CNI International Article

၂၀၂၃ ခုနှစ်၊ ဧပြီ ၉

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၁ ကြိမ်မြောက် သပိတ်မှောက်မှုကို ပြင်သစ်ပြည်သူ အများအပြား ပူးပေါင်း ပါဝင်ခဲ့ကြသည်။

ပင်စင်ယူရမည့် အသက်ကို ၆၂ နှစ်မှ ၆၄ နှစ်သို့ မြှင့်တင် သတ်မှတ်လိုက်ခြင်းကြောင့် ဖြစ်သည်။

ထိုသို့သော ပြည်သူများ၏ ဒေါသတကြီး တုံ့ပြန်မှုက ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်အတွက် စိုးရိမ်စရာ ကောင်းသော၊ အားလျော့စေသော ကိစ္စလည်း ဖြစ်သည်။

ပင်စင် အသက်အရွယ်ကို တိုးမြှင့်မည့် ဥပဒေမူကြမ်းကို လက်ရှိတွင် ပြင်သစ်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အမြင့်ဆုံးကောင်စီက အခြေခံဥပဒေနှင့် ညီ/မညီ စစ်ဆေးမှု လုပ်ဆောင်နေသည်။

လာမည့် သီတင်းပတ်တွင် ဆုံးဖြတ်ချက် ချမှတ်မည် ဖြစ်သည်။ ကောင်စီသည် သမ္မတ၏ အဆိုပြုချက်ကို ပြင်းပြင်းထန်ထန် ကန့်သတ် ဆုံးဖြတ်ပေးရန်လည်း မက်ခရွန်၏ အတိုက်အခံများက မျှော်လင့်ထားသည်။

ပင်စင်ယူရမည့် အသက်အရွယ်ကို တိုးမြှင့် သတ်မှတ်ခြင်းသည် တခြားနိုင်ငံများတွင် ထူးထူးခြားခြား မဟုတ်မည့် ကိစ္စဖြစ်သော်လည်း ပြင်သစ်တွင်မူ အခြေအနေများက ကွဲပြားသည်။

အထူးသဖြင့် သမ္မတ မက်ခရွန်၏ သက်ဦးဆံပိုင်စနစ် ဆန်ဆန် အုပ်ချုပ်မှုပုံစံကို ပြည်သူများက ဒေါသဖြစ်နေ ကြချိန်တွင် ဖြစ်သည်။

ပဲရစ်မြို့ လမ်းများပေါ်တွင် အမှိုက်တန်ချိန် ၁၀၀၀၀ ခန့် တောင်လိုပုံ နေသည်။ သန့်ရှင်းရေး ဝန်ထမ်းများ၏ ရက် ပေါင်းများစွာ သပိတ်မှောက်မှုကြောင့် ဖြစ်သည်။

သန့်ရှင်းရေးဝန်ထမ်းများ ပင်စင်ယူရမည့် အသက် အရွယ်ကို ၅၇ နှစ်မှ ၅၉ နှစ်ဟု ပြောင်းလဲ သတ်မှတ်ရန် အဆိုပြုထားသည်။

သန့်ရှင်းရေး ဝန်ထမ်းများ လုပ်ငန်း လုပ်ကိုင်ရသည့် အခြေအနေများက ပို၍ ခက်ခဲခြင်းကြောင့် ဖြစ်သည်။

နိုင်ငံတော်တော်များများမှ အစိုးရများသည်လည်း ထိုကဲ့သို့သော အခြေအနေများနှင့် ရင်ဆိုင်နေရသည်။

မက်ခရွန်ကိုတွေ့ရစဉ်

လူဦးရေ တိုးပွားနှုန်း ကျဆင်းလာချိန်တွင် ပြည်သူများ၏ သက်တမ်းမှာ ပိုရှည်လာသည်။ ဆေးဝါးများ၏ အစွမ်း ထက်မှုကြောင့် ထောက်ပံ့ ကုန်ကျစရိတ်များမှာ မြင့်တက်လာသည်။ ထို့ကြောင့် ဒီမိုကရက်တစ်များက ထောက်ပံ့ ငွေ ပေးမှုများကို ဖြတ်တောက်ခြင်းဖြင့် ဘတ်ဂျက်ကို ချိန်ညှိရန် ကြိုးပမ်းလာကြသည်။

အထူးသဖြင့် ပြင်သစ်ကဲ့သို့ အစိုးရဘက်မှ ထောက်ပံ့မှုများသော နိုင်ငံများတွင်ဖြစ်သည်။ ထိုအခြေအနေက အုပ်ချုပ်သူများအတွက် ခက်ခဲမှုကို ဖြစ်စေသည်။ မည်သို့ပင်ဆိုစေကာမူ ယခုဖြစ်ရပ်များတွင် မက်ခရွန်သည် လုပ်ဆောင်မှု အမှားတစ်ချို့ ရှိနေသည်ဟု လေ့လာသူအများစုက သဘောတူကြသည်။

ပင်စင် အသက် ပြောင်းလဲမှုအတွက် လွှတ်တော်တွင် ဥပဒေအဖြစ် အတည်ပြုရန် ထောက်ခံမဲ လုံလုံလောက် လောက် မရမည်ကို စိုးရိမ်မှုဖြင့် မက်ခရွန်သည် အပြင်းထန်ဆုံး နည်းလမ်းတစ်ခုကို ကျင့်သုံးခဲ့သည်။

အစိုးရအနေဖြင့် ဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်ခြင်း မရှိဘဲ အတည်ပြုခွင့်ပေးသည့် ပြင်သစ်ဖွဲ့စည်းပုံအခြေခံဥ ပဒေပါ အထူးပုဒ်မတစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ထိုအချက်က ပြင်သစ်ပြည်သူများ၏ ဒေါသကို ပိုဆွပေး သလို ဖြစ်ခဲ့ရုံမက မက်ခရွန်၏ လူကြိုက်များမှုကို ကျဆင်း စေခဲ့ပြီး ဝေဖန်သူများအတွက် ၎င်းသည် သက်ဦးဆံပိုင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဟု ပို၍ထောက်ပြချင်စရာ ဖြစ်စေခဲ့သည်။

ပြုပြင်ပြောင်းလဲမှုအတွက် လွှတ်တော်တွင် အထူးအခွင့်အရေးကို အသုံးပြုခဲ့သည့် မက်ခရွန်အား ပြည်သူများက ဒေါသဖြစ်ခဲ့ပြီးနောက် ၎င်းသည် လွှတ်တော်နေရာ အများစုကို ဆုံးရှုံးခဲ့ရသည်။

မက်ခရွန် ဦးဆောင်သည့် ပြင်သစ်အစိုးရကိုလည်း အယုံအကြည် မရှိကြောင်း မဲခွဲမှုနှစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။

နှစ်ကြိမ်စလုံးတွင် အနိုင်ရရှိခဲ့သော်လည်း တစ်ကြိမ်တွင် ကိုးမဲအသာဖြင့်သာ ပွတ်ကာသီကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ဖြစ်ပေါ်နေသော ဆန္ဒပြမှုများကြောင့် မက်ခရွန် ပြန်လည် ရွေးချယ်ခံရခြင်းသည် ၎င်းအပေါ် ပြည်သူ များ ချစ်ခင်မှုထက် ပြိုင်ဘက် လက်ယာစွန်း မာရိန်းလီပန်းအား ပြည်သူများ မုန်းတီးမှုကြောင့် ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်သည်။

မက်ခရွန်ကို ပြင်သစ်ပြည်သူများ ဆန္ဒပြနေကြစဉ်

ဆန္ဒပြသူများကို ကျော်ဖြတ်နိုင်ခဲ့လျှင်ပင် ၎င်းသည် နိုင်ငံရေးဆိုင်ရာ အားလျော့မှု များစွာနှင့် ရင်ဆိုင်ရဦးမည်မှာ သေချာသလောက် ရှိသည်။

အဆိုပြုထားသော ပင်စင်ရေးရာ ပြုပြင်ပြောင်းလဲမှုကို ရှေ့ဆက်ရန်အတွက် ဧပြီ ၁၄ ရက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကောင်စီ၏ အတည်ပြုမှု လိုအပ်နေသည်။ ပဲရစ်မြို့ အမှိုက်သိမ်း လုပ်သားများသမဂ္ဂက ဧပြီ ၁၃ ရက်တွင် နောက် ထပ် သပိတ်မှောက်မှု အသစ်ထပ်လုပ်ရန် တောင်းဆိုထားပြီး တခြားသော သမဂ္ဂများသည်လည်း အငြင်းပွား ဥပဒေကို မဖျက်မချင်း သပိတ်ကို ဆက်ထိန်းသွားရန် ကတိပြုထားသည်။

သို့သော် ပြင်သစ် ပြည်သူများကြားတွင် သပိတ်မှောက်မှုနှင့် ပတ်သက်သည့် စိတ်အားထက်သန်မှုနှင့် အရင်းအမြစ် များ လျော့နည်းလာခြင်းက ဆန္ဒပြမှုများနှင့် သပိတ်မှောက်မှုများ အားလျော့လာစေသည်ဟု တချို့က သုံးသပ် သည်။

သပိတ်မှောက်ခြင်းသည် ငွေကုန်ကြေးကျများသော ကိစ္စတစ်ခု ဖြစ်သောကြောင့် ယင်းကို အမြဲတမ်း ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း၊ ငွေပြတ်လာခြင်းသည်လည်း အရေးကြီးသော ကိစ္စတစ်ခုဖြစ်ကာ ဆန္ဒပြသူအများစုအတွက် နောက်ထပ် ဆန္ဒပြပွဲများတွင် ပူးပေါင်းရန် ခက်ခဲလာစေကြောင်း ပညာရှင်တစ်ဦးက ပြောသည်။

ထို့အပြင် နိုင်ငံအနှံ့ ဆန္ဒပြပွဲများ၌ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေခြင်းသည် သာမာန်လူများအတွက် ဆန္ဒပြပွဲနှင့် ပတ်သက်၍ စိတ်ပျက်မှုများကို ဖြစ်စေသည်ဟုလည်း ထောက်ပြမှုများ ရှိသည်။

ဆန္ဒပြပွဲများတွင် အကြမ်းဖက်မှုများ ခပ်စိပ်စိပ် ရှိလာခြင်းကြောင့် ပြင်သစ်နိုင်ငံသား အများစုသည် ဆန္ဒပြရန် ရှောင်ဖယ်လာကြသည်ဟုလည်း ပညာရှင်တစ်ဦး ကမှတ်ချက်ပြုသည်။

ပြင်သစ်၏ အမြင့်ဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကို သုခမိန်များဟု ခေါ်သော တရားသူကြီး များဖြင့် ဖွဲ့စည်းထားပြီး ယင်းကို ဆိုရှယ်လစ် ဝန်ကြီးချုပ်ဟောင်း လော့ရင့် ဖားဘီးရပ်စ်က သဘာပတိအဖြစ် ဆောင်ရွက်သည်။

အဆိုပြုချက် မူကြမ်း၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးသည် ဖွဲ့စည်းပုံနှင့်မညီဟု ကောင်စီဘက်မှ ဆုံးဖြတ် ခဲ့လျှင် ယင်းသည် ထိုအဆိုပြုချက်အား ပယ်ချနိုင်သည်။

မက်ခရွန်ကို ပြင်သစ်ပြည်သူများ ဆန္ဒပြနေကြစဉ်

ထို့အပြင် သုခမိန်များ အဖွဲ့သည် ဥပဒေအား ကန့်ကွက်သူများအနေဖြင့် ပင်စင်ရေးရာ ပြုပြင်ပြောင်းလဲမှုများကို လူထုဆန္ဒ ခံယူပွဲ ကျင်းပခြင်းဖြင့် အဆုံးအဖြတ်ပေးရန် ကြိုးပမ်းခြင်းကိုလည်း ဆက်လုပ်ရန် သို့မဟုတ် ရပ်တန့်ရန် ဆုံးဖြတ်ပေးနိုင်သည်။

ကောင်စီအနေဖြင့် ယခုဖြစ်စဉ်တွင် ဖွဲ့စည်းပုံအခြေခံဆိုင်ရာ အချက်များပေါ်တွင်သာ တိုက်ဆိုင်စစ်ဆေး သွားမည် ဖြစ်သော်လည်း ယင်းတို့သည် ပြည်သူ့ဆန္ဒကိုလည်း ထည့်သွင်း စဉ်းစားသွားမည့်ပုံ ရသည်ဟု ကျွမ်းကျင် သူများ က ပြောသည်။

စစ်တမ်းကောက်ယူမှုများအရ ပြင်သစ်လူမျိုး အများစုသည် ပင်စင် ပြုပြင်ပြောင်းလဲမှုနှင့် ကန့်ကွက်သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ကောင်စီအနေဖြင့် ဥပဒေမူကြမ်း၏ အစိတ်အပိုင်းတချို့ကို ဖြုတ်ပစ်နိုင်ခြေရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်သည်။

Source: AP