CNI International News

မော်စကို၊ ဇန်နဝါရီ ၂၀

ရုရှားသာ ယူကရိန်းစစ်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင် နျူကလီးယားစစ်ပွဲအထိ ဖြစ်လာနိုင်သည်ဟု ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က နေတိုးအဖွဲ့ကို သတိပေးလိုက်သည်။၎င်းသည် သမ္မတပူတင်နှင့် အနီးကပ်ဆက်ဆံရေးရှိသူလည်းဖြစ်သည်။

နျူကလီးယားပိုင်ရှင် နိုင်ငံတစ်ခုရှုံးနိမ့်မှုသည် နျူကလီးယားစစ်ပွဲတစ်ခုကို ဖြစ်စေနိုင်သည်ဟု မက်ဗီဒက်ဗ်က တယ်လီဂရမ်ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။၎င်းသည် ပူတင်၏ အင်အားကြီးလုံခြုံရေးကောင်စီတွင် လက်ထောက်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။ နျူကလီးယားပိုင်ရှင်သည် ၎င်းတို့ ကံကြမ္မာပေါ်မူတည်နေသည့် ပဋိပက္ခကြီးများတွင် မည်သည့်အခါတွင်မှ ရှုံးနိမ့်မည်မဟုတ်ဟုလည်း သမ္မတ ဟောင်းက ပြောသည်။

ယူကရိန်းကို ထောက်ပံ့ပေးရေးအတွက် ဂျာမနီတွင်ဆွေးနွေးမည့် စစ်ဘက်ဆိုင်ရာ မဟာမိတ်အဖွဲ့များနှင့် အနောက်အုပ်စုမှ ကာကွယ်ရေးခေါင်းဆောင်များအနေဖြင့် ၎င်းမူဝါဒ၏ အန္တရာယ်နှင့် ပတ်သက်ကာ စဉ်းစား သင့်ကြောင်းလည်း ၎င်းက သတိပေးသည်။အဆိုပါ ပြောဆိုမှုများကို ရုရှားအစိုးရဘက်မှလည်း ထောက်ခံခဲ့ကာ မက်ဗီဒက်ဗ်၏ ပြောစကားများသည် ၎င်းတို့၏ နည်းလမ်းများနှင့် ကိုက်ညီမှုရှိသည်ဟု ပြောသည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတစ်ခုတွင် နျူကလီးယားလက်နက်များကို ထုတ်ဖော်ပြသခဲ့စဉ်(ဓါတ်ပုံ-အေပီ)

ရုရှားအစိုးရ၏ မူဝါဒအရ နိုင်ငံ၏တည်ရှိမှုကို ခြိမ်းခြောက်လာသော သမားရိုးကျလက်နက်များနှင့်သော်လည်း ကောင်း ရုရှားနိုင်ငံအပေါ် ရန်လိုမှုများကို နျူကလီးယားလက်နက်ဖြင့် တုန့်ပြန်ရန်သော်လည်းကောင်း ခွင့်ပြုချက် ပေးသည်။ အသက် ၅၇ နှစ်အရွယ် မက်ဗီဒက်ဗ်သည် ယခင်က အမေရိကန်နှင့်ပူးပေါင်းကာ ရုရှားနိုင်ငံအား လစ်ဘရယ်စနစ်သို့ ပြောင်းလဲရေးအတွက် အဆင်သင့်ဖြစ်နေသော ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ၎င်းကို၎င်း ဖော်ပြခဲ့သော်လည်း လက်ရှိအချိန်တွင်တော့ ပူတင်၏အတွင်းစည်းမှ လူသိရှင်ကြား ရန်လိုသူတစ်ဦးအဖြစ် ပြောင်းလဲလာခဲ့သည်။

ယူကရိန်းစစ်ပွဲ စတင်ချိန်ကတည်းက ၎င်းသည် နျူကလီးယားလက်နက်အသုံးပြုရေးနှင့်ပတ်သက်သည်များကို ထပ်ဖန်တလဲလဲ ပြောဆိုခဲ့ရုံမက အနောက်အုပ်စုကိုလည်း စဉ်ဆက်မပြတ် ပြစ်တင်ရှုတ်ချခဲ့သူဖြစ်သည်။

လက်ရှိအချိန်တွင် အင်အားအကြီးဆုံးနျူကလီးယားပိုင်ရှင်နိုင်ငံနှစ်ခုဖြစ်သော ရုရှားနှင့်အမေရိကန်တို့သည် ကမ္ဘာ့နျူကလီးယားလက်နက်များ၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားသည်။ အမေရိကန်သိပ္ပံပညာရှင်များ အဖွဲ့၏ ထုတ်ပြန်ချက်အရ ရုရှားတွင် နျူကလီးယားဒုံးကျည်ထိပ်ဖူး ၅၉၇၇၊ အမေရိကန်တွင် ၅၄၂၈၊ တရုတ်တွင် ၃၅၀၊ ပြင်သစ်တွင် ၂၉၀နှင့် ဗြိတိန်တွင် ၂၂၅ ခု ရှိသည်ဟု သိရသည်။ ရုရှား၏ နျူကလီးယားအသုံးပြုရေးတွင် သမ္မတပူတင်သည် ဆုံးဖြတ်ပိုင်ခွင့်ရှိသူဖြစ်သည်။
ရုရှားဘက်ကသာ အမှန်တကယ်နျူကလီးယားလက်နက် အသုံးပြုလာလျှင် မည်သို့တုန့်ပြန်မည်လဲ ဆိုသည်နှင့်ပတ်သက်၍ အမေရိကန်ဘက်မှ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပေ။

သမားရိုးကျလက်နက်များနှင့်ပတ်သက်လျှင် နေတိုးသည် ရုရှားထက် အင်အားသာလွန်သော်ငြား နျူကလီးယား လက်နက်အရေးတွင်မူ ရုရှားသည် နေတိုးအဖွဲ့ထက်ပို၍ အင်အားကောင်းနေသည်။

Source:Aljazeera