CNI Sport Article

၂၀၂၃ ခုနှစ်၊ ဧပြီ ၉

ချယ်လ်ဆီးအသင်းဟာ ငွေကြေး အများအပြား သုံးစွဲခဲ့ပြီး ရလဒ်ပိုင်းတွေ မကောင်းတာကြောင့် နည်းပြ ဂရေဟမ် ပေါ်တာကို ထုတ်ပယ်ခဲ့ပြီးနောက် ကစားသမားဟောင်းနဲ့ နည်းပြဟောင်းလည်းဖြစ်တဲ့ လမ်းပတ်ကို ယာယီနည်းပြ အဖြစ် ရာသီအကုန်ထိ ခန့်အပ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်တွေ ရှာဖွေမှုတွေ ပြုလုပ်နေပြီး နာဂျယ်လ်စမန်း၊ အင်းနရစ်၊ ပိုချက်တီနို စတဲ့ နည်းပြတွေဟာ နာမည်တွေ ထွက်ခဲ့ပေမယ့် တကယ်တမ်းကျတော့ ချယ်လ်ဆီး ပရိသတ်တွေရဲ့ အချစ်တော် လမ်းပတ်ကို ရာသီအကုန်ထိ တာဝန်ယူ ကိုင်တွယ်စေခဲ့ပါတယ်။

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းနဲ့ မစိမ်းတဲ့သူဖြစ်ပြီး အသင်းမှာ ဆယ်စုနှစ်ကျော်ကြာအောင် ကစားကာ ချန်ပီယံလိဂ် အပါအဝင် ဆုဖလား အများအပြားကို ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြအဖြစ် ကိုင်တွယ်ချိန်မှာတော့ ကြီးကြီးမားမား မလုပ်ပြနိုင်ခဲ့ဘဲ ရာထူးကနေ ထုတ်ပယ် ခံရတဲ့အ ထိ ဖြစ်ခဲ့ပါတယ်။ လမ်းပတ်ဟာ ကစားသမားဘဝမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် နည်းပြဘဝမှာတော့ အောင်မြင်မှုတွေ ရယူနိုင်သေးခြင်း မရှိသလို ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အဲဗာတန် အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ် ခံထားရတာပါ။

ပရိသတ် အချို့ကတော့ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို ပထမအကြိမ် ကိုင်တွယ်ချိန်က ကောင်းမွန်တဲ့ အရာတွေကြောင့် အသင်းကို ယာယီကိုင်တွယ်မှာကို အကောင်းမြင်မှုတွေ ရှိနေကြပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ လမ်းပတ်ကိုတွေ့ရစဉ်

ဒါပေမယ့် လမ်းပတ်ရဲ့ အမှားအယွင်းတွေကိုလည်း ထောက်ပြတာတွေတော့ ရှိပါတယ်။ လမ်းပတ်ဟာ ချယ်လ်ဆီး အသင်းကို ပထမအကြိမ် ကိုင်တွယ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လက အသင်းဟာ လူငယ်အကယ်ဒမီ ကစားသမား တွေနဲ့ ပတ်သက်ပြီး ဖီဖာရဲ့စည်းမျဉ်းကို ချိုးဖောက်ခဲ့လို့ အပြောင်းအရွှေ့ ၂ နှစ်ကြာ ပိတ်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ ဒီပိတ်ပင်မှုဟာ ပြည့်သွားခဲ့ပါတယ်။

အဲဒါကြောင့် လမ်းပတ်ဟာ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကြီးကြီးမားမား ပြောင်းလဲမှုတွေကို ကြီးကြပ်ခဲ့ ရတာပါ။ အဲဒီတုန်းက ချယ်လ်ဆီးအသင်းကို အေဘရာမိုဗစ်ချ်က ပိုင်ဆိုင်ထားတာဖြစ်ပြီး လမ်းပတ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၁၀ ကျော် သုံးစွဲခွင့် ပေးခဲ့ပါတယ်။

လန်ဒန်ကလပ်ဟာ ဇီယက်ချ်၊ ဟာဗတ်ဇ်၊ တီမိုဝါနာနဲ့ ဘန်ချီဝဲလ်တို့ကို ပြောင်းရွှေ့ကြေး အများအပြားပေးပြီး ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် လမ်းပတ်ဟာ နာမည်ကြီး ကစားသမား အများအပြားကို ခေါ်ယူထားပေမယ့် အသင်း အကယ်ဒမီထွက် ကစားသမားတွေသာ အဓိကထား အသုံးပြုခဲ့တာပါ။

လမ်းပတ်ဟာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို နေရာအသုံးပြုမှု မှားယွင်းခဲ့ပြီး တီမိုဝါနာဆိုရင် ခြေစွမ်းပြနိုင်ဖို့တောင် ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ တီမိုဝါနာဟာ လိုက်ပ်ဇစ်အသင်းမှာ ကစားခဲ့တုန်းက အထောင်တိုက်စစ်မှူး အဖြစ် ဂိုးအများအပြား သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဒါပေမယ့် လမ်းပတ်ဟာ သူ့ကို တောင်ပံ ကစားသမားအဖြစ် ပွဲအများစုမှာ အသုံးပြုခဲ့တာကြောင့် ဘယ်လိုမှ သက်ရောက်မှုမရှိဘဲ ရုန်းကန်ရင်းနဲ့သာ အချိန်ကုန်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ လမ်းပတ်ဟာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံခဲ့ရတာပါ။

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ချိန်က ဗိုလ်လုပွဲတွေ ကိုင်တွယ်ခွင့် ရခဲ့ပေမယ့် အသင်းကို ဆုဖလား ရရှိအောင် မစွမ်းဆောင် ပေးနိုင်ခဲ့ပါဘူး။

ချယ်လ်ဆီးအသင်း လေ့ကျင့်ခန်းမှာ လမ်းပတ်ကိုတွေ့ရစဉ်

ချယ်လ်ဆီးအသင်းဟာ လမ်းပတ် လက်အောက်မှာ ဗိုလ်လုပွဲ ၂ ကြိမ် ကစားခဲ့ရပေမယ် ၂ ကြိမ်စလုံး အရေးနိမ့် ခဲ့တာ ဖြစ်ပါတယ်။ ပထမဗိုလ်လုပွဲက ၂၀၁၉ ဥရောပ စူပါဖလား ဗိုလ်လုပွဲဖြစ်ပြီး လီဗာပူးလ်ကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့ပါတယ်။

ဒုတိယပွဲကတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို ပထမအကြိမ် ကိုင်တွယ်တုန်းက ဒီလို အမှားအယွင်းတွေ ရှိခဲ့ပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေလည်း ရှိခဲ့ပါတယ်။

လမ်းပတ်ကို ချီးကျူးရမှာက သူဟာ လူငယ်ကြယ်ပွင့်တွကို ယုံယုံကြည်ကြည်နဲ့ နေရာပေးပြီး ကစားခွင့် ပေးခဲ့တာ ပါ။ လမ်းပတ်ဟာ ကော့ဘ်ဟမ်းက ထွက်လာတဲ့ မေဆန်မောင့်စ်၊ အေဘရာဟမ်၊ ရီစီဂျိမ်းစ်နဲ့ ဂီလ်မောတို့ကို ပုံမှန် အသုံးပြုလေ့ရှိတာ ဖြစ်ပါတယ်။

မေဆန်မောင့်စ်ကတော့ လမ်းပတ်နဲ့ ဒါဘီမှာကတည်းက အတူလက်တွဲခဲ့ကြပြီး ချယ်လ်ဆီးမှာလည်း ထပ်ပြီး လက်တွဲခဲ့ရတာကြောင့် မေဆန်မောင့်စ်ဟာ လမ်းပတ် လက်ထက်မှာ အအောင်မြင်ဆုံး ကစားသမား ဖြစ်ခဲ့တာပါ။

မေဆန်မောင့်စ်ဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့် ဒီနှစ် ရာသီမှာတော့ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။ အခု လမ်းပတ် ပြန်လည်ရောက်ရှိလာမှုက မေဆန်မောင့်စ် အတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြန်လည်ပြသနိုင်ဖို့ အထူးအခွင့်အရေးလည်း ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။

လမ်းပတ်ကိုတွေ့ရစဉ်

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို ချစ်တဲ့သူ ဖြစ်တဲ့အတွက် ကလပ်အသင်းက လိုအပ်နေတဲ့ အချိန်မှာ အကူအညီ ပေးနိုင်ဖို့ ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ လူစာရင်းမှာ နာမည်ကြီး ကစားသမားတွေ ပိုပြီး ပါရှိနေတာပါ။

လမ်းပတ်အနေနဲ့ ဂရေဟမ်ပေါ်တာ လက်ထက်က ချောင်ထိုး ခံထားရတဲ့ အူဘာမီယန်း၊ ဇီယက်ချ်တို့ကို သူတို့ရဲ့ အကောင်းဆုံးပုံစံတွေ ပြန်ရဖို့အတွက် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

လမ်းပတ်အတွက် လက်ကျန် ကာလအပိုင်းအခြားမှာ အဓိကစိန်ခေါ်မှုတွေက လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရ ဖို့ပါ။ လက်ရှိ ပရီးမီးယားလိဂ်မှာ ဒီလိုရဖို့က ခက်ခဲတဲ့ အနေအထားမှာ ရှိတာကြောင့် လမ်းပတ်အနေနဲ့ ချန်ပီယံလိဂ်ကနေ ဒီအခွင့်အရေးကို ယူနိုင်ဖို့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။

လမ်းပတ်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာသာ ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့မယ်ဆိုရင်တော့ ဒုတိယအကြိမ် ကိုင်တွယ် မှုဟာ အောင်မြင်သွားမှာဖြစ်ပြီး ချယ်လ်ဆီးအသင်း ရှာဖွေနေတဲ့ အမြဲတမ်းနည်းပြဟာ လမ်းပတ်အတွက် ဖြစ်သွား မယ်ဆိုတာ သေချာသွားမှာ ဖြစ်ပါတယ်။

Source: Daily Mail