CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆

ထိုင်းနိုင်ငံသို့ ရုရှားခရီးသွား ဝင်ရောက်မှုသည် ယခု ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း တစ်သန်းနီးပါး ရှိခဲ့သော်လည်း မြန်မာနိုင်ငံသို့ ရုရှားခရီးသွား ဝင်ရောက်မှုမှာ နှစ်ထောင်နီးပါးခန့်သာ ရှိသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းအရ မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ဝင်ရောက်သည့် ရုရှားခရီးသွားဦးရေမှာ ၁၈၉၆ ဦးရှိပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့် ရုရှားခရီးသွား နှုန်းထားနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် သုည ဒဿမ နှစ်ရာခိုင်နှုန်းခန့်သာ ရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်ကာ မြန်မာ-ရုရှား ခရီးသွားကဏ္ဍမြှင့်တင်ရေးများ ဆက်တိုက်ဆောင်ရွက်နေခြင်း ဖြစ်ပြီး လေကြောင်းတိုက်ရိုက်ပြေးဆွဲခြင်းများလည်း စတင်နေပြီဖြစ်သော်လည်း ယခုကဲ့သို့ ကိန်းကဏန်းအရ နည်းပါးနေရခြင်း၏ အကြောင်းတရားအား သိရှိရန် လိုအပ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။ 

“ထိုင်းကကြတော့ ခရီးသွားနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေကို အများကြီး ဖြေလျှော့ထားတာတွေ ရှိတယ်။ ဗီဇာ ဆိုလည်း သူတို့ ရက် ၉၀ လျှော့ပေးတာတွေရှိတယ်။ ထိုင်းနိုင်ငံက သူတို့ လုပ်နေတာသည် ဘယ်ခရီးသွားကို target ပေါ့နော်၊ ဘယ်ခရီးသွားရဲ့ market ကို လိုချင်တာလဲ။ အဲဒီ market က ဘာလိုအပ်သလဲဆိုတာကို သူတို့က သိတယ်။ သိတဲ့အတွက် သူတို့ အဲဒါကို ဖြေလျှော့ပေးတယ်။ နိုင်ငံတော်ကလည်း လုပ်ပိုင်ခွင့် အပြည့်အဝပေး တယ်။ အားသွန်ခွန်စိုက် ပူးပေါင်းပြီး လုပ်ကြတယ်ပေါ့။ အဲဒါကြောင့် ထိုင်းက ကျနော်တို့ထက် အားသာတယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ ခရီးစဉ်ဖော်ဆောင်မှုတွေ၊ သူတို့ရဲ့ facility တွေ၊ ပြီးတော့ ဈေးနှုန်းကွာဟချက်တွေ၊ ရုရှား နိုင်ငံရဲ့ စိတ်ဝင်စားမှုတွေ အများကြီးနဲ့တော့ ဆိုင်တယ်။ ကျနော်တို့နိုင်ငံက အများကြီးလိုအပ်သေးတာကို ခရီးသွား လုပ်ငန်း ထိုင်းကို မီဖို့ဆိုတာလေ။ ကျနော်တို့ စနစ်တွေပြောင်းရမယ်။ ဖွင့်ပေးသင့်တာ ဖွင့်ပေးရမယ်။ သူတို့လုံခြုံအောင် ကျနော်တို့တွေ အများကြီးလုပ်ပေးရမယ်။ လိုအပ်ချက်ကတော့ အများကြီးရှိပါသေးတယ် ကျနော်တို့ဆီမှာ။ ဒါပေမယ့် လာဖို့အတွက်ကြတော့ သူတို့ဘာလိုချင်လဲ။ သူတို့ ကျနော်တို့နိုင်ငံကို ဘာတွေ စိတ်ဝင်စားသလဲဆိုတာ သိဖို့လည်း လိုအပ်တယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ၌ ရုရှားခရီးသွားများကို တွေ့ရစဉ်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံသို့ ရုရှား ခရီးသွားဝင်ရောက်မှုသည် ၇၈၀ ဦး ခန့်သာရှိခဲ့ရာမှ ယခုနှစ်တွင် နှစ်ဆကျော်ခန့် ကိန်းကဏန်းအရ မြင့်တက်သွားသော်လည်း တိုးတက်မှုနှုန်းမှာ နည်းပါးကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များက ထောက်ပြကြသည်။

ထိုင်းသို့ ယခုနှစ်အတွင်း ရုရှားခရီးသွား တစ်သန်းနီးပါးခန့် ဝင်ရောက်ခြင်းသည် ထိုင်းနိုင်ငံ အနေအထားနှင့် နှိုင်းယှဉ်ပါက နည်းပါးသေးသည့်အရေအတွက်သာဖြစ်ကြောင်းနှင့် စစ်ဖြစ်နေသည့် ရုရှားနိုင်ငံမှ ယခုကဲ့သို့ ဝင်ရောက်လာစေရန် ထိုင်းနိုင်ငံမှ အသုံးပြုသည့် မဟာဗျူဟာများအား လေ့လာသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

“သူတို့သုံးတာတွေကတော့ ထိုင်းမှာ ရုရှားတွေကို return visa ပေးတယ်။ Free တွေ ပေးတယ်။ သုံးလ နေခွင့် ပေးတယ်။ တစ်နှစ်နေခွင့်ပေးတယ်။ နောက်တစ်ခါ ဟိုတယ်တွေမှာတင် မကဘဲနဲ့ beach တွေ ဘာတွေမှာ long stay apartment ကြီးတွေမှာ home stay သဘောမျိုးနဲ့ နေခွင့်ပေးတယ်။ ဟိုတယ်ဆိုတာကတော့ သိတဲ့အတိုင်း ခဏတစ်ဖြုတ်လာတဲ့လူတွေလောက်ပဲ ကောင်းတယ်လေ။ ရေရှည်ကြတော့ ဈေးလည်းကြီးတယ်။ ကိုယ့်အိမ်မှာ နေရသလို အခွင့်အရေးမျိုးတွေလုပ်တယ်ပေါ့ ရုရှားတွေ၊ နောက်လာတဲ့ လူတွေကိုလည်း ပျော်ပါးအောင် Nightlife တွေလုပ်ပေးတယ်။ shopping တွေ အထူးသဖြင့် ရုရှားတွေက ‌ပျော်ပါး သောက်တာစားတာ ဈေးဝယ်တာတွေ ကြမ်းတယ်။ အဲဒီလိုလူတွေအတွက်ကို ဖန်တီးပေးတော့ သူက ပြန်ပွင့်တဲ့အချိန်မှာ သွားကြတာပေါ့။ မြန်မာ ကြတော့ အခုမှ ငပလီမှာလုပ်မလား၊ ဟိုဟာမှာလုပ်မလားဆိုတာပဲ ရှိသေးတာ။ သူတို့မက်လောက်တဲ့ Nightlife မျိုးမရှိသေးဘူးပေါ့။ နောက် ဒီမှာရှိတဲ့ ဟိုတယ်တွေက ဈေးတော့အကြီးကြီးမဟုတ်ပေမယ့် သူတို့အတွက် လုံခြုံမှုပေါ့။ လုံခြုံမှုကြတော့ ထိုင်းမှာကြတော့ ဘာလုပ်လုပ် လုံခြုံမှု ရှိသေးတယ် Tourist Police တွေက။ ဒီမှာကြတော့ လုံခြုံမှုဆိုတာ အာမမခံနိုင်ဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ရုရှားခရီးသွားများမှာ Tourist Visa ဖြင့် လာကြခြင်းဖြစ်သော်လည်း ၎င်းတို့နိုင်ငံ စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ကာ အကျိုးစီးပွားအတွက် လာရောက်ကြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အပန်းဖြေ သုံးဖြုန်းရန် လာခြင်းထက် အသုံးချရန်အတွက် လာကြခြင်းသာဖြစ်ကြောင်း၊ ထိုသို့သော ခရီးသွားများအား မကြိုဆိုကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များက ထောက်ပြကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဝင်ရောက်မှုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ၈၀၂၂၁ ဦးရှိကာ ပြီးခဲ့သည့် ကာလတူနှင့်နှိုင်းယှဉ်ပါက ခုနှစ်သောင်းကျော် တိုးလာသည်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

ထို့အပြင် လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုများ၌ ရုရှား၊ ထိုင်း၊ တရုတ် ခရီးသွားများနည်းတူ အိန္ဒိယခရီးသွားနှုန်းထားမှာ တိုးလာနိုင်ဖွယ်ရှိကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင် များက သုံးသပ်သည်။