဆင်ဝင်းဂါးနဲ့ ဖာဂူဆန်ကို တွေ့ရစဉ်

အဲ့ဒါကြောင့် ပရီးမီးယားလိဂ်မှာရှိတဲ့ တခြားအသင်းတွေက ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံး ရှုံးပွဲမရှိကစားပြီး ချန်ပီယံဆုနဲ့အတူ ရွှေဖလားကြီးကို ကိုင်မြှောက်နိုင်မလားဆိုတာတော့ စိတ်ဝင်စားဖို့ ကောင်းနေတာပါ။

ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့အတူ ချန်ပီယံဆုရဖို့ အသင်း အများအပြားက အပြိုင်အဆိုင် ဖြစ်လာတာကြောင့် ရွှေဖလားကြီးကိုင်မြှောက်ပြီး ချန်ပီယံဆုရယူဖို့ မလွယ်ကူတော့ပါဘူး။ 

ပြီးတော့ VAR ဆိုတဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချင်သလို ဆုံးဖြတ်နေတဲ့ အရာတွေကြောင့်လည်း တစ်ရာသီလုံး ရှုံးပွဲမရှိ ကစားနိုင်ဖို့ဆိုတာ ခက်သွားပါပြီ။

ဒီလိုဆိုရင်တော့ အာဆင်နယ်အသင်း အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေး ချန်ပီယံဆုရယူပြီး ရွှေဖလားကြီး ကိုင်မြှောက်နိုင်တဲ့ မှတ်တမ်းကို နှစ်ပေါင်းများစွာကြာ ဆက်ထိန်းသိမ်းနိုင်သွားမှာ ပါ။ 

အာဆင်နယ်ပရိသတ်တွေ အတွက်လည်း ရွှေဖလားကြီးကို ရယူနိုင်တာ ပရီးမီးယားလိဂ်မှာ ငါတို့တစ်သင်း တည်းပဲရှိတယ်ဆိုတဲ့ အကြောင်းအရာကို ပါးစပ်မှာ အရသာခံပြီး ပြောနေလို့ရမှာ ဖြစ်ပါတယ်။