CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၄

ပုဂံဒေသသို့ လာ‌ရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပြသရမည့်အပြင် ကာကွယ်ဆေးမထိုးထားသူဖြစ်ပါက အခကြေးငွေမယူဘဲ အခမဲ့ထိုးပေးနေကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယင်းသို့ ထိုးနှံပြီးပါကလည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသည့် လက်မှတ်ပေးကြောင်း ခရိုင်ပြည့်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးတင်မောင်ချိုက CNI သတင်းဌာနသို့ ပြောသည်။

“အခုလောလောဆယ်ထိုးနေတာတော့ covidshield တွေထိုးနေတာပေါ့။ အဓိကကတော့ ကျနော်တို့က ဒီ ရောဂါ ကို ထိန်းချုပ်နိုင်ဖို့ပေါ့။ ထိန်းချုပ်နိုင်မှုနှုန်းရယ်၊ ကူးစက်မှုနှုန်းရယ်တွေကို လျှော့ချဖို့ပေါ့။ ကာကွယ်ဆေးထိုးထား တာမရှိဘူးဆိုရင် ကူးစက်ရောဂါတစ်ခုကို ထိန်းနိုင်ဖို့အတွက် ခက်တယ်လေ။ အဲဒါကြောင့် ကာကွယ်ဆေးထိုးတာ အဓိကထားပြီး ပြောပါတယ်။ နောက်သူတို့ကို မိမိဒေသမှာ ပထမအကြိမ်ထိုးလာပြီးတော့ ဒုတိယအကြိမ် မထိုးရ သေးတဲ့သူတွေအတွက် ဒီမှာတစ်ခါတည်းထိုးလိုက်တဲ့အတွက် သူတို့ကာကွယ်ဆေးအကြိမ်ပြည့်ရသွားတာပေါ့” ဟု ပြောသည်။

ပုဂံဒေသသို့ ခရီးသွားများလာရောက်သည့်အခါတွင် မြို့အဝင်၌ သက်ဆိုင်ရာကျန်းမာရေးမှူး၊ ထွေအုပ် စသည့် သက်ဆိုင်ရာအဖွဲ့တို့ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုး၊ မထိုး စစ်ဆေးကာ မထိုးရသေးသူများကိုမူ ကိုဗစ်ကာကွယ် ဆေးထိုးပေးနေခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးပြီးမှသာ မြို့ထဲသို့ လည်ပတ်နိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က CNI သတင်း ဌာနသို့ပြောသည်။

လက်ရှိတွင် သင်္ကြန်ပိတ်ရက်ကာလများအတွက် ကမ်းခြေဒေသများတွင် ဟိုတယ်ဘိုကင်များပြည့်နှက်နေသဖြင့် အချို့ခရီးထွက်မည့်သူများအနေဖြင့် ပုဂံဒေသသို့ သွားရောက်လည်ပတ်ရန် လုပ်ဆောင်နေကြကာ ဟိုတယ်ဘိုကင် ယူထားမှုများ များပြားကြောင်း ၎င်းကဆက်ပြောသည်။

ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က “ဖွင့်လှစ်ထားတဲ့ ဟိုတယ်တွေမှာ ကျနော်လိုက်ပြီးတော့မှ မေးကြည့် တယ်။ မေးကြည့်တဲ့အခါကျတော့ အတော်အသင့် ဘိုကင်တွေလုပ်ထားတာရှိပါတယ်။ အဲဒီလို ဘိုကင် တင်တာ တွေ တချို့ဟိုတယ်တွေများတဲ့အတွက် confirm လုပ်ဖို့အထိကို ဒါမျိုးလေးတွေ အနေအထားလေးတွေ ရှိပါတယ်။ သင်္ကြန်ကာလမှာတော့ ပုဂံ‌ဒေသမှာ ဧည့်သည်တွေ ပုံမှန်ထက်စာရင် ‌တော်တော်များများ လာရောက် လည်ပတ် မယ်လို့ ကျနော်တို့ မျှော်လင့်ရပါတယ်။ အခုလည်း ဘိုကင်တွေ တော်တော်များများ တင်နေတာကို ကျနော်တို့ တွေ့ရှိရပါတယ်”ဟု ပြောသည်။

ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု အဓိကနေရာများဖြစ်သည့် ရွှေစည်းခုံ၊ ဗူးဘုရား စသည်တို့တွင် စာရင်း ကောက်ယူကာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် တစ်ထောင်ကျော် ဝင်ရောက်ကြောင်းလည်း သိရသည်။

ခရီးသွားဧည့်သည်များအနေဖြင့် ရုံးဖွင့်ရက်များတွင် လာရောက်လည်ပတ်မှုသည် ရုံးပိတ်ရက်ကာလတို့ထက် နည်းကာ ရုံးပိတ်ရက်များတွင် ခရီးသွားဝင်ရောက်မှုသည် တစ်ရက်လျှင် နှစ်ထောင်ကျော်ရှိကြောင်း သိရသည်။