CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၃

လာမည့် ဧပြီ ၁ ရက်နေ့မှ စတင်၍ ၂၁ ရက်နေ့အထိ ခမ်းခမ်းနားနားဖြင့် ကျင်းပသွားမည့် ထိုင်းသင်္ကြန်ကို မြန်မာနိုင်ငံမှ စိတ်ဝင်စားမှု များနေပြီး သွားရောက်ဆင်နွှဲရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေ ကြသည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ထားသည်မှာ မကြာသေးသည့် ဆွန်ကရန်(ဆုန်ကရန်) သင်္ကြန်ပွဲတော်ဖြစ်သည်။

၂၀၂၄ သင်္ကြန်ပွဲတော်သည် ထိုင်းနိုင်ငံ၏ သမိုင်းတလျှောက်တွင် အကြီးကျယ်ဆုံးနှင့် အခမ်းအနားဆုံး ဖြစ်လာမည်ဟု ထိုင်းအစိုးရက ကြေညာထားသည်။

လက်ရှိတွင် ထိုင်းသင်္ကြန်ကို ဆင်နွှဲရန်အတွက် လေယာဉ်လက်မှတ် အရောင်းဌာနများနှင့် ပြည်ပခရီးသွား ဝန်ဆောင်မှုကုမ္ပဏီများတွင် လေယာဉ်လက်မှတ်သည် ပြည့်နေပြီဖြစ်ကြောင်း၊ ထိုင်းသင်္ကြန်ကို လက်ရှိတွင် တစ်ကမ္ဘာလုံးမှ ခရီးသွားများက စိတ်ဝင်စားလျက်ရှိနေပြီး မြန်မာနိုင်ငံမှ ခရီးသွားများလည်း ပါဝင်နေသည်ဟု Myanmar Voyages International Tourism ၏ မန်နေဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

 ထိုင်းသင်္ကြန်ကို တွေ့ရစဉ်

၎င်းက “၉ ရက်၊ ၁၀ ရက်ထဲက လေယာဉ်တွေ ပြည့်နေပြီ။ ဆရာတို့ ကုမ္ပဏီမှာလည်း နေ့စဉ် လက်မှတ်တွေ ထုတ် ပေးနေရတာ ဧပြီအထိကို ပြည့်နေပြီ။ ရန်ကုန် - ဘန်ကောက် လေယာဉ်ရော၊ စင်္ကာပူတို့ဘာတို့၊ မလေးရှားတို့ရော၊ မလေးရှားက အခုနောက်ပိုင်း ကန့်သတ်လိုက်တော့ သိပ်ပြီး မရှိတော့ဘူး။ သွားတော့ သွားကြတာပေါ့နော်။ မလေးရှားလည်း နောက်ပိုင်း မြန်မာတွေကို ကန့်သတ်လိုက်ပြီလေ။ ထိုင်းကတော့ လောလောဆယ် တံခါးဖွင့် ပေးနေတာပေါ့နော်။ ထိုင်းကတော့ မနှစ်ကကတည်းက သူက လုပ်စားလိုက်တာလေ။ ပြန်ဖွင့်တဲ့အချိန်မှာ သူက သင်္ကြန်ကို အကြီးအကျယ် သူက လုပ်လိုက်တော့ တစ်ကမ္ဘာလုံးက အာရုံစိုက်တော့ လာတော့ မနှစ်ကတည်းက သူက ၂၅ သန်းလောက် ဝင်သွားတယ်လေ။ တရုတ်တွေချည်းပဲ ၈ သန်းလောက်မကဘူး ဝင်သွားတယ်။ ဒီနှစ် ကတော့ မြန်မာတွေလည်း ပါမှာပေါ့နော်။ package Tour အနေနဲ့ သွားတာတော့ သိပ်မရှိဘူး။ ဘာလို့ဆို ထိုင်းက တော့ ကိုယ့်ဘာကိုယ်ပဲ သွားတတ်နေတယ်လေ။ တော်တော်များများ Tour Guide တွေနဲ့ သွားတဲ့ဟာ ရှိတော့ ရှိတယ် သိပ်ရှားတယ်။ ကိုယ့်ဘာသာကိုယ် သွားတာတော့ များတယ်။ ဘယ်လောက် သွားမယ်ဆိုတာတော့ မသိ ဘူး။ ကိုရီးယားတို့၊ ဂျပန်တို့ လွှတ်မယ့်ခရီးစဉ်တွေတော့ တွေ့ရတယ်၊ Europe ဘက် သွားတာတွေလည်း တွေ့ရ တယ်” ဟု ပြောသည်။

ထိုင်းသင်္ကြန်ကို လည်ပတ်ရန်အတွက် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးမှ ပြည်သူများက စိတ်ဝင်စားမှုများ နေ ကြောင်း၊ မန္တလေးက ပို၍များပြားကြောင်း သိရသည်။

ထိုင်းသင်္ကြန်ကို လေယာဉ်ခရီးစဉ်ဖြင့် သွားရောက်ရန် စီစဉ်နေမှုများ ရှိသည့်အပြင် အဖွဲ့လိုက်ဖြင့် ကုန်လမ်းကနေ လည်း သွားရောက်လည်ပတ်ရန် စီစဉ်နေမှုများလည်း ရှိနေသည်။

သို့သော်လည်း လက်ရှိတွင် ထိုင်း - မြန်မာ နယ်စပ်လမ်းကြောင်း တလျှောက်၌ တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းကြောင့် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ချင့်ချိန်နေရသည်ဟု မန္တလေးမှ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

 ထိုင်းသင်္ကြန်ကို တွေ့ရစဉ်

၎င်းက “နှစ်ဆန်း ၁ ရက်နေ့ကတော့ ထိုင်းသင်္ကြန်နဲ့ သူ့ရဲ့ နေ့ပေါ့နော်။ သူတို့ အပျော်ဆုံး ကစားတဲ့နေ့ပေါ့။ အဲဒီ နှစ်ဆန်း ၁ ရက်နေ့ကို မှီပြီးတော့မှ သွားဖို့ လုပ်နေတာပဲ။ စိတ်ဝင်စားတာတော့ ဆက်သွယ်နေတာတော့ ရှိတာပေါ့ နော်။ ခရီးစဉ်က သွားနေကျကိုး။ ပူတာအိုတို့၊ တာချီလိတ်တို့၊ ကော့သောင်းတို့က သွားနေကျကိုး။ ဆိုတော့ ပရိသတ်က ရှိပြီးသား။ ဒါပေမယ့် ၂၀ ရက်နေ့လောက်မှ သုံးသပ်လို့ရမယ်။ ရန်ကုန်ကလည်း စိတ်ဝင်စားတယ်၊ မန္တလေးကတော့ ပိုများတာပေါ့။ လမ်းပန်းဆက်သွယ်မှု အဆင်ပြေရင်တော့ ကားလမ်းနဲ့ သွားမယ်။ လေယာဉ်ပျံ ကျတော့ လောလောဆယ် လေယာဉ်ပျံက နည်းနည်း ခက်တယ်လေ။ ကားနဲ့ သွားဖို့ပဲ စီစဉ်နေတာ။ လေယာဉ်ပျံ က ဈေးကြီးတာလေ။ ၃ သိန်းလောက်ဆိုတော့ အသွားအပြန် ၆ သိန်းလောက် ဖြစ်သွားမယ်။ လည်မယ်၊ ပတ်မယ်၊ ၁၀ သိန်းလောက်ဆိုတော့ ဗုဒ္ဓဂါယာ သွားသလို ဖြစ်နေမှာ။ အဲဒါလည်း စဉ်းစားရမှာ၊ ကားကျတော့ အဲဒီလောက် သိပ်မရှိဘူးလေ။ ကားကို လမ်းဖွင့်မဖွင့်၊ အခုတော့ သွားနေကြတာပေါ့။ အများနဲ့သွားမယ်ဆိုတဲ့ အခါကျတော့ သူတို့ရဲ့ သွားလာနိုင်တဲ့ အခြေအနေကို နည်းနည်း ချင့်ချိန်ရမှာပေါ့” ဟု ပြောသည်။

ထိုင်းသင်္ကြန်ကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရီးသွားကုန်စည် ပြပွဲများကလည်း စိတ်ဝင်စားလျက်ရှိနေပြီး အကျိုးရှိရှိ အသုံးချဖို့ ပြင်ဆင်လျက် ရှိနေသည်။

ကိုဗစ်ဖြစ်ပွားမှုကြောင့် ခရီးသွားဝင်ရောက်မှုများ ကျဆင်းခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှ စတင်၍ ထိုင်းနိုင်ငံသည် သင်္ကြန်ကာလကို အသုံးချကာ ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ခရီးသွားဝင်ရောက်မှု သည် သန်း ၂၀ ကျော်ခဲ့သည်ကို တွေ့ရှိရသည်။

ယခုနှစ်တွင်လည်း ထိုင်းသင်္ကြန်သည် ယူနက်စကို စာရင်းဝင်ထားပြီ ဖြစ်သည့်အတွက် ယခုနှစ် သင်္ကြန်ကာလ သည် ခရီးသွားပို၍ ဝင်ရောက်လာမည် ဖြစ်သည်ဟု ထိုင်းနိုင်ငံက မျှော်မှန်းထားလျက် ရှိနေသည်။