CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၈

ရှမ်းပြည်နယ်သို့ သင်္ကြန်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွား ဝင်ရောက်မှုသည် ကိုဗစ် - ၁၉ ကပ်ရောဂါ မဖြစ်ပွားခင်ကာလ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းခန့် များပြားသည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။

ရှမ်းပြည်နယ်အတွင်းသို့ ခရီးသွား ၇၅၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး၊ ပြည်တွင်းခရီးသွား ၇၂၀၀၀ ကျော်နှင့် နိုင်ငံခြား သား ခရီးသွား ၄၃၀၀ ကျော် ဝင်ရောက်ခဲ့သည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တောင်ကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာ အဆိုတော် ဝိုင်းစုခိုင်သိန်း သင်္ကြန်တွင်း ဖျော်ဖြေနေစဉ်

ကိုထင်အောင်နိုင်က “ကျနော်တို့ ၂၀၁၉ မှာလည်း ရေပေါ်သင်္ကြန် တစ်ခါ လုပ်ခဲ့ဖူးပါတယ်။ အခုကတော့ ဒုတိယ အကြိမ် လုပ်တာပေါ့နော်။ အဲဒီတုန်းကတော့ လာတော့ လာကြပါတယ်။ အဲဒီတုန်းကလည်း နိုင်ငံခြားသားက လည်း ကိုဗစ် မတိုင်ခင်ဆိုတော့ ပိုများတယ်။ local ကတော့ လာတော့ လာကြတယ်။ ဒါပေမယ့် အခု တစ်ခါက ပိုများတယ် ၂၀ ရာခိုင်နှုန်းလောက် ပိုများတယ်။ ဒီမှာတော့ အဓိကတော့ ရှမ်းပြည်နယ် ၈ ရက်နေ့ သင်္ကြန် ရုံးပိတ် ရက်ကို ၈ ရက်ကနေ မနေ့ကအထိကို ကျနော်တို့ ဟိုတယ်ခရီးကို တည်းခိုခဲ့တဲ့ ဧည့်သည်ကတော့ ၇၅၀၀၀ ကျော် ရှိပါတယ်ဗျ။ အတိအကျဆိုရင် အားလုံးပေါင်း ၇၆၅၁၇ ယောက်၊ နိုင်ငံခြားသားက ၄၃၂၀ ယောက်ပါပါတယ်။ local က ၇၂၁၉၇ ယောက်” ဟု ပြောသည်။

၂၀၁၉ သင်္ကြန်ကာလတုန်းက ရှမ်းပြည်နယ်သို့ ခရီးသွား ၂၇၀၆၂ ဦးသာ ဝင်ရောက်ခဲ့သည်။ ထို့နောက် တခြားသော နှစ်များတွင် ကိုဗစ်ကာလဖြစ်၍ သင်္ကြန်ပွဲတော် ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၏ စာရင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ခရီးသွားဝင်ရောက်မှုသည် ၅ သောင်း ကျော်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းပါ ပေါင်းလိုက်ပါက ၇၆၅၁၇ ဦး ဝင်ရောက်ခဲ့သည်။

သို့သော် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန အပြင် စည်ပင်သာယာရေးမှ ခွင့်ပြုပေးထားသည့် ဟိုတယ်နှင့် တည်းခို ရိပ်သာများတွင် အခန်းများ ပြည့်သွား၍ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များတွင် တည်းခိုကြသည့် ခရီးသွား မှာ ၂ သိန်းကျော်ရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာ L ဆိုင်းဇီးဖျော်ဖြေနေစဉ်

ဦးထင်အောင်နိုင်က “ရှမ်းပြည်နယ် တောင်ပိုင်းကတော့ အများဆုံးပဲ။ ကျနော်တို့ ဒီဘက်မှာ ကလော၊ အင်းလေး၊ တောင်ကြီး ဒီဧရိယာ လာတဲ့လူတွေက များတယ်လေ။ နောက် ဒီဘက်က လာရင်လည်း လွယ်ကူတာကိုး။ လွယ်ကူတဲ့အတွက် ရှမ်းပြည်နယ် တောင်ပိုင်းဆိုရင် local က ၄၈၆၂၁ ယောက် ဝင်တယ်။ foreigner ၇၄၅ ယောက် ဝင်တယ်ပေါ့လေ။ စုစုပေါင်း ၄၉၀၀၀ ပေါ့ ၅ သောင်းလောက် ဝင်တယ်ပေါ့နော်။ ရှမ်းပြည်နယ် အရှေ့ပိုင်း ဆိုရင် ၁၁၃၈၉ ယောက် ဝင်တယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းဆိုရင် ၁၅၇၅၃ ယောက်ဝင်တယ်။ ရှမ်း ပြည်နယ် တောင်ပိုင်းကတော့ ပိုများတာပေါ့။ ဘယ်လိုဖြစ်သွားလဲဆိုတော့ ပြောရရင် ကျနော်တို့ရဲ့ ဟိုတယ်ခရီးရဲ့ ဟိုတယ်၊ တည်းခိုခန်းတွေလည်း ပြည့်တယ်။ စည်ပင်ရဲ့ တည်းခိုခန်းတွေလည်း ပြည့်တဲ့အပြင်ကို နောက်ဆုံး သက်ဆိုင်ရာ မိတ်ဆွေအိမ်တွေ၊ သက်ဆိုင်ရာ ဘုန်းကြီးကျောင်းတွေ၊ ဒီစာရင်းဇယားတွေ ကျနော်တို့ မကောက် နိုင်ပါဘူး တကယ်တမ်းပြောရရင်။ တကယ်တမ်း ပြောရရင်တော့ ကျနော်တို့ ရှမ်းပြည်နယ် တောင်ပိုင်းကို ဝင်တဲ့ ဧည့်သည်က သိန်းဂဏန်း ရှိပါတယ်ဗျ။ ကျနော် ထင်ပါတယ်ဗျ။ ရှမ်းပြည်နယ် တောင်ပိုင်းကို ဝင်တဲ့ဧည့်သည်က အနည်းဆုံး ၂ သိန်းနဲ့ ၃ သိန်းကြားတော့ ရှိပါမယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု အနေဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ ပိုမိုဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အများဆုံးဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ ခွင့်ပြုပေးထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၂၈ လုံး၊ အခန်းပေါင်း ၁၆၀၀၀ ကျော်နှင့်၊ စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုပေးထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံး ၅၀၀ ရှိကြောင်း သိရသည်။