CNI International News

ဘူချာ၊ ဧပြီ ၄

ရုရှားစစ်သားများ ဆုတ်ခွာသွားပြီးနောက် ကိယက်ဗ်မြို့တော်အနီးရှိ မြို့တစ်မြို့တွင် လက်ပြန်ကြိုး အတုပ်ခံထားရခြင်း၊ အနီး ကပ် ပစ်ခတ်ခံရပြီး နှိပ်စက်ခံထားရခြင်း စသည့် ဒဏ်ရာများဖြင့် လူသေအလောင်းများ ပြန့်ကြဲလျက် ကျန်ရှိနေခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားသည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ဆုတ်ခွာသွားသော ရုရှားတပ်များသည် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ပြီးနောက် သွေးပျက်ခြောက်ခြားစရာ မြင်ကွင်းများကို ချန်ရစ်ထားခဲ့ကြောင်း ယူကရိန်းက ဧပြီ ၃ ရက်တွင် စွပ်စွဲခဲ့သည်။

အဆိုပါအလောင်းများ ပြန့်ကြဲနေခဲ့သည့် ဘူချာမြို့မှ ဓာတ်ပုံများ ထွက်ပေါ်လာချိန်တွင် ရက်စက်ယုတ်မာသည့် လုပ်ရပ်များကို ဥရောပခေါင်းဆောင် အသီးသီးက ရှုတ်ချခဲ့ကြပြီး မော်စကိုအပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တောင်းဆိုခဲ့ကြသည်။

အဆိုပါ ကြောက်မက်ဖွယ် သတင်းများကြောင့် ခေါင်းဆောင်အများအပြား တုန်လှုပ်ခဲ့ကြပြီး ဂျာမနီကာကွယ်ရေးဝန်ကြီးက ရုရှားဓာတ်ငွေ့တင်သွင်းမှုကို တားမြစ်ဖို့ ဥရောပသမဂ္ဂအနေဖြင့် စဉ်းစားရန် အကြံပြုတိုက်တွန်းခဲ့သည်။

မကြာသေးမီက ရုရှားဘက်မှ ပြန်သိမ်းနိုင်ခဲ့သည့် ကိယက်ဗ်မြို့တော်နှင့် အနီးတဝိုက်မြို့များတွင် အရပ်သား အလောင်းပေါင်း ၄၁၀ တွေ့ခဲ့ရကြောင်း ယူကရိန်းအာဏာပိုင်များက ပြောသည်။

ဘူချာမြို့ပျက်ကြီး (AP)

အေပီမှ သတင်းထောက်များသည် မြို့တော်၏ အနောက်မြောက်ဘက်ရှိ ဘူချာမြို့တွင် နေရာမျိုးစုံ၌ အနည်းဆုံး လူ ၂၁ ဦး၏ အလောင်းများကို မြင်တွေ့ခဲ့ရသည်။ အလောင်းများကို အရပ် အဝတ်အစားများဖြင့် ပြန့်ကြဲလျက် တွေ့မြင်ခဲ့ရပြီး ထိုနေရာကို ရုရှားတပ်များ အခြေစိုက်တပ်စွဲရန် အသုံးပြုခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ပြန်ကြိုး အတုပ်ခံရထားသော အလောင်းတစ်လောင်းအပြင် နောက်တစ်လောင်း၌ ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် ပစ်သတ် ခံထားရကြောင်း၊ နောက်ထပ် တွေ့ရသော အလောင်းတစ်လောင်း၏ ခြေထောက်ကို ကြိုးဖြင့် တုပ်ထားကြောင်း တွေ့ရသည်။

အဆိုပါ သတ်ဖြတ်မှုများအတွက် ရုရှားတပ်များကို ယူကရိန်းတာဝန်ရှိသူများက အပြစ်ပုံချခဲ့ပြီး သမ္မတက လူမျိုးသုဉ်း သတ် ဖြတ်မှု သက်သေများဟု ပြောကြားခဲ့သည်။ သို့သော် ယင်းပြောကြားချက်ကို ရန်စခြင်းအဖြစ် ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပယ်ချခဲ့သည်။

မော်စကိုသည် ယူကရိန်းအရှေ့ပိုင်းသို့ ပြောင်းရွှေ့၍ ထိုးစစ်ဆင်နေကြောင်း၊ ကျူးကျော်စစ်စတင်ချိန်မှ မတ်လ ၃၀ ရက်အထိ ဘူချာမြို့တွင် ရုရှားတို့ တပ်စွဲခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

Source: AP