CNI International News

မော်စကို၊ ဩဂုတ် ၁၃

သမ္မတ ဗလာဒီမာပူတင်အပေါ် ရုရှားနိုင်ငံသားများ၏ ယုံကြည်မှုအဆင့်သည် သီတင်းတစ်ပတ်အတွင်း (၀ ဒသမ ၅) ရာခိုင်နှုန်းမှ (၈၁ ဒသမ ၃) ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ရုရှား လူထုသဘောထား သုတေသနဌာန၏ စစ်တမ်းတစ်စောင်ကို ကိုးကားလျက် ရုရှားနိုင်ငံအခြေစိုက် တာ့စ်သတင်း ဌာနမှ ရေးသားဖော်ပြသည်။

“ပူတင်အပေါ် သူတို့ရဲ့ယုံကြည်မှုကို မေးမြန်းတဲ့အခါ ပါဝင်ဖြေဆိုကြတဲ့ ရုရှားနိုင်ငံသား (၈၁ ဒသမ ၃) ရာခိုင်နှုန်း က ယုံကြည်ပါတယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ အဲဒီအဖြေဟာ အရင်တစ်ပတ်က (၀ ဒသမ ၅) ရာခိုင်နှုန်းပဲ ရှိခဲ့တာ ပါ” ဟု အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။

သမ္မတ၏လုပ်ဆောင်ချက်များကို ထောက်ခံသည့်အဆင့်မှာ တစ်ပတ်အတွင်း ၇၈ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ကြောင်း ယခုဩဂုတ် ၁ ရက်မှ ၇ ရက်အထိ ရုရှားနိုင်ငံသား အရွယ်ရောက်သူပေါင်း ၁,၆၀၀ ကို ဝင်ရောက်ဖြေဆိုစေခဲ့သော စစ်တမ်းရလဒ်က ဖော်ပြသည်။

ယခင် ရက်သတ္တပတ်အတွက် ဝန်ကြီးချုပ်နှင့် ရုရှားအစိုးရ၏လုပ်ဆောင်ချက်များကို အပြုသဘောဆောင်သည့် အကဲဖြတ်မှုနှုန်းများကတော့ ၅၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၅၂ ဒသမ ၂ ရာခိုင်နှုန်းသို့ အသီးသီး ကျဆင်းသွားခဲ့သည်။

သမ္မတ ပူတင်နှင့် ရုရှားနိုင်ငံသားများ(ဓါတ်ပုံ-EPA)

ရုရှားဝန်ကြီးချုပ် မီခေးလ်မစ်ရှုစတင် (Mikhail Mishustin) အပေါ် တစ်ပတ်အတွင်း စစ်တမ်းဖြေဆိုသူ ၆၃ ဒသမ ၁ ရာခိုင်နှုန်းတို့က ယုံကြည်သည်ဟု တွေ့ရသည်။

ထို့ပြင် ဖြေဆိုသူများသည် လွှတ်တော်အကြီးအကဲများအပေါ် ၎င်းတို့၏ယုံကြည်မှုအဆင့်ကို ဆက်လက်ဖော်ထုတ် ပြသခဲ့ကြသည်။

ရုရှားဖက်ဒရေးရှင်းကွန်မြူနစ်ပါတီ (CPRF) ခေါင်းဆောင်၊ အောက်လွှတ်တော်အမတ် ဂျနဒီဇူဂါနော့ဗ်ကို ယုံကြည် မှုရာခိုင်နှုန်းမှာ တစ်ပတ်အတွင်း ၃၃ ဒသမ ၈ ဖြစ်ပြီး A Just Russia ပါတီ၊ အောက်လွှတ်တော်အမတ်ကိုတော့ ၃၁ ဒသမ ၃ ရာခိုင်နှုန်း ယုံကြည်ကြသည်။

New People ပါတီ‌ခေါင်းဆောင် အဲလက်ဇီနီခါယက်ဗ်ကို တပတ်အတွင်း ယုံကြည်မှု ၁၁ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း စစ်တမ်းဖြေဆိုသူများက အမှတ်ပေးခဲ့ကြပြီး ရုရှားလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDPR) ခေါင်းဆောင် လီယိုနစ်စလုစကီကို ၁၈ ဒသမ ၆ ရာခိုင်နှုန်းအထိ ယုံကြည်ကြကြောင်း သိရသည်။

ပါတီအားဖြင့် ရုရှားပေါင်းစည်း (United Russia) ပါတီအတွက် ထောက်ခံမှုအဆင့်မှာ တစ်ပတ်အတွင်း ၄၀ ဒသမ ၇ ရာခိုင်နှုန်းတွေ့ရပြီး CPRF ကတော့ ၁၀ ဒသမ ၈ ရာခိုင်နှုန်းသာ ထောက်ခံမှုရရှိခဲ့သည်။

Source: တာ့စ်သတင်းဌာန