CNI International News

ကိယက်ဗ်၊ ဧပြီ ၁

ရုရှားတပ်ဖွဲ့ဝင်များသည် ၎င်းတို့တစ်လကျော်ကြာ ထိန်းချုပ်ထားခဲ့သော ချာနိုဘိုင်း နျူကလီးယားစက်ရုံကို မတ်လ ၃၁ ရက် က ယူကရိန်းနိုင်ငံသားများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ထွက်ခွာသွားခဲ့ကြကြောင်း ယူကရိန်းအာဏာပိုင်များက ပြော ကြားသည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

တစ်ချိန်တည်းမှာပင် ကိယက်ဗ်မြို့တော် အစွန်အဖျား ဒေသများနှင့် တခြားစစ်မျက်နှာတွင်လည်း တိုက်ပွဲများ ပြင်းထန် နေဆဲ ရှိသည်။

ရုရှားစစ်သားများသည် ပိတ်ဆို့ထားသော အဆိုပါစက်ရုံတဝိုက်ရှိ သစ်တောအတွင်း ကတုတ်ကျင်းများ တူးရာမှ ဓာတ်ရောင် ခြည် ဖြာထွက်မှု သိသိသာသာ ခံစားရပြီးနောက် ယခုကဲ့သို့ ချာနိုင်ဘိုင်းကို ကျောခိုင်းခဲ့ကြောင်း ယူကရိန်းအစိုးရပိုင် အဏုမြူစွမ်းအင်လုပ်ငန်းဖြစ်သည့် အင်နာဂိုတွန် (Energoatom)က ပြောကြားခဲ့သည်။

ကရင်မလင်သည် ယူကရိန်းပြည်တွင်း၌ တင်းမာမှုများ လျော့ကျရေးအတွက် လက်ရှိ ဆွေးနွေးနေမှုကို အရံအတားအဖြစ် အသုံးချနေပြီး ယူကရိန်းအရှေ့ပိုင်း ထိုးစစ်ဆင်ရန် တပ်ဖြန့်နေစဉ် တခြားစစ်မျက်နှာများမှ ဆုတ်သွားသည့် အရိပ်အယောင် များ ပြသနေခဲ့သည်။

ရုရှားတပ်ဖွဲ့များ

နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းတို့မှ ရုရှားတပ်များ ပြန်ဆုတ်ပေးနေခြင်းသည် စစ်ရေးဗျူဟာမျှသာဖြစ်ပြီး အရှေ့တောင် ဘက်သို့ စစ်မျက်နှာသစ်ဖွင့်ရန် တပ်အင်အား စုစည်းတည်ဆောက်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ပြောကြားခဲ့သည်။

ရုရှားစစ်ကြောင်း ၂ ကြောင်းသည် ချာနိုဘိုင်းစက်ရုံမှ ဆုတ်ခွာပြီ ဘယ်လာရုစ် နယ်စပ်အနီးသို့ ဦးတည်ရွေ့လျားခဲ့သည်ဟု ယူကရိန်းအစိုးရပိုင် အဏုမြူစွမ်းအင်လုပ်ငန်းဖြစ်သည့် အင်နာဂိုတွန်၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားလျက် vice.com ဝက်ဘ်ဆိုက်က ဖော်ပြသည်။

“ယနေ့နံနက်တွင် ကျူးကျော်သူများသည် ချာနိုဘိုင်း နျူကလီးယားသုံး ဓာတ်အားပေးစက်ရုံမှ ယူကရိန်းဝန်ထမ်းများကို ၎င်းတို့ ထွက်ခွာတော့မည့်အကြောင်း အသိပေးကြေညာခဲ့ကြောင်း” အဆိုပါစက်ရုံ၏ တယ်လီဂရမ်ချန်နယ်တွင် လွှင့်တင် ထားသော ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ရုရှား ပြည်သူများ

၎င်းတို့ဆုတ်ခွာမှုသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်အတွင်း ထင်ရှားသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။

ဖေဖော်ဝါရီ ၂၄ ရက် ရုရှားထိုးစစ် စတင်စဉ်ကပင် သမိုင်းဝင် ချာနိုဘိုင်း စက်ရုံထဲသို့ ပထမဆုံး ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် နျူကလီးယားအရေး နောက်ဆက်တွဲ အကျိုးဆက်များအပေါ် စိုးရိမ်စရာများ တိုးပွားလာစေခဲ့သည်။

အဆိုပါစက်ရုံကို ရုရှားကျူးကျော် သိမ်းပိုက်ထားစဉ် တလျှောက်လုံး စက်ရုံဝန်ထမ်းများကို ဓားစာခံအဖြစ် ချုပ်နှောင်ထားခဲ့ ကြောင်း၊ စက်ရုံပုံမှန် ထိန်းသိမ်းရေး အစီအစဉ်နှင့် ဘေးကင်းစေမည့် အစီအမံများကို ရုရှားစစ်သားများ မလိုက်နာခဲ့ကြောင်း ယူကရိန်းအစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

Source: AP, vice.com