CNI International Article

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၃

ဆူဒန်၏ ထိပ်တန်း ဗိုလ်ချုပ်ကြီးနှစ်ဦးကို သစ္စာခံသည့် တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများက ဆူဒန်နိုင်ငံ ပြိုလဲသွားမည့် အန္တရာယ်အပြင် တခြားသော နိုင်ငံများဆီသို့ အကျိုးဆက်များလည်း ရိုက်ခတ်လာနိုင်သည်။

တိုက်ခိုက် နေကြသော အဖွဲ့နှစ်ဖွဲ့လုံးတွင် တပ်ဖွဲ့ဝင်အင်အား ထောင်ချီရှိရုံမက၊ နိုင်ငံခြားမှ ထောက်ပံ့ ပေးနေသူ များလည်းရှိကာ သတ္ထုနှင့် အရင်းအမြစ်များ ကြွယ်ဝခြင်းက ၎င်းတို့အပေါ် ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်ရန် လည်း အခက်တွေ့စေသည်။

ထိုအချက်သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့မှ ပဋိပက္ခများ သက်ဆိုးရှည်နေရခြင်း၏ အကြောင်း ပြချက်များမှ တစ်ခုလည်း ဖြစ်သည်။

ဆူဒန်၏ ဒီမိုကရေစီစနစ်သို့ အသွင်းကူးပြောင်းရေး ကြိုးပမ်းမှုမှ စတင်လာသော တိုက်ခိုက်မှုများကြောင့် လူပေါင်း ရာချီ သေဆုံးကာ သန်းချီလည်း မြို့ပြဧရိယာများတွင် ပိတ်မိနေသည်။

ဆူဒန်စစ်တပ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးကိုတွေ့ရစဉ်

ဆူဒန်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတက်ရှ် ဘာဟန်နှင့် RSF လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန်ဒါဂါလိုတို့သည် ဆူဒန်အား ထိန်းချုပ်ခွင့် ရရေးအတွက် အားပြိုင်နေကြသည်။

၎င်းတို့ နှစ်ဦးပေါင်းကာ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီး ၂ နှစ်အကြာတွင် ယခုကဲ့သို့ တိုက်ခိုက်ကြခြင်း ဖြစ်သည်။

ယခုတိုက်ပွဲများတွင် အနိုင်ရရှိသူသည် ဆူဒန်သမ္မတ ဖြစ်လာဖို့ရှိကာ ရှုံးနိမ့်သူသည် ပြည်နှင်ဒဏ်၊ ဖမ်းဆီးမှု သို့မဟုတ် အသတ်ခံရမှုနှင့် ကြုံတွေ့ရမည်။

ယခု တိုက်ခိုက်မှုများသည် ကာလရှည် ပြည်တွင်းစစ်ပွဲ တစ်ခုအဖြစ် သို့မဟုတ် တစ်ခြား ပြိုင်ဘက်၏ နယ်မြေများ ကို သိမ်းယူခြင်းကိုလည်း ဖြစ်လာစေနိုင်သည်။

ဆူဒန်မှ တိုက်ပွဲများကို ပြည်တွင်းစစ်၏ ပထမဆင့်ဟု သတ်မှတ်နိုင်ကြောင်းလည်း ဆူဒန်ပညာရှင်တစ်ဦးက ပြောသည်။

ဆူဒန်သည် ဧရိယာအားဖြင့် အာဖရိက၏ တတိယမြောက် အကြီးဆုံးနိုင်ငံဖြစ်ကာ နိုင်းမြစ်ကို ခွလျက် တည်ရှိသည်။

RSF တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးကို တွေ့ရစဉ်

ဆူဒန်သည် နိုင်းမြစ်ကို ဒေသတွင်း အင်အားကြီးနိုင်ငံများ ဖြစ်သည့် အီဂျစ်၊ အီသီယိုပီးယားတို့နှင့် မျှဝေပိုင်ဆိုင် ထားသည်။

အီဂျစ်သည် ၎င်းတို့ နိုင်ငံအတွက် လိုအပ်ချက်ကို နိုင်းမြစ်ကို မှီခိုနေရချိန်တွင် အီသီယိုးပီးယား၏ အကြီးစား ဆည် တည်ဆောက်ရေး စီမံကိန်းက အီဂျစ်နှင့်ဆူဒန် နှစ်နိုင်ငံလုံးအတွက် အချက်ပေးမှုလည်း ဖြစ်သည်။ အီဂျစ်သည် ဆူဒန်စစ်တပ်နှင့် နီးကပ်သော ဆက်ဆံရေးရှိကာ ထိုဆက်ဆံရေးက အီသီယိုးပီးယားကို ရင်ဆိုင်ရေးအတွက် မဟာမိတ်အဖြစ် ရှုမြင်ထားသည်။

အပစ်အခတ် ရပ်စဲရေးအတွက် အီဂျစ်အစိုးရက နှစ်ဖက်စလုံးနှင့် ဆက်ဆံခဲ့သော်လည်း ယခုတိုက်ပွဲများတွင် စစ်တပ် ဘက်ကသာ ရှုံးနိမ့်မည်ဆိုလျှင် စစ်တပ်ဘက်မှ ဖယ်ခွာသွားမည်ဟု ယူဆရသည်။

ဆူဒန်နှင့် ထိစပ်နေသော နိုင်ငံ ၅ နိုင်ငံသည် ဆူဒန်၏ ရေနံသယံဇာတများကို မှီခိုနေရခြင်းအပြင် ၎င်းတို့ထံတွင် လည်း ကိုယ်ပိုင်ပြည်တွင်း ပဋိပက္ခများ ရှိနေခြင်းကြောင့် ဆူဒန်ပဋိပက္ခသည် ဆူဒန် တစ်နိုင်ငံတည်းကိုသာ အကျိုး သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ဟု အပြည်ပြည်ဆိုင်ရာ ပဋိပက္ခအဖွဲ့မှ ပညာရှင်တစ်ဦးက သုံးသပ်သည်။

အိမ်နီးချင်း ၅ နိုင်ငံမှ ချဒ်နှင့် တောင်ဆူဒန်တို့သည် ဆူဒန်၏ စစ်မီးကူးစက်မှုနှင့် ရင်ဆိုင်ရနိုင်ခြေ အမြင့်ဆုံးတွင် ရှိနေကာ တိုက်ပွဲများ သက်ဆိုးရှည်လေလေ ပြင်ပမှ ကြားဝင်ခြင်း ပေါ်ပေါက်လာခြင်း မြင့်တက်လာလေဟုလည်း ၎င်းက သုံးသပ်သည်။

ဒေသတစ်လျှောက် လွှမ်းမိုးမှု ရရှိရေးအတွက် အာရပ်ပင်လယ်ကွေ့ နိုင်ငံများသည် မကြာသေးခင် နှစ်များအတွင်း အာဖရိကဦးချိုဒေသသို့ ရောက်ရှိလာခဲ့ကြသည်။

ယူအေအီးသည် RSF နှင့် နီးကပ်သော ဆက်ဆံရေးကို ပိုင်ဆိုင်ထားသည်။ RSF အဖွဲ့သည် ယူအေအီး၊ ဆော်ဒီတို့၏ ယီမင်ရှိ အီရန်ထောက်ပံ့သော ဟူသီသူပုန်များနှင့် တိုက်ပွဲများအတွက်လည်း ၎င်းတို့၏ တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာ ပေးပို့စေလွှတ်ခဲ့သည်။

တစ်ဖက်တွင်လည်း ရုရှားသည် ဆူဒန်ဆိပ်ကမ်းတွင် တပ်သားအင်အား ၃၀၀ နှင့် သင်္ဘော လေးစင်းထားရှိနိုင် သော ရေတပ်အခြေစိုက် စခန်းတစ်ခု တည်ဆောက်ရေး ကာလရှည် စီမံကိန်းများကို ပိုင်ဆိုင်ထားသည်။

ထိုဆိပ်ကမ်းသည် ဥရောပသို့ သင်္ဘောဖြင့် စွမ်းအင်တင်ပို့ရေးအတွက် အရေးပါသော ပင်လယ်နီ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ရှိနေသည်။

ဆူဒန်စစ်ပွဲအတွင်း ကျည်ဒဏ်ရာများနဲ့ အဆောက်အဉီကိုတွေ့ရစဉ်

ရုရှားအစိုးရနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် ဝဂ်နာ ကြေးစားအုပ်စုလည်း ပြီးခဲ့သည့် နှစ်များမှ စတင်ကာ အာဖရိက ဒေသတစ်လျှောက် ဝင်ရောက်လာခဲ့ကာ ဆူဒန်တွင် ၂၀၁၇ ခုနှစ်မှ စတင်ကာ အော်ပရေးရှင်းများ လုပ်ဆောင်လျက် ရှိသည်။
သမ္မတ အယ်လ်-ဘာရှားက အစ္စလာမ္မစ် အစွန်းရောက် အစိုးရကို ဦးဆောင်နေသည့် ၁၉၉၀ နှစ်များတွင် ဆူဒန် သည် ဘင်လာဒင်နှင့် တခြားသော စစ်သွေးကြွများကို လက်ခံထားမှုအတွက် နိုင်ငံတကာအသိုက်အဝိုင်း၏ ဖယ်ကျဉ်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုသို့ ဖယ်ကျဉ်ထားမှုက ၂၀၀၀ နှစ်များတွင် အနောက် ဒါဖာဒေသမှ ပဋိပက္ခများကို ပိုမိုဆိုးရွား လာစေခဲ့ကာ ဆူဒန်အစိုးရတပ်ဖွဲ့များနှင့် ဂျန်ဂျာဝိ တပ်ဖွဲ့များသည် ဒေသတွင်းရှိ သူပုန်များကို နှိမ်နင်းရေးတွင် ရက်စက် ကြမ်းကြုတ်မှုများစွာကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

အယ်လ်-ဘာရှားကိုပင် နိုင်ငံတကာတရားရုံးက အစုလိုက် အပြုံလိုက်သတ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

အစ္စရေးနှင့် ဆက်ဆံရေးကို ရှေ့ဆက် ဆောင်ရွက်ရန် အစိုးရဘက်မှ သဘောတူခဲ့ခြင်းကြောင့် အမေရိကန်သည် ၂၀၂၀ ခုနှစ်တွင် ဆူဒန်၏ အကြမ်းဖက်မှု ထောက်ပံ့ပေးသော နိုင်ငံများစာရင်းမှ ဖယ်ရှားခဲ့သည်။

သို့သော် ဆူဒန်၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဒေါ်လာဘီလီယံများစွာ တန်ချေးငွေများနှင့် အကူအညီ များကိုတော့ ရပ်နားခဲ့သည်။ ထိုအချက်အပြင် ယူကရိန်းစစ်ပွဲ၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုတို့က ဆူဒန်၏ စီးပွားရေးကို ကျဆင်းလာစေခဲ့သည်။

ဆူဒန်၏ စီးပွားရေး အခက်အခဲများကို အနောက်အုပ်စု နိုင်ငံများအတွက် တိုက်ခိုက်နေသော အဖွဲ့များအား အပစ်ရပ်ရေး ဖိအားပေးရန် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းဖြင့် အသုံးပြုနိုင်သည်ဟု ယူဆရသည်။

ဆူဒန်အလံကို ကိုင်ထားသူ တစ်ဦးကိုတွေ့ရစဉ်

သို့သော် ဆူဒန်သည် အာဖရိကဒေသ၏ သယံဇာတ ကြွယ်ဝသော နိုင်ငံများမှ တစ်ခုဖြစ်နေခြင်းကြောင့် လက်နက်ကိုင် တပ်ဖွဲ့များသည် ရှားပါးသော သတ္ထုများနှင့် တခြားသော သဘာဝ သယံဇာတများကို ကုန် သွယ်ခြင်းဖြင့် ၎င်းတို့ကိုယ် ၎င်းတို့ ဖြည့်တင်းမှု လုပ်ဆောင်ကြသည်။

ဒါဂါလိုသည် တစ်ချိန်က ဒါဖာဒေသမှ ကျွဲနွားမွေးဖြူသူ တစ်ဦးဖြစ်ကာ တိရိစ္ဆာန်မွေးမြူရေးနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများစွာကို ပိုင်ဆိုင်ထားသည်။

ထို့အပြင် ၎င်းသည် ယီမင်မှ တိုက်ပွဲများတွင် RSF တပ်ဖွဲ့များကို စေလွှတ်ပေးခြင်းဖြင့် ပင်လယ်ကွေ့ နိုင်ငံများမှ မြိုးမြိုးမြက်မြက် ရရှိထားသည်ဟုလည်း ယူဆရသည်။

ဆူဒန်စစ်တပ်သည် နိုင်ငံ၏ စီးပွားရေး အများစုကို ထိန်းချုပ်ထားကာ မြို့တော်နှင့် နိုင်းမြစ်ကမ်းခြေ တစ်လျှောက် စီးပွားရေး လုပ်ငန်းများစွာကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့အပြင် ၎င်းတို့သည် RSF တပ်ဖွဲ့ဝင်များကို ကုန်းတွင်း ပိုင်းမှ အရိုင်းအစိုင်း စစ်သည်များဟုလည်း ရှုမြင်ထားသည်။

နိုင်ငံရေး ရံပုံငွေများကို ထိန်းချုပ်နိုင်ခြင်းသည်လည်း တိုက်ပွဲ အခြေအနေများထက် မလျော့သော အဆုံးအဖြတ် ပေးနိုင်မှုကို ပိုင်ဆိုင်ထားသည်ဟု ဆူဒန်အရေးကျွမ်းကျင်သူက သုံးသပ်သည်။

ဆူဒန်စစ်တပ်သည် ရွှေတွင်းများနှင့် မှောင်ခိုလမ်းကြောင်းများကို ထိန်းချုပ်လိုနေကာ RSF အဖွဲ့သည် ဆူဒန် ဆိပ်ကမ်းမှ ခါတွမ်သို့ လမ်း အပါအဝင် အရေးပါသော လမ်းကြောင်းများကို ကြားဖြတ်လို နေသည်ဟုလည်း ၎င်းက ပြောသည်။

အမေရိကန်၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အီဂျစ်၊ ပင်လယ်ကွေ့နိုင်ငံများ၊ အာဖရိကသမဂ္ဂနှင့် IGAD ဟုခေါ်သော နိုင်ငံရှစ်ခုပါ အရှေ့အာဖရိက အဖွဲ့တို့ကဲ့သို့ ဆူဒန်ပဋိပက္ခအတွက် ကြားဝင် ဆောင်ရွက်ပေးမည့် နိုင်ငံများ အနေ ဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်မှာ လက်ရှိ စစ်ပွဲ အခြေအနေထက် ပို၍ ရှုပ်ထွေးမှုနှင့် ရင်ဆိုင် ရမည် ဖြစ်သည်။

ပြင်ပ ကြားဝင် စေ့စပ်မှုများ အနေဖြင့် ရဲမရှိသော ယာဉ်ကြော ပိတ်ဆို့မှု တစ်ခုနှင့် ရင်ဆိုင်ရမည့် အခြေအနေတွင် ရှိနေသည်ဟုလည်း ဆူဒန်အရေး ကျွမ်းကျင်သူက ပြောသည်။

Source: AP