CNI International News

ဘန်ကောက်၊ မတ်လ ၂

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က မတ်လ ၁ ရက်တွင် “Thailand Vision 2030” အမည်ရှိ အစီအစဉ်တစ်ခုကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုအစီအစဉ်အရ ထိုင်းနိုင်ငံကို ၂၀၃၀ ပြည့်နှစ်တွင် ဒေသတွင်း လေကြောင်းလိုင်းများ အဝင်/အထွက် များပြား သည့် ကြီးမားသော လေကြောင်း အချက်အချာကျသည့် နေရာတစ်ခုအဖြစ် ထူထောင်ရန်ဖြစ်သည်။

တစ်နှစ်လျှင် နိုင်ငံတကာခရီးသည် သန်း ၁၅၀ ကျော်ကို စီမံထိန်းသိမ်းနိုင်ရန် ရည်ရွယ်ထားသည်။

နိုင်ငံပိုင် ရုပ်သံလိုင်း NBT နှင့် လူမှုမီဒီယာ ပလက်ဖောင်းများတွင် တိုက်ရိုက်ထုတ်လွှင့်သည့် မိန့်ခွန်း၌ ဆရီသာက ထိုင်းနိုင်ငံကို အာရှ-ပစိဖိတ်ဒေသတစ်လျှောက် လေကြောင်းခရီးစဉ်များ ချိတ်ဆက်ပေးသော အဓိက အချက်အချာ ကျသည့် နေရာတစ်ခုဖြစ်လာစေရန် မျှော်မှန်းထားကြောင်းနှင့် ကမ္ဘာ့ထိပ်သီး လေကြောင်း သယ်ယူပို့ဆောင်ရေး နှင့် ဖြန့်ချိရေးစင်တာ ၁၀ နေရာစာရင်းတွင် ပါဝင်လာစေရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ထိုင်းအစိုးရသည် ထိုင်းနိုင်ငံ၏ လေဆိပ်များကို ၅ နှစ်အတွင်း ကမ္ဘာ့ထိပ်သီး လေဆိပ် ၂၀ စာရင်းတွင် ပြန်လည် ပါဝင်လာစေရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး အထူးသဖြင့် ထိုင်းပြည်သူ့လေဆိပ်များ ကုမ္ပဏီလိမိတက် (AOT) ၏ စီမံခန့်ခွဲမှုအောက်ရှိ လေဆိပ် ၆ ခုကို အဆင့်မြှင့်တင် မွမ်းမံသွားမည်ဖြစ်ကြောင်း ဆရီသာက ပြောသည်။

ထိုလေဆိပ် ၆ ခုမှာ သု၀ဏ္ဏဘူမိ (Suvarnabhumi) ၊ ဒွန်မောင်း (Don Mueang)၊ ချင်းမိုင် (Chiang Mai)၊ မေ့ဖာလောင်-ချင်းရိုင် (Mae Fah Luang- Chiang Rai) ၊ ဖူးခက် (Phuket) နှင့် ဟတ်ယိုင် (Hat Yai) လေဆိပ်များဖြစ်သည်။

ဆရီသာ၏ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် AOT ကုမ္ပဏီ၏ဥက္ကဋ္ဌ ကီရာတီ ကီဂျ်မာနာဝတ် (Kerati Kijmanawat) က ထိုအစီအစဉ်ကို “Ignite Thailand, Aviation Hub” အမည်ရှိ လှုပ်ရှားမှုအောက်တွင် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

လေဆိပ်များ၏ ဝန်ဆောင်မှုများ မြန်ဆန်စေရေးနှင့် အရည်အသွေး ကောင်းမွန်စေရေးတို့ကို ဦးစားပေး လုပ်ဆောင်မည်ဟုလည်း ၎င်းက ဆိုသည်။

ထိုင်းတွင် လာမည့်လ၌ ကျင်းပမည့် ဆွန်ကရန် ရေကစားပွဲတော်အတွက် လေဆိပ်ဝန်ဆောင်မှုများကို ပိုမို ကောင်းမွန်စေရန် စီမံထားပြီး လေဆိပ်များတွင် လုံခြုံရေးစစ်ဆေးမှုနှင့် ခရီးသည်များကို ကူညီထောက်ပံ့ ပေးရန်အတွက် ဝန်ထမ်းပေါင်း ၈၀၀ ကျော်ကို စုဆောင်းထားကြောင်းလည်း ကီရာတီက ပြောသည်။

ထိုဝန်ထမ်းများသည် မတ်လ ၃၀ ရက်မှစပြီး အလှည့်ကျ အလုပ်ချိန်ဖြင့် စတင် တာဝန်ထမ်းဆောင်မည်ဟုလည်း ကီရာတီက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်