CNI International News

ဘေဂျင်း၊ ဒီဇင်ဘာ ၂၉

တရုတ်အစိုးရသည်ခရီးသွားပတ်စ်ပို့များကိုပြန်လည်ထုတ်ပေးတော့မည်ဟု AP သတင်းတွင် ဖော်ပြသည်။ ယင်းက ကိုဗစ်တားဆီးရေးထိန်းချုပ်မှုများကို ဖြေလျော့မှုဆိုင်ရာ ကြီးမားသည့် ခြေလှမ်းအသစ်တစ်ခုဖြစ်ပြီး လာမည့်လ နှစ်ကူးအချိန်တွင် နိုင်ငံခြားထွက်မည့် တရုတ်ခရီးသွားအရေအတွက်လည်း မြင့်တက်လာဖွယ်ရှိနေသည်။

အင်္ဂါနေ့ကြေညာချက်က ကျဆင်းနေသော စီးပွားရေးအခြေအနေကို ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းမှုလည်း ဖြစ်သည်။ တရုတ်အစိုးသည် နိုင်ငံတွင်း ကိုဗစ်ရောဂါပျံ့နှံ့နေခြင်းကို တာဆီးရန် ကမ္ဘာပေါ်တွင် အတင်းကြပ်ဆုံး ထိန်းချုပ်ရေး စည်းမျဉ်းများကို ချမှတ်ခဲ့သည်။

ထိုထိန်းချုပ်မှုများကြောင့် ကိုဗစ်ကူးစက်နှုန်းမှာ လျော့ကျခဲ့သော်ငြားလည်း ပြည်သူများမှ ၎င်းတို့နေအိမ်များ တွင်သာ ကာလရှည်ပိတ်လှောင်ခံထားရခြင်းကြောင့် အမျက်ဒေါသထွက်ခဲ့ကြပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုလည်း ထိခိုက်ခဲ့သည်။ ယခုကဲ့သို့ ပတ်စ်ပို့ဆိုင်ရာ ဖြေလျော့မှုကြောင့် ဇန်နဝါရီ ၂၂ ရက်တွင် စတင်မည့် နှစ်ကူးကာလတွင် တရုတ်ခရီးသွားများ၊ အာရှနှင့် ဥရောပဒေသများသို့ ခရီးသွားများ မြင့်တက်လာဖို့ ရှိနေသည်။ သို့သော် လက်ရှိတရုတ်နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုများ မြင့်တက်နေခြင်းကြောင့် ခရီးသွားများသည် ရောဂါပျံ့နှံ့စေမည်ကိုလည်း စိုးရိမ်မှုများရှိနေသည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဂျန်ဇီ ပြည်နယ်ရှိ လေဆိပ်တွင် နိုဝင်ဘာ ၁ ရက်နေ့က ခရီးသည်များကို တွေ့ရစဉ် (ဓါတ်ပုံ-အေပီ)

အင်္ဂါနေ့ကြေညာချက်ကြောင့် နိုင်ငံတကာလက်မှတ်များကို ဘွတ်ကင်လုပ်ခြင်းနှင့် ဗီဇာဆိုင်ရာ အချက်အလက် များကို ရှာဖွေခြင်းတို့မှာ ငါးဆမှ ရှစ်ဆအထိမြင့်တက်လာသည်ဟု ခရီးသွားဝန်ဆောင်မှုကုမ္ပဏီနှစ်ခုက ပြောသည်။

တရုတ်ခရီးသွားများ အများဆုံးသဘောကျကြသည်မှာ ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ဖြစ်သည်။ သို့သော် ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့်ထိုင်ဝမ်တို့သည် တရုတ်တွင် ဗိုင်းရပ်စ် ကူးစက်မှုနှုန်းပြန်လည်မြင့်တက်နေခြင်းကို တုန့်ပြန်ရန် တရုတ်နိုင်ငံမှလာသော ဧည့်သည်များကို ရောဂါ စမ်းသပ်မှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။ တရုတ်အစိုးရသည် ကိုဗစ်ရောဂါ စတင်ပြန့်ပွားလာသည့် ၂၀၂၀ ခုနှစ် အစပိုင်းကတည်းက နိုင်ငံခြားသားများအတွက် ဗီဇာထုတ်ပေးခြင်းနှင့် နိုင်ငံသားများအတွက် ပတ်စ်ပို့ ထုတ်ပေးခြင်းတို့ကို ရပ်တန့်လိုက်သည်။

နိုင်ငံခြားသွားမည့် ခရီးသွားများအတွက် လျှောက်လွှာများကို ဇန်နဝါရီ ၈ ရက်တွင် စတင်လက်ခံသွားမည်ဟု တရုတ်အမျိုးသားလူဝင်မှုကြီးကြပ်ရေးအေဂျင်စီက ပြောသည်။ ဗီဇာသက်တမ်းတိုးခြင်း၊ အသစ်ပြန်လုပ်ခြင်း သို့မဟုတ် ပြန်ထုတ်ခြင်းများကိုလည်းဆောင်ရွက်သွားမည်ဟု အေဂျင်စီကပြောသော်လည်း မည်သည့်အချိန်တွင် စတင်မည်ကိုတော့ မပြောထားပေ။ ဒါ့အပြင် နိုင်ငံခြားသားဧည့်သည်များကိုလည်း ပြန်လည်လက်ခံသွားမည်ဟု သိရသော်လည်း မည်သည့်အချိန်တွင် စတင်မည်ကို မသိရသေးပေ။

ယခုကဲ့သို့ပြောင်းလဲမှုများက နယ်စပ်ဖြတ် ကျော်ခရီးသွားလာမှုများအတွက် ပိုကောင်းသောအခြေအနေကို ဖန်တီးပေးကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုအတွက် ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းစေလိမ့်မည်ဟုလည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်း (Wang Wenbin) က ပြောသည်။

Source:AP